Sunday, December 25, 2011

မေတ္တာသီဖွဲ့ခဲ့တယ်....ကြားလေသွေးတောင်မှ.....ဝေးမှာစိုး












စာတွေစီမေတ္တာဖွဲ့
သမုဒယနဲ့နှောင်တွယ်
ရှောင်ဖယ်ကာတိမ်း
စိမ်းသလိုလားကွယ်
ယိမ်းနွဲ့ သူပိုလို့အားငယ်
ချစ်တယ်ကွယ်ရို့
တွေးလေတိုင်းစိုးရွံ့ ပိုကဲ
မေတ္တာဖွဲ့ သီမိတဲ့ငနဲ.......

အမှန်ဆိုအမူပို
သူရယ်လေရှောင်ဖယ်တိမ်း
ဖြူမာယာအသာလိမ်းလို့
ရင်နင့်အောင်အသာပြုစား
နှောင်တွယ်ကာပိုချစ်လေအား
ရှောင်ဖယ်ကာသူပစ်လေမလားလို့
တွေးရခက်သူရင်အစုံမှာ
ကျွမ်းလောင်လုဆဲ.........

မေတ္တာသီစာစီကာဖွဲ့
ယာယီပါကွယ့်မုန်းမျက်နှာ
ပြုံးလာတဲ့အခါဝယ်
မုန်းပါနဲ့ကညာရယ်
ရင်တွင်းမှတိုးလျွှိုးသံ
သူရင်ကကြားတဲ့အခါ
မေတ္တာတွေစီသီကာထပ်တယ်
အိုကွယ်........မောင့်ရဲ့ ရင်ထဲ

အပျော်ပြုံးနဲ့မျက်နှာ
မြင်ရသူရင်မှာနွေးစေတော့
ဆောင်းဦးစရက်များ
ချစ်ကြင်သူများအပြုံးနဲ့
လောကကိုမထီတရီကြည့်ခဲ့ကြ
ပြောသမျှကိုအတည်မှီလိုက်ခဲ့ကြ
ပျော်သမျှရယ်....မော်ကြွားမလားကွယ်
သည်ကမ္ဘာမှာချစ်ခဲ့တာ
သူမှသူပါပဲကွယ်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာမြတ်နိုး
ချစ်မိုးစွေသည်းစေတော့ရယ်
သည်နှင်းမှုန်ငွေရည်အောက်ဝယ်
မေတ္တာတွေအထပ်ထပ်သီကာဖွဲ့တယ်
ချစ်မြတ်နိုးမှုမှတ်တမ်းစကား
တမ်းတခြင်းတွေနဲ့
လွမ်းစကားတွေပိုခဲ့
တစ်ညလောက်ဝေးမိယင်တောင်မှ
တမ်းတစကားတွေဆိုခဲ့
တစ်ရက်လောက်ခွဲမိယင်တောင်မှ.
လွမ်းမိကြောင်းစာတွေစီခဲ့
ချစ်သူရေ....ရက်ဆက်မြတ်နိုး
ချစ်ခြင်းတွေသီ
မေတ္တာတွေစီကာပေးမယ်
မင်းအတွက်ထာဝရ.........။     ။

Tuesday, December 20, 2011

ချစ်ခြင်းသီတဲ့ကြိုး


တချို့ကတော့
နှောင်ဖွဲ့ရစ်ပတ်
မာယာအတတ်နဲ့
သွေးဆောင်ဖျားယောင်း
အလွမ်းတွေသီလို့
ချည်ခဲ့သည့်သည်ကြိုး
နှောင်ကြိုးတဲ့လေ~~~~~

တချို့ ကတော့
သည်းနှလုံးကို
ဖောက်လို့ချည်ခဲ့
သီခဲ့သည့်ကြိုး
သံယောဇဉ်ကြိုးတဲ့~~~~~

ထားပါတော့လေ
ရင်အစုံကို
ဖြတ်ဖောက်ချုပ်သီ
ချည်ချင်လည်းချည်စေတော့
မပြီပြင်လည်း
သီစေတော့ကွယ်
အချစ်နဲ့နှောင်တွယ်
သမုဒယနဲ့ရစ်ပတ်
(သည်းပွတ်လေး)နဲ့
ချည်နှောင်ထားတဲ့ကြိုး
ချစ်ခြင်းသီတဲ့ကြိုးလို့သာ~~~~~~

Tuesday, December 13, 2011

မလွမ်းရ















ကြွေချင်ကြွေလေ..
မင်းသဘောပေါ့
တားမြစ်ပိုင်ခွင့်
အလျဉ်းမရှိသူရယ်ပါ~~~~~

ဝေချင်ဝေလေ
မင်းရဲ့ စိတ်ကြိုက်
အနားမှာနေ
တိုးတိုးဖော်ဖြစ်
အချစ်တွေပံ့ပိုး
အလွမ်းမိုးမသည်းတဲ့
နေ့ရက်တွေလေ
ညှိုးမလျော့မီ~~~~

တေလေပဲလား
တွေဝေဆဲလား
အပါးမှာ
ဖ၀ါးမှမခွာပါ
သည်းမြညှာရယ်
တကယ်ဆိုတော့
လက်တွဲဖော်ပေါ့ကွယ်~~~~

ပြောလို့မှမယုံယင်
ကြုံဖူးမှသိမယ်
အလွမ်းတရားတွေထားရစ်ခဲ့
ဟိုး....အဝေးမှာ
ကျန်ခဲ့စေလေ
တွယ်တာနှောင်ရစ်
တိုးချစ်တတ်စေ~~~~

Thursday, December 1, 2011

ပုံသဏ္ဍန်မပြောင်းတဲ့ရင်ခွင်ဟောင်း


နှင်းရေ
မင်းလားကွယ်
တံခါးမခေါက်ပဲ
ရင်ထဲကိုတိုးတိုက်ဝင်လာ
လဒီဇင်္ဘာရယ်လေ........

နော့ဗကိုတွေ့လျှင်
တမ်းတငိုတတ်
မကျေနပ်တဲ့အဖြစ်
အချစ်သင့်ခဲ့သလား
ထင်မှတ်မှားဆဲတွေဝေမှု.......

လျှောက်လေလွမ်းလေ
တမ်းမက်တွယ်ငြိတတ်သော
စိတ်ခန္ဓာ၏ကိုယ်စား
တွေဝေမိုက်မဲခြင်းတွေ
နေရာယူနေလင့်......

မြူခိုးတို့
ကြွေလင့်စောတဲ့
သည်ရာသီချိန်ကာလ၌
တစ်ချိန်ကပျော်မြူး
ချစ်ရည်လူးခဲ့ကြဖူးသော
ကာလရှည်လျား
ရက်လရှည်ကြာ
နှစ်အသွင်ပြောင်းလည်း
မမေ့တတ်ခြင်း
မေ့လျော့ခြင်းငှာ
မစွမ်းဆောင်နိုင်ခြင်းနှင့်အတူ..........

အမုန်းသည်းခဲ့ရသော
အချစ်ဦး၏ရင်ခွင်ကို
အောက်မေ့တမ်းတ
သတိရမိ...........။     ။

Tuesday, November 15, 2011

ဘလော့ဂါတွေပြောတဲ့ပုံပြင်





ဘာမှမပြောချင်ပါဘူး
ချစ်တတ်တဲ့
စိတ်လေးတစ်ခုတည်းနဲ့
မနေ့ကစပယ်ပွင့်ပေမယ့်
ဒီနေ့မှာမပွင့်တော့
မနေ့က
နှင်းဆီပွင့်ဖတ်တွေကြွေတော့
ဒီနေ့ နှင်းဆီတစ်ဖူး
သူခူးလာခဲ့
ဘာပဲဖြစ်ဖြစ်
ငါတို့ပျံသန်းခြင်းတွေအတွက်
မနက်ဖြန်ဆိုတာရှိရမယ်
မနက်ဖန် မရှိဘူးဆိုယင်တောင်မှ
ငါတို့ပျံသန်းခြင်းတွေက
အလကားတော့မဖြစ်ပါဘူး
စကားလုံးတွေနဲ့
ကုတ်ခြစ်ခဲ့ကြ
ကြမ်းရှရှ ပင့်ကူအိမ်စာမျက်နှာ
ဟိုမှာအဖော်တစ်သင်း
ဒီမှာသူငယ်ချင်းတွေ.....
ဝေးမြေခြားလည်း
နီးနေကြဆဲပေါ့.........

ဘာပဲဖြစ်ဖြစ်ပေါ့
ငါတို့တွေဆက်ပြီး
ပျံသန်းကြ
ကုတ်ခြစ်ကြမယ်
လေဟုန်ကိုခွဲလို့
ပရော့ဆီတွေကျော်လို့
မရရတဲ့နည်းနဲ့
သမိုင်းအဖြစ်ကုတ်ခြစ်ယင်းနဲ့
ဒါဏ်ရာရတဲ့သူကရလို့
နာကျင်နေတဲ့သူတွေကနာကျင်လို့
ခရီးအတွင်တွင်ထွက်ကြ
ဤခရီးနီးသလားဆိုပြီး
လှမ်းခဲ့ကြ
ဘာလိုလိုနဲ့နှစ်ပေါင်း
များခဲ့ပြီပဲ..........

မနက်ဖန်မိုးမရွာလဲ
ငါကျေနပ်ပါတယ်
မနက်ဖန် မီးမလာလဲ
ငါကျေနပ်ပါတယ်
မနက်ဖန်..ကွန်နက်ရှင်နှေး........လဲ
ငါကျေနပ်ပါတယ်
မနက်ဖန်........             ..........လဲ
ငါကျေနပ်ပါတယ်
ဘာပဲဖြစ်ဖြစ်
အခန်းထဲလှောင်ပိတ်မထားကြပါနဲ့
မွန်းတတ်လို့ပါ
ဒါပေမယ့်
ဒီအခန်းထက်ကျယ်တဲ့နယ်ပယ်
ဘယ်မှာရှိဦးမလဲ
ဘာပဲဖြစ်ဖြစ်
ငါတို့ကဖားသူငယ်တွေပါ......။     ။

Wednesday, November 9, 2011

သက်တန့်ဖျားကငှက်ကလေးသို့(၆)











သင်းကြည်ချိုမြ
နှင်းဆီလိုလှတဲ့မေ
အပြုံးတွေဝေ
ရင်မှာလေလှိုက်မော
ချစ်မိသောဘ၀မှာ
ရင်ရဲ့တခွင်တပြင်မှာ
ညည်းသာပိုင်စိုး
အနိုင်နဲ့ပဲမိုးရော့......

ခပ်လှုပ်လှုပ်ပါကွယ်
မခုန်တတ်တော့တဲ့ရင်
မင်းအသွင်တွေ့တော့မှ
ထပ်တူညီမြဲ
ရယ်ပွဲဖွဲ့ဖြစ်တဲ့
နေ့ညတွေလေ
အမှတ်တရရှိဆဲ
ထင်ရစ်ခဲ့ဘူးသော
ရင်ကခြေရာ
အမှတ်မှားခြင်းတော့
မဟုတ်စေနဲ့ပေါ့ကွယ်........

တခုတ်တရကဗျာ
စာလွှာတွေတွေး
နှလုံးသားရေးလား
ထင်မှတ်မှားယုံပဲလေ
စိတ်ဖြေသာယုံ
ကျေနပ်ယုံမျှ
နှစ်သိမ့်မှုသာ
ပေးသနားလျှင်
နေပျော်ပြီထင်
ငှက်အသွင်တောင်ပံဖြန့်လို့
ငါ့ရင်ခွင်နားခိုလှည့်ပါ
မဆိုသာသောဘဝ
ရင်ခွင်ထဲကညတွေ
တွေးမိတိုင်းလျှင်
ဘ၀င်ကြည်နူး
နေဖူးချင်ရဲ့.........

သက်တန့်ရောင်ဝါ
ရင်မှာရိုက်ခတ်
နွေလည်မိုးမှ
မြင်တွေ့တတ်သော
ပုံရိပ်ရောင်ဝါ
လင်းဖြာရောင်စဉ်
မြင်လျှင်ကြိုးညှိ
တီးခတ်မိချင်
ရင်သိသံစဉ်
ချိုချင်ပါရဲ့
ညည်း မိလေသော
ကာရံနဘေထပ်တွေ
သံစဉ်သွတ်သွင်း
သီချင်းဖြစ်စေ
မင်းတွက်ပေမို့........

ရောင်စဉ်ဖြာလက်သော
ကမ်းလက်တို့
တွန့်မဆုတ်မီကြား
သခင့်ထံပါး
အခစားရောက်ချင်
တွေဝေသော
မက်မောတပ်မက်မှု
မှုန်ဝါးလေသော
ပိုင်ဆိုင်တဲ့ညများ
မာယာဖြူနဲ့
ညှို့ယူဖမ်းစားခြင်း
အတတ်ပညာ
ရင်မှာအနေထိုင်
မတတ်ခြင်းများ
နေရာယူရယ်ပွဲဖွဲ့
တတ်လေသော
ငြူစူစောင်းမြောင်း
ပြောဆိုတတ်လေသော
အငိုလွယ်လျှက်
အရှိုက်ခက်သော
အလှမ်းဝေးလွန်းလှသော
ပန်းကလေးသာ
ဖြစ်နေပါတော့
မောင့်သခင်...........။     ။

Thursday, November 3, 2011

စွန့်လွှတ်ထားလျှက်တပ်မက်မိသော


ဘ၀ဆိုတာ
နေပျော်ပါတယ်
တွယ်တာတမ်းမက်
လွမ်းရက်တွေ
မရှိယင်တောင်မှ
နွမ်းလျက်ဖြေစရာ
အတွေးတွေနဲ့
ကမ်းလက်တွေ
သေချာခဲ့သဘောဟာ
ပြောပြလို့ကုန်ဖွယ်မရှိပါပြီ.........

တစ်ကယ်တော့
အလွမ်းနဲ့ဝေး
ကမ်းဝေးလှေလို
လေနှင်ရာလွင့်
တမ်းတခြင်းတိမ်တွေလည်း
မိုးအဖြစ်နဲ့မရွာဖြစ်ခဲ့
တွေးငေးနေတဲ့ဘဝ
မလိုချင်လှပါ
တစ်ကယ်ဆို.....
အလွမ်းဆိုတာကောင်းရဲ့လား..........

မကောင်းမှန်းသိ
ထိတိုင်းငြိနေ
တွေဝေစွာပင်
အလွမ်းကြားနစ်ပေါ့
ပြောသည့်စိတ်တိုင်
ခပ်ယိုင်ယိုင်ပဲ
မလွမ်းပဲနေကြည့်
နေချင်သေးတယ်........

မလွမ်းပေမယ့်
တစ်ခုခုကို
တမ်းတတ်တာ
သဘာဝလား
အတွေးမှားတွေနဲ့
ဘေးစကားလည်းမယုံချင်
အသွေးသားထဲမှ
ကြုံတယ်ထင်တယ်
အလွမ်းဆိုတာ
ခါးသက်ချိုမြိန်နေလည်း
ဘိန်းလိုပဲစွဲ......။     ။

Wednesday, November 2, 2011

အချစ်တွေဝေ
















ချစ်သူရေ
ပျော်မောဖွယ်နေ့
ရက်တွေအတွက်
ထာဝရလို့မှတ်ယူပြီး
တစ်ခဏကို
တစ်ဘ၀စာအဖြစ်တွေးတော
ငေးမောပြီးနေချင်သေးတယ်
မင်းရဲ့နံဘေးမှာ
လက်ချင်းကိုင်ဆုပ်
မျက်နှာမွန်ဦး
ငုံ့ကြည့်စဉ်ခဏ
ထာဝရပါပဲကွယ်.........

ချစ်သူရေ
တဒင်္ဂတဲ့လား
ခင့်အနားမှာ
တဖ၀ါးမကွာ
ခွဲလျက်ခွာစွန့်
ဝေးသွားဖို့မ၀ံ့ပါကွယ်
တွေးမိယုံနဲ့ရင်က
လောင်မြိုက်ကျွမ်းဝေဒနာ
ဖြေဆည်နေရာမရှိပါချေ........

ချစ်သူရေ
အမှားတွေဝေးဖို့
တွေးဆင်ခြင်
ချစ်မိယင်မညာတမ်းပါကွယ်
ရင်ထဲမှာလှိုက်မော
ကိုယ့်ရဲ့ချစ်ခြင်းက
အပြစ်ကင်းချင်တယ်
ကိုယ့်ရဲ့ဆံပင်ဖျားလေးတွေကအစ
မင်းကိုချစ်တယ်ဆိုယင်
လွန်နေမယ်ထင်လား
ခင်ရေသက်ထားအဝေးမသွားနဲ့
နေပါစိတ်ထဲ
နှလုံးအိမ်ထဲမှာ........

ချစ်သူရေ
အရိမေယျတ္တဘုရားရှင်
ပွင့်တော်မူတဲ့အခါမှ
ကျွတ်တမ်းဝင်မဲ့သူတွေထဲမှာ
ပါခဲ့ယင်လေ
သံသရာကျင်လည်ရာတစ်လျောက်
မကွဲမကွာမခွဲမခွာ
နှစ်ကိုယ်တူယှဉ်
ချစ်ကြင်နေချင်ပါရဲ့ကွယ်.......

Wednesday, October 26, 2011

ကဗျာချစ်သောသူငယ်ချင်းများအတွက်

ကျွန်တော်မဖတ်ရသေးပါရရချင်းရှယ်မယ်လုပ်တော့ ကွန်နက်ရှင်ကနှေးအင်းလေအကျင့်ဖြစ်နေပါပြီ
ဖေ့ဘွတ်မှာလည်းလင့်ကမတက်အဲဒါနဲ့ဘလော့ကနေပဲရှယ်လိုက်ပါတယ်http://www.4shared.com/folder/0NtI5WJm/_online.html  အဲတာကတော့မောင်ဘိုးသစ် (ဦးဘိုးသစ်)ရဲ့ကဗျာရေးနည်းနိဿရည်းပါဒေါင်းလို့ရကြပါစေ

ခင်မင်လျှက်
ချစ်သူမောင်

Saturday, October 22, 2011

အမြင်ရိုင်းထင်တိုင်းကြဲတဲ့အခါ လူ=တိရိစ္ဆာန်










လူဆိုတာတစ်ကယ်တော့
အဟိတ်တိရိစ္ဆာန်ထက်သာတာ
အချက်သုံးချက်တည်းရှိသတဲ့......

တစ်အချက်က
အကျိုးအကြောင်းဆင်ခြင်နိုင်ခြင်းတဲ့
ဟုတ်ရဲ့လားကောင်မလေးရယ်
မင်းတို့တတွေတစ်ကယ်
ဆင်ခြင်နိုင်ကြလို့လား
ဟိုတနေ့ကတွေ့လိုက်တယ်
ဘာအဆင်အခြင်မှမရှိပဲ
သွေးဆောင်ဖျားယောင်းနိုင်တဲ့
အ၀တ်အစားတွေဝတ်လို့
မင်း..မှတ်တိုင်မှာကားစောင့်နေတယ်...
ငါ့အတွေးထဲကားစောင့်နေတာမှဟုတ်ရဲ့လား
ဖောက်သယ်ဆွယ်နေတာများလားရယ်လို့
ဟုတ်ပါ့မလားကွယ်တစ်ကယ်
ဆင်ခြင်နိုင်ရဲ့လားဆိုတာ
ငါ့မှာတွေးစရာဖြစ်လို့
အဲဒီပထမအချက်
အဲဒီမှာတင်ပျက်ကွက်ခဲ့ပြန်ပေါ့.........

နှစ်အချက်က ကိုယ်ကျင့်တရားတဲ့
လှပမှုတွေအတွက်
ကိုယ်ကျင့်တရားသာကောင်းလိုက်စမ်းပါ
လောကကြီးကချီးမွမ်းမြှောက်စားလို့
တောက်ကြွားလာမယ်ထင်
ငါ့အမြင်မှာတော့တနေ့ကပဲ
ကိုယ်ကျင့်တရားရောင်းစားခဲ့တာ
ငါ့မျက်စေ့နဲ့တပ်အပ်မြင်
ကလပ်တခုမှာတင်ပေါ့
ကိုယ်ကျင့်တရားဟာ
အခါခါဝေးကွာ......
ဘာ့အတွက်ကြောင့်ပါလဲ
ဝမ်းဝဖို့အတွက်လား
ဒါမှမဟုတ်ခါးမှာအလှဆင်
မလုံ့တလုံ့အ၀တ်တွေအတွက်ကြောင့်လား
တွေးစရာပါကွယ်
ကိုယ်ကျင့်တရားကို
ပဲလှော်နဲ့လဲစားတဲ့ခေတ်
ရောက်နှင့်ပြီလား....ပေါ့
ငါ့မှာတွေးစရာဖြစ်လို့
ဒုတိယအချက်လည်း
အဲဒီမှာတင်ပျက်ကွက်ခဲ့ပြန်ပေါ့.......

သုံးအချက်က အလှပတရားကို
ခံစားနားလည်ခြင်းတဲ့
ငါ့အမြင်တော့အလှတရားထက်
ရာဂမီးတောက်ဖို့
မစဉ်းစားမဆင်ခြင်နိုင်ပဲ
တိုလေနန့်လေကြိုးပျောက်တွေ
ဝတ်ဖို့သာအရေးကြီးနေတဲ့ခေတ်မှာ
ဘာကိုအလှတရားလို့ခေါ်မလဲ
ငါမဝေခွဲတတ်တော့...........
တစ်ကယ်ဆိုယင်
ရင်ဖုံးအင်္ကျီနဲ့ချိတ်ထမီဝတ်မှလှမယ်လို့
ဆိုလိုတာတော့မဟုတ်ရပါဘူး
ယဉ်ကျေးသိမ်မွေ့စွာဝတ်စားတတ်ကြမယ်ဆိုယင်
အလှတရားဟာလေ
ခပ်ပါးပါးမကပါကွယ်
ဒီလိုနဲ့ပဲငါ့မှာတွေးစရာတွေဖြစ်လို့
အဲသလိုနဲ့တတိယအချက်လည်း
ကွယ်ပျက်ခဲ့ပြန်တော့.......

ငါခပ်ပေါ့ပေါ့ပဲတွေးလိုက်တယ်
လူဆိုတာ တိရိစ္ဆာန်ရယ်လို့......။     ။

စိတ်မဆိုးကြပါနဲ့ အပြောဆိုးလို့ နောက်ပြီးဓါတ်ပုံကို Google ကနေပြီးရှာသုံးထားပါတယ်
မြန်မာမလေးတွေရဲ့ပုံကိုမသုံးထားပါ မျက်နှာတွေပါကုန်ပြီးစိတ်ဆိုးတရားစွဲကုန်ကြမှဖြင့်
အဲတာမှမဟုတ် ပွန်းဆိုဒ်စာရင်းတော့မ၀င်ချင်ပါဘူး

ချစ်ခင်လေးစားလျှက်

Thursday, October 20, 2011

သက်တံ့ဖျားကငှက်ကလေးသို့(၅)




တက်လာပါပြီ
ရောဂါတွေရယ်
ခက်တယ်ကလေး
တွေ့ဖန်များယင်
လွမ်းသခင်ဖြစ်
ကျွမ်းနစ်ဝင်တဲ့
ဝေဒနာတဲ့
ဘယ်သူမြင်မိ
သိရှိမလဲ........

အခက်ပွေသောကကြား
ဗျာပါဒတပွေ့တပိုက်နဲ့
ဝေ့၀ိုက်ကာမနေချင်တော့
တည့်တည့်လည်း
ထုတ်ပြောချင်ပေမယ့်
ခင်ရယ်သွမ်းသွေးမှာ
အကြောက်သားလေ....

ခံနိုင်ရည်ရှိဖို့
ဝေးစွ...........
ခနဲ့တဲ့တဲ့ပြောယင်တောင်
မနေတတ်မထိုင်တတ်
အခက်လည်းပွေ
ရတက်ဝေဆဲ
ရင်မှာသောကဖြေမရလေ
နွေမိုးဆောင်း
ရာသီတွေသာပြောင်းလဲ
ရင်ကအချစ်
မပြောင်းလဲဖြစ်
ကျွမ်းရစ်ကာအမြစ်တွယ်
နှောင်တွယ်ရစ်ပတ်စေတာ
အချစ်တဲ့လား........

တွယ်မက်တပ်ငြိ
မျက်ဝန်းကအကြည့်တွေ
မြင်မိသိရှိနေသရွေ့ပေါ့
မခံစားနိုင်
ကံတရားဆိုင်ရာ
ခပ်ယိုင်ယိုင်အတွေးတွေလည်း
မတွေးရဲတဲ့အခါမြိုသိပ်ကာခံစား
ဝေဒနာတွေထင်ဟပ်
မြင်တတ်တော်မူ..........

ဝေဒနာနဲ့ပါကွယ်
မသေချာပေမယ့်လည်း
တပ်မက်တွယ်ငြိတဲ့စိတ်ကို
ဘာဝနာနဲ့ပြောယင်
တဏှာမပြတ်သေးတာကွယ်
အင်း..ပုထုဇဉ်ပေပဲကိုးလို့
ရင်မှာတိတ်တခိုးနဲ့
မြတ်နိုးလို့ခင်တွယ်
ဒီခဏမှာတော့
နှလုံးသွေးတွေရပ်သွားမတတ်
ရင်ခုန်လှိုက်မောနေကုန်
ကြင်ယုံလိုက်ပြောမနေတော့......

ဘ၀ကခါးလွန်းပါတယ်
ချိုတဲ့ရက်တွေရှိပေမယ့်လည်း
ငိုတဲ့ရက်တွေပိုသာများခဲ့
ရင်ခုန်လှိုက်မောယုံသက်သက်နဲ့တော့
ရစ်သမ်အဖြစ်မဖွဲ့ဆိုချင်တော့
ငေးမောကြည့်ယင်းသာကျေနပ်
ကိုယ့်ကိုလည်းမဝေခွဲတတ်
သက်တံ့လားငှက်ကလေးလား
ဒါမှမဟုတ်ငှက်ကလေးကိုစိတ်ဝင်စားရာက
သက်တံ့ကိုပဲချစ်သွားသလား
မဝေခွဲတတ်တော့ပါ.....။     ။

ဓါတ်ပုံကိုတော့http://www.photobucket.com မှယူသုံးပါတယ်ခင်ဗျာ

Wednesday, October 19, 2011

အရွယ်လွန်အချစ်




အင်း   ရောဂါကတော့မသေးတော့ဘူးနောက်ပြီးဘလော့ပေါ်မှာကိုယ်ဖန်တီးတဲ့ဟာမဟုတ်တဲ့အရာတစ်ခုတင်
လိုက်ရတာလိပ်ပြာမလုံဘူးဒါပေမယ့်ကြိုက်လွန်းတာကိုးနော်.....ခွင့်လွှတ်ကြပါ

Tuesday, October 18, 2011

နာဂစ်မွှေတဲ့ ညနဲ့ နေ့

မုန်တိုင်းမြန်မာ ပြည်ကိုဖြတ်မယ်တဲ့ နှစ်ရက်လောက် တည်းကသတင်းကြား ရတယ် ဧရာဝတီ
တိုင်းကိုဖြတ်မယ်လို့
အင်တာနက်ပေါ် မှာတွေ့လိုက်တယ် အချစ်ခင်ဆုံး ပဒုမ္မာ ဖိုရမ်ထဲမှာပေါ့ ခက်တာက မုန်တိုင်း
ရဲ့ ဦးတည်ရာဟာ
ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းကြားမှာ တစ်သက်နဲ့တစ်ကိုယ် ရန်ကုန်တိုင်းကို မုန်တိုင်း ပြင်း
ပြင်းထန်ထန် တိုက်တာ
မတွေ့ခဲ့ ဖူးဘူး ငယ်ငယ်ကတော့ ပုသိန်လေဘေးတို့ ဘာတို့တော့တွေ့ဖူး ကြုံဖူးတာပေါ့
ခပ်ပေါ့ပါ့ ပါပဲ
ည၁၀နာရီဘာပြဿနာ မှမတွေ့သေး ည ၁၁နာရီ လေတော်တော်ပြင်းလာတယ် ည၁၂နာရီ
ခေါင်မိုးပေါ်က စပါယ်ထပ်
အမိုး ပြုတ်ထွက်သွားပြီ မနက်၂ နာရီ အရှေ့လေ တအားပြင်းလာပြီး အမိုးကိုနှဲ့ ဖြုတ်နေသလိုပဲ
ဆောင့်ပြီးတိုးလိုက်
လျော့သွားလိုက် ဆောင့်ပြီးပြန်တိုးလိုက်နဲ့ ဂိုထောင် အမိုးအနောက်ဖက်အခြမ်း ပွင့်ထွက်သွား
တယ် မျှားတန်း
တွေပါ ပြုတ်ထွက်ကုန်တယ် အင်း အမိုးပွင့်သွားပြီ ဂိုဒေါင်မပြိုတော့ ဘူးလို့စိတ်ဒုံးဒုံး ချလိုက်တယ်
အဲ.....လေက
တော့ပြင်းထန်စွာအငြိုးနဲ့ တိုက်နေတုန်း မနက် ၃း၃၀ လေက အနောက်ဖက်က ပြန်လှည့်လာတယ်
အငြိုးတကြီး
ပါပဲ တကယ် သဘာဝဘေးဒါဏ်ပဲ ဘာတတ်နိုင်မလဲ အရှေ့ဖက်အခြမ်းမှာ နောက်ဆုံးကျန်ခဲ့ တဲ အမိုး
တစ်ခြမ်းကိုပါ ဖွင့်ထုတ်
သွားတယ် ဘ၀တစ်သက်စာမှာ သဘာဝဘေးဒါဏ် ကိုအကြီးမားဆုံးတွေ့ကြုံဖူးခြင်းပါပဲ။ မနက်ရောက်လို့
အပြင်
ဖက်ထွက်ကြည့်လိုက်တော့ စစ် ပွဲပြီးစမြို့ပျက်ကြီးကို မျက်စေ့ထဲမြင်ယောင်လာမိတယ်။ မီးပြတ်
ဖုန်းလိုင်းတွေပြတ်
ဓါတ်တိုင်တွေကျိုး သစ်ပင်တွေကျတော့ လက်နက်ကြီးမှန်လို့ ပြိုလဲပြတ်သတ်ထွက်နေတဲ့
ပုံတွေတော်တော်စိတ်
မချမ်းသာစရာပါ ဘာပဲဖြစ်ဖြစ် ဆုံးရှုံး မှု ကတော့ နည်းမှာမဟုတ်ဘူး ဆိုတာသိလိုက်တယ် နေ့လည်
၂နာရီ ခြံ
ထဲက လဲပြိုနေတဲ့ အပင်တချို့ကိုရှင်းလင်းပြီး မြို့ ထဲဖက်ထွက်လိုက်တယ်ဆိုယင်ပဲ နားနဲ့မဆံ့တဲ့
သတင်းဆိုးတွေ
သေပျောက်နှုန်းတွေ ကြားရတော့တာ ရက်စက်လိုက်တာ နာဂစ်ရာ သူငယ်ချင်း တစ်ယောက်ပြော
သလိုဆို
မင်းတို့ နာယုံတင်မဟုတ်ဖူး ဂစ်ဂစ် နဲ့ ပါအော်ရမယ်တဲ့ ... နောက်တစ်ယောက်ကတော့ မင်းရော
ထိသေးလားတဲ့
မထိယင်ခေတ်မမှီဘူးတဲ့ ခက်တာက ခုထိစာရင်းကောက်ယုံကလွဲပြီး ဘယ်သူ့ကိုမှမတွေ့သေးတာ
ဘာမှလာမ
ပြောသေးတာ မျှော်လင့်ထားလို့ လိုချင်လွန်းလို့တော့ မဟုတ်ပါဘူး ဘယ်တော့မျောက်ပြဆန်တောင်း
ခံရမလဲတော့
မသိပါဘူး အဲတာတွေမြင် နေရ ခံစားရလို့ရေးလိုက်မိတာ ဘာနိုင်ငံရေး အမြင်နဲ့ မှမဟုတ်ပါဘူး ရင်ခံ
တယ် ကြားရတာ
နားဝမသက်သာသလို ကြုံရ တာလဲတကယ် အဆင်မပြေပါဘူး ဘယ်သူ့ကို အပြစ်တင်ရမလဲ ရက်စက်
လိုက်တာနာဂစ်
ရာလို့ ပြောယုံကလွဲပြီး နောက်ထပ်မုန်တိုင်းပြင်းပြင်း ၀င်ပါစေလို့ ဆုတောင်းချင်နေသူတွေ ကိုတော့
ဘာမှမပြော
ချင်တော့ပါဘူး စိတ်ထဲနာတယ် ရင်ထဲနာတယ် ခက်တာက ကျွန်တော်ဘာကောင်မှမှ မဟုတ်တာ
ဘာကာလာမှလဲမရှိပါ
အမြင်မတော်တာလေးတွေပါ ...........။

အမိုး

အဲတာကခေါင်အုပ်စပါယ်ထပ်လေးမြောင်းထဲမှာ

Photobucket

အဲတာကဂိုဒေါင်ရဲ့အနောက်ဖက်ဝင်ပေါက်

ကုန်ပြီ

ခပ်လှမ်းလှမ်းက

Photobucket

ပြားပြားဝပ်ခစားတဲ့ တဲ ကလေး

Photobucket

မုန်တိုင်းပြီးကာစ

Photobucket


ပြိုတစ်ဝက်ပျက်တစ်ဝက်


ဓါတ်ဆီ ၊ဒီဇယ်

နာဂစ်ပြီးနှစ်ရက်အကြာဓါတ်ဆီဒီဇယ်ဘေးဒုက္ခ

Monday, October 17, 2011

သက်တံ့ဖျားကငှက်ကလေးသို့(၄)





ဒီလိုပဲ
ကြည့်ယင်းနဲ့စိတ်တင်း
မနာလိုခြင်းတွေ
ရင်မှာလှိုက်ခတ်
မစ္ဆရိယပါတဲ့
ကိုယ်တိုင်က
ငယ်တော့တဲ့အရွယ်မဟုတ်တောင်
ဝင်ပါနေချင်သေးတယ်
ကလေးတွေရဲ့အနား
ကလေးတွေရဲ့စကားကြားမှာ
နစ်မျောပျံ့လွင့်
စေတသိက်ရဲ့ခြေရာ
ရင်မှာသောကနဲ့
လောင်မြိုက်ကျွမ်းစေ
သူစေညွှန်းလေရော့သလား......

အတွေးမှာယောင်လည်
အမှောင်ကွယ်ကပုန်းနေ
ချစ်သူရေလို့တမ်းတခေါ်မိ
အပြစ်ရှိလား
အတွေးမှားသံသယ
တွေ့တိုင်းအားငယ်
အရွယ်လွန်အချစ်ဟာ
နယ်ကျွံလို့မဖြစ်
လွန်နေယင်ခွင့်လွှတ်
စွန့်စားအတွေးမှာ
ခဏလေး....
အချစ်တွေ
ပေးချင်သေးတယ်
ခဏလေး.....
ချစ်တယ်ဆိုတဲ့အကြောင်း
ပြောချင်သေးတယ်
ယူကွယ်သခင်
အကြွေလွန်တယ်ထင်မလား
အတွေးမမှားပါနဲ့ကွယ်
အရေးသား
ချာချာလည်တာမို့
ကလေးကလားပါကွယ်လို့
ထင်ချင်လည်းထင်
ရင်ခွင်မှာအမြင်မှောက်မှား
တမင်တကာခွင်ဆင်
ထောင်ချောက်လားကွယ်.......

ထားရစ်မယ်လို့
စိတ်မှာတင်း
တစိမ်းမို့
အစိမ်းခွဲတာလားကွယ်
သက်တံနဲ့
သက်တံ့ဖျားကငှက်ကလေး
ဘယ်သူ့ကိုပိုချစ်လဲ
ကိုယ်ကိုတိုင်
အတွေးမှာချာလည်မျော
မရေရာသောအဖြေများ
တခါတရံသက်တံ့
တခါတရံငှက်ကလေး
ကွဲကွဲပြားပြားမသိပေမယ့်
မနာလိုစိတ်ကပိုကရို
ဒါမှမဟုတ်
သက်တံ့ဖျားကငှက်ကလေးကိုချစ်ယင်း
သက်တံ့ကိုသံယောဇဉ်ပိုလာသလား
တွေးလို့ရမယ်မထင်တော့
ကိုယ်ကိုတိုင်တွေးကာလှောင်ရယ်
ပျိုပျိုမှိုင်ငေးကာရှောင်ဖယ်
အတွေးရယ်အဆွေးရယ်
တခါတရံတော့
ကလေးငယ်လိုပါပဲ..........

သူငယ်ပြန်တယ်
ဆိုစေဦးတော့
တားမရတဲ့ချစ်ခြင်း
အမုန်းမြစ်တစင်းလား
မစီးဆင်းပါစေနဲ့လေ
တေးသီနေပါငှက်ကလေးရယ်
သက်တံ့ကတော့တရံတခါ
ပေါ်လာလေနိုး
စောင့်မျှော်ကိုးလည်း
နေခြည်ဖြာမိုးတွေရွာစဉ်
ငယ်ဘ၀ကိုပဲတမ်းတ
အချစ်ဆိုတာ
ရင်ခွင်ကိုဝင်ပြီး
နေရာမယူစေချင်
လွမ်းတတ်တဲ့ရင်တစ်ခုမက
အပိုရှိစေချင်ရဲ့
ဒါပေမယ့်
ချစ်တတ်တဲ့နှလုံးသားက
တစ်ခုတည်း.........။     ။

ဓါတ်ပုံကို http//www.photobucket.comမှယူသုံးပါတယ်ခင်ဗျာ



Wednesday, October 12, 2011

ဝါလကင်းလွတ်သီတင်းကျွတ်မှာပျော်နိုင်ကြပါစေ









ချစ်ခင်လေးစားရပါသောဘလော့ဂါအပေါင်းသင်းရောင်းရင်းမောင်နှမများအားလုံး
ဝါလကင်းလွတ်တဲ့သီတင်းကျွတ်မှာ ပျော်ရွှင်ကြပါစေလို့ဆုတောင်းပတ္ထနာပြုလိုက်
ရပါတယ်ခင်ဗျာ........အတွဲရှိသူများလည်း ပျော်နိုင်ကြပါစေလို့ဆုတောင်းယင်း
အတွဲမရှိသေးကြကုန်သော ရေးဖော်ရေးဖက်အပျိုကြီးလူပျိုကြီးများအားလုံးလည်း
အချစ်ဆိုသောအရာကိုလျှင်မြန်စွာရှာဖွေတွေ့ရှိပြီးသကာလ လူပျိုကြီးအပျိုကြီးဘ၀မှ
အလျှင်အမြန်ကင်းလွတ်ကြပြီးသကာလ အချစ်၏ချိုမြိန်သောဒုက္ခသုခနှစ်ဖြာကို
အလျှင်အမြန်ခံစားနိုင်ကြပါစေကုန်.........
ရည်ညွှန်း>>>>>>> ပျိုးယုဝသုန် ၊ စန္ဒကူး

အားလုံးကိုခင်မင်လေးစားလျှက်
ချစ်သူမောင်

Tuesday, October 11, 2011

အညာဘုရားပွဲ

















အင်း...အဲဒီခေါင်းစဉ်တပ်ပြီးဘာရေးရမလဲစဉ်းစားနေတော့ ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ပင်ရင်းမြန်မာ
စကားပြေထဲကအညာဘုရားပွဲကိုသွားသတိရပါတယ်။ ဒါပေမယ့်ရေးရေးလေး ညကကျောက်တော်ကြီး
ဘုရားပွဲဈေးတန်းရောက်သွားရာကစိတ်ကူအတွေးထဲပေါ်လာတာပါဒီနေ့မနက်အဲဒီပို့စ်တင်မယ်လို့
စိတ်ကူးပြီးမန္တလေးမှာတုန်းကမနက်စောစောထကာမှအင်တာနက်ဆိုင်ကမဖွင့်သေး ဂွကျပါ့ဗျာ
ခက်တာကရေးချင်တုန်းမှမရေးရယင် မုဒ်ပျောက်ကုန်တာမို့အခုဘာရေးရမှန်းမသိပဲယောင်ချာချာဖြစ်
နေတော့တာပေါ့ဗျာ။ မန္တလေးကိုနေ့ညကသွားမနေ့ကရောက်ဒီနေ့မနက်ချက်ချင်းပြန်လာဆိုတော့
လူလည်းတော်တော်တော့မောနေပြီ။အဲမနေ့ညကတော့သူငယ်ချင်းတွေနဲ့ကျောက်တော်ကြီးဘုရားပွဲ
တော့ရောက်ဖြစ်သွားသေးတာခင်ဗျ။ပွဲဈေးရဲ့အငွေ့အသက်ကြောင့်လည်း အညာဘုရားပွဲဆိုပြီး
ခေါင်းစဉ်တပ်လိုက်မိတာပါ။ ဟိုးတုန်းကနဲ့တော့အတော်ကွာခြားသွားညပီပေါ့ဗျာ လှည်းတွေလည်း
မတွေ့ရတော့ပါဘူး ။ ဆိုင်ကယ်တွေတအားများပဲကို။ဆိုင်ကယ်အပ်ခကတစ်စီးငါးရာတဲ့သုံးစီးအပ်
တော့တစ်ထောင်နဲ့ဈေးတည့်တော့အပ်ပြီးပွဲဈေးထဲကို သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ဝင်
ဖြစ်တော့တာပေါ့။ ဘာမှလည်းမထူးခြားပါဘူး ။သိလိုက်ရတာကတော့တစ်ခုတည်း ဘုရားလူကြီး
အိပ်နေတဲ့အခါဗိုက်ပေါ်ကမကျော်နဲ့တဲ့ ငရဲကြီးလိမ့်မယ်ဆိုပဲ ။ဘယ်လိုသိလဲဆိုတော့ဒီလိုပါပဲ
သူငယ်ချင်းကောင်မလေးကကျောက်တော်ကြီးဘုရားနားမှာနေတာလေ သူတို့က ခရေစေ့တွင်း
ကျပြောပြလို့သိရတာလို့ကျွန်တော်ဘယ်တော့မှမပြောဘူး ။မန္တလေးမြို့ရဲ့ အထင်ကရ
ကျောက်တော်ကြီးဘုရားဟာလည်းအလှူငွေတွေကုဋေနဲ့ချီပြီး ရတာတောင်မှနှစ်များစွာမပြုင်ပဲထား
တဲ့အတွက်အတော့်ကိုညှိုးနွမ်းနေပါပြီ ။ရေးချင်တာကတမျိုးဘယ်တွေရောက်ကုန်မှန်းမသိပါဘူး။
ခက်တာကမနက်ရေးချင်လွန်းအားကြီးနေတဲ့အချိန်လည်းမရေးရ လူကလည်းတအားပင်ပန်းနေ
လို့မှုန်ဝါးဝါးဓါတ်ပုံတွေနဲ့ဒီလောက်နဲ့ပဲကျေနပ်ကြပါလို့...........






Tuesday, October 4, 2011

အမြင်ရိုင်းထင်တိုင်းမကြဲစေချင်


အီဗော်လူရှင်းသီအိုရီကြောင့်

သက်ရှိတွေရဲ့သမိုင်း

ထင်ရှားစွာတွေ့မြင်နိုင်ခဲ့ကြတယ်

အီဗော်လူးရှင်းသီအိုရီကြောင့်

သက်ရှိတွေရဲ့အနာဂါတ်

ဘာဖြစ်မလဲတွက်ဆခဲ့ကြတယ်

အီဗော်လူးရှင်းသီအိုရီကြောင့်

နောက်နှစ်ပေါင်းငါးထောင်လောက်ဆိုယင်

ခြေသန်းလေးတွေလုံးဝကွယ်ပျောက်လုမတတ်

သေးသိမ်တိုဝင်သွားကြမယ်တဲ့......

ခုကျတော့.......

အီဗော်လူးရှင်းကြောင့်လား

ရီဗော်လူးရှင်းကြောင့်လား

ဖက်ရှင်အတွက်ကြောင့်လား

တဖက်သားအတွက်လား

ဝတ်တဲ့သူမရှက်မြင်တဲ့သူရှက်စရာ

စကတ်တွေဘောင်းဘီတွေ

တိုဝင်ခဲ့ကြတယ်...........

အဲတာဟာကောင်းတဲ့ကိစ္စလား

ယဉ်ကျေးမှုနဲ့ဆိုယင်

ကမ္ဘာဦးအစကိုခေတ်နောက်ပြန်ဆွဲတာပဲ

တချိန်.........

ကိုယ်လုံးတီးလုနီးပါးတိုဝင်ကုန်ကြယင်.........

အရှက်မဲ့တဲ့ကမ္ဘာမှာ

အရှက်မဲ့တဲ့မြန်မာရယ်လို့အပြောမခံရစေချင်.....။      ။


ဝန်ခံချက်။     ။မြန်မာ့ယဉ်ကျေးမှုကိုမြတ်နိုးတန်ဖိုးထားသူ သူငယ်ချင်း" ပျိုးယုဝသုန်"နဲ့ချတ်ဖြစ်တဲ့
                   အတွေးခံစားမှုကိုကဗျာအဖြစ်(ကဗျာမဖြစ်တဖြစ်)ဖွဲ့ဆိုပါသည်

evolution=ဆင့်ကဲဖြစ်စဉ်
revolution=တော်လှန်ရေး

ပုံတွေကိုတော့ Google Image မှယူသုံးပါတယ်ခင်ဗျ မြန်မာမိန်းကလေးတွေရဲ့ပုံကိုယူမသုံးပါ
အမြင်မတော်တာကြောင့် နှမသားချင်းစာနာပြီးတင်မပေးလိုက်ပါ ပွန်းဆိုက်စာရင်းထဲဝင်သွားမှဖြင့် :P

Monday, October 3, 2011

သက်တံ့ဖျားကငှက်ကလေးသို့(၃)






ရင်ထဲမှာ
ဆို့နင့်နင့်ပါကွယ်
ချစ်သည်းညှာပျို့အလင်္ကာရယ်
ညို့ညို့ရွှေရင်မှာ
လှိုက်ဖိုမောရတယ်
မသိချင်ယောင်
သူတစ်ကယ်ဟန်ဆောင်လွယ်
အမှတ်အမှားနဲ့
ပြတ်သားစရာမပါတွယ်
သူမသိလူမိတော့ချစ်ချင်တယ်.....

ချစ်ယောင်ဆောင်
ပြစ်မတင်ရက်အား
သက်ထားကညာ
တစ်ဖက်သားမှာ
အခက်သားညှာလွယ်
ဥပေက္ခာပြုကာ
ငြိုးမာန်ဖွဲ့တယ်
သူလေ...စိမ်းရက်လေအား
တိမ်းခက်ပွေမှားရော့လေ
စိမ်းသက်ခြွေစကားတွေပေါ့ကွယ်.....

တိမ်းမက်ကာနှောင်တွယ်
တစိမ်းဖက်လာ
ကြောင်တယ်ထင်မယ်
ယိမ်းနွဲ့တာစိတ်ရဲ့အလျဉ်သဘောပါ
စိမ်းတစ်သက်စာတမ်းကာအနေခက်
လွမ်းတဲ့ရက်တွေလက်ချိုးရေ
ကမ်းလင့်လက်တွေညှိုးမယုတ်မီ
တမ်းရင့်သက်ကြွေနှိုးမလှုပ်ပြီ.........

ဆန်းသစ်ကျွမ်းရစ်အောင်ဖန်
တစိမ်းဆန်ဆန်နေရစ်လေပြီမို့
ခုတော့စိမ်းပြင်ပြင်
တိမ်းချင်လည်းတွယ်မက်မနေတော့
တမ်းတကာနေရစ်မယ်
အလွမ်းတွေရင်မှာပွေ့ပိုက်လို့
ကျွမ်းသူဆွေနင်နေခဲ့လိုက်တော့ကွယ်
ကိုယ်ကတော့လေ...တစ်ကယ်ထားရစ်ပြီပဲ.......။     ။


ဓါတ်ပုံကိုတော့ http://www.photobucket.comမှယူသုံးထားပါတယ်ခင်ဗျာ

သက်တံ့ဖျားကငှက်ကလေးသို့(၂)





တစုံတစ်ခုကြောင့်လို့ပဲ
လပ်ဟာသွားတဲ့ရင်
သူဘယ်လိုထင်မလဲကွယ်........

လေတိုက်လို့
သစ်ရွက်လှုပ်ယင်တောင်မှ
ရယ်ချင်တဲ့အရွယ်လည်း
မဟုတ်တော့ ခက်လှတယ်ကွယ်......

မျှော်ရီမိန်းမူး
ရွယ်ရွှင်ခဲ့ဖူးတဲ့
အတိတ်ချိန်တွေ
ပြန်မတမ်းတချင်လည်း
လွမ်းဆွတ်မိပေါ့
တစ်ကယ်ဆိုယင်ပစ္စုပ္ပန်ပဲ
ဖြစ်သင့်တယ်လေ
ခဏတာဘ၀င်
စိတ်မှာထင်ဟပ်
ချစ်တတ်သူရဲ့
အရိပ်သဏ္ဍန်
အထင်အရှား
မြင်ခဲ့လားကွယ်
မျက်လုံးတွေတောင်
မှောက်နေပလား
ထင်ခဲ့ရတယ်
သြော်...အချစ်ရယ်
ဆန်းဘိကွယ်.......

တွယ်မက်တမ်းတ
ခဏသာလျှင်
ဘ၀မှာတစ်ခါလောက်
ငယ်မူပြန်ချင်သေးရဲ့
အလွမ်းမဲ့ရာ
ထိုဌာန၌
ခဏခိုလှုံ
ရင်ခွင်စုံမှာ
ယုံကြမလားကွယ်
ချစ်မိတယ်ဆို
သစ္စာပျက်တယ်
ထင်ကြမလား
မတွေးရဲပါ
အချစ်ဆိုတာ
မျက်စေ့မပါ
ခဏအတွေးနဲ့
ဘ၀အရေးတော့
လည်းဟုတ်ပါဘူးလေ........

အာရုံအမှား
စေတသိက်ရဲ့ခြယ်လှယ်ရာ
အထီးကျန်ခြင်းရဲ့နောက်ကွယ်မှာ
အလွမ်းကရွာတည်ပြီး
နေနှင့်နေပြီလား
မသိခြင်းများစွာက
ဘ၀ကိုလေအထပ်ထပ်
နင်းခြေသွားခဲ့
ပေးဆပ်ခြင်းနဲ့
နာကျင်ခြင်းရဲ့နောက်ကွယ်မှာ
အရှုံးသမားဆိုတဲ့အသံတွေ
မကြားချင်ပါကွယ်
လဲချင်သလောက်လဲပစေ
ဘယ်သူမှမထူလည်း
ထရပ်ရမှာပဲလေ
ဒီတစ်သက်ဒီတစ်ချက်တည်းနဲ့
နေပျော်ပြီထင့်
အချစ်ဆိုတာလည်း
တစ်ဖက်သားမသိပဲ
တိုးတိတ်တိတ်ချစ်ခြင်းမှာ
နေပျော်ပါသည်
သည်ဘ၀မှာလေ
ရှိပါစေတော့မောင့်သခင်.........

ကြင်သူသက်ထား
မသိသလိုစိမ်းကားမှတော့
ငိုတော့မယ်ဆင်
ရွာမယ်ပြင်တကဲကဲ
စိမ်းလဲ့စိုဝန်းနှစ်ခိုက
စွတ်စွတ်စိုရီရီလဲ့ရယ်က
ကြွေတော့မည်ပဲ......။      ။


ဓါတ်ပုံကို http://www.photobucket.com မှယူသုံးပါတယ်ခင်ဗျာ

Saturday, October 1, 2011

အပျော်ကဗျာ...........





















ပျော်နေတယ်လေ
ဘ၀တွေမှာ
ခဏတာလူဖြစ်ရတဲ့အခါ
အလွမ်းတွေချည်းဆို
ဘယ်လိုနေပျော်မလဲ......

အဲဒီတော့
ပျော်ပျော်နေသေခဲ
ဘ၀ထဲမှာ
လွမ်းတဲ့အခါလည်း
ရှိမယ်လေ.......

ခဏတာပဲဖြစ်ဖြစ်
ဘ၀စာပဲဖြစ်ဖြစ်
တစ်ကယ်ချစ်ဖို့က
အရေးကြီးတယ်......

တနေ့က
မွေးနေ့ပါ
ဟက်ပီးဘတ်ဒေး
ဆုတောင်းချွေယင်း
ချစ်ဇနီးနဲ့အတူ
သည်းပွတ်လေးပါ
ရွှေတိဂုံဘုရား
ရောက်ခဲ့တယ်.........

ထာဝရဘက်စုံမွမ်းမံရေး
အလှူငွေ
လက်မနှေးပဲထည့်ခဲ့တယ်
ဘုရားမှာ
ပန်းရေချမ်းဆီမီးတွေ
လှူလို့
ဦးတိုက်ကာ
ချွေခဲ့ဆုတောင်း
နောင်ခါဘ၀များမှာ
အလွမ်းဆိုတဲ့သောကများနဲ့
ကင်းဝေးရပါလို၏...........

ပြုခဲ့သော
ကုသိုလ်ကောင်းမှု
အစုစုတို့ကို
ချစ်ခင်ရသော
ဘလော့ဂါမောင်နှမ
ပေးဝေငှ၏
သာဓုသုံးကြိမ်ခေါ်ကြလေ.............။     ။

Monday, September 26, 2011

လေလွင့်လိပ်ပြာတမ်းချင်း


မင်းမရှိတဲ့နောက်
သွားခဲ့ဖူးတဲ့လမ်း
လျှောက်ခဲ့ဖူးတဲ့နေရာ
အချိန်တွေကုန်လည်း
အခါက်ခေါက်ခါခါ
ရောက်မြဲသာမေ
ကျွမ်းလောင်ကာ...လွမ်းလို့ပါလေ

ပြောဖူးတဲ့အသံ
မှာဖူးတဲ့စကား
"ကိုကို  ရေချိုးတော့မလား
ထမင်းစားတော့လေကိုကို"
သံချိုနွဲ့နွဲ့
ခဏခဏကြား
အပြုံးလျလျအထပ်ထပ်မြင်
အချိန်တွေကုန်လည်း
တွေးနေမြဲသာ
ကျိတ်ဆွေးးလို့သာပဲလေ
စိတ်ထဲမှာမဝေး.........

နှစ်ကိုယ်တူယှဉ်ကာ
ပျော်မြူးခဲ့တဲ့နေ့ညတွေ
တူတူတွဲထိုင်
လက်ချင်းကိုင်ဆုပ်
နဖူးဆံစဖျားမှာ
ယုယကြင်နာစွာ
ချွေခဲ့ဖူးတဲ့အနမ်းအတွက်ကွယ်
ကမ္ဘာကုန်ကျယ်သ၍
ဘယ်မေ့လိမ့်မလဲ...လေ
မတွေ့ရလို့စိတ်ညစ်
သိပ်ချစ်တာမို့...........

စိတ်နှလုံး
ကွဲကြေပြုန်းပြီး(ဘ၀ဟာ)
အမြဲသေဆုံးခဲ့ပြီလို့
အခါခါတွေး
စိတ်ထဲမှာထွေးနေ
အလွမ်းတွေရင့်တော့
ပန်းပွင့်လိုကြွေချင်
နွမ်းယိုင်ယိုင်နဲ့ပဲတွေဝေ
အိပ်မရညတွေ
လွမ်းတာရှည်.............

အချစ်ရေ....
ကိုယ့်အနား
မင်းရှိသလားလေ
မပြန်နိုင်တဲ့လမ်း
လျှောက်လှမ်းသွားယင်းက
ဘယ်ဝယ်ဘယ်ဆီ
ဘယ်သောင်ဘယ်ကမ်း
သေချာမသိတဲ့လမ်း
ခင်မြန်းတော့လေ
လိပ်ပြာပဲလွှင့်လွှင့်
စိတ်မှာပဲထင့်ထင့်
တိတ်တိတ်လေးမနေပါနဲ့
ကိုယ်ယောင်ပဲဖြစ်ဖြစ်
အသာလေးလှစ်ကာ
ငိုရသူမောင့်ရင်ကိုလေ
ဖေးကူလှည့်ဦး.............။     ။

ဒီပို့စ်အတွက်သူငယ်ချင်း "ပျိုးယုဝသုန်"ကိုအထူးကျေးဇူးတင်ပါတယ်
မနက်က ကြေကွဲလွမ်းနာကျနေတုန်းဖြေသိမ့်စရာ "လိပ်ပြာခွဲချိန်"ဆိုတဲ့ကဗျာလေးပို့ပေးလို့ပါ။
အဲဒီကဗျာလေး ဖော်ပြချင်ပေမယ့် ကာယကံရှင်ရဲ့ခွင့်ပြုချက်မတောင်းရသေးလို့ဒီအတိုင်းပဲတင်လိုက်ပါတယ်
ခွင့်ပြုချက်ရရှပြီးတဲ့အတွက်လိပ်ပြာခွဲချိန်ကိုတင်လိုက်ပါတယ်


လိပ်ပြာခွဲချိန်



ငါမရှိတဲ့နောက်


လျောက်ခဲ့ဖူးတဲ့လမ်း


လှမ်းခဲ့ဖူးတဲ့နေရာ


အချိန်ကုန်ပါတယ်


တစ်ခေါက်မှမလာပါနဲ့


လွမ်းရလို့ပဲဖြစ်ဖြစ် ..နွမ်းလျလို့ပဲဖြစ်ဖြစ်


ပြောခဲ့ဖူးတဲ့စကား


ကြားခဲ့ဖူးတဲ့အမှာ


အချိန်ကုန်ပါတယ်


တစ်ခါမှမတွေးပါနဲ့


စိတ်လေးလို့ပဲဖြစ်ဖြစ် .. သိပ်ဝေးလို့ပဲဖြစ်ဖြစ်


ပြုခဲ့ဖူးတဲ့အပျော်


မော်ခဲ့ဖူးတဲ့အပြုံး


လုံးလုံးမင်းမေ့ပစ်ပေါ့


သိပ်ချစ်လို့ပဲဖြစ်ဖြစ်.. စိတ်ညစ်လို့ပဲဖြစ်ဖြစ်


စိတ်နှလုံးကိုညှင်းပမ်း


နွမ်းလျလို့ခွေယိုင်


ဒီလိုမနေထိုင်ပါနဲ့


အိပ်မရလို့ပဲဖြစ်ဖြစ် .. စိတ်ကျလို့ပဲဖြစ်ဖြစ်


ငေးမှိုင်နေတဲ့မင်းနံဘေး


တိတ်တိတ်ငါထိုင်ငေးရင်း


ပြန်လမ်းဝေးတဲ့လမ်းမ


ငါကမြန်းရတော့မယ်


လိပ်ပြာခွဲလို့ပဲဖြစ်ဖြစ် .. စိတ်မှာမြဲလို့ပဲဖြစ်ဖြစ် ...


ပျိုးယုဝသုန်


2:35:37 pm
19-09-2011






အလွမ်းသည်းရင်ကွဲနာကျတဲ့ည


our wish but?



ညီမလေးရေ....
မင်းမရှိတဲ့နောက်
ဘ၀မှာလေ
အစားထိုးမရခြင်းများစွာနဲ့ပေါ့ကွယ်
တခွန်းတည်းပြောချင်တယ်
အရမ်းလွမ်းတယ်လို့
ရင်မှာခံစားဝေဒနာများနဲ့အတူ
ဒီညတော့လေ
တမ်းတလို့နေပါရစေ..........

ခွဲသွားရက်တယ်
တမလွန်ဟိုအဝေး
မှုန်မှိုင်းသောင်ယံ
ဘယ်ဝယ်ဘယ်ကမ်း
ဘယ်လမ်းခွဲမှာ
ရောက်နေလေမလဲ
တွယ်မက်တမ်းတ
ပုံရိပ်တွေလေ
ကိုကို့ရင်မှာ
အထင်ရှားပါပဲ
ကျွမ်းခဲ့သူသက်ထား
ကိုငိုနေပလားကွယ်လို့
ညီမထင်နေခဲ့မလား.......

တစ်ချက်တစ်ချက်
အသက်ရှူမှားအောင်
ရင်မှာဆို့နင့်
ပြန်မရနိုင်တဲ့အဖြစ်
ကျန်ရစ်ခဲ့သူမှာ
ယောက်ျားဆိုပေမယ့်
မျက်ဝန်းမှာလေ
မျက်ရည်သီဝေ့
အလွမ်းတစ်ပွေ့နဲ့
လွမ်းနေရလိုက်တာ.......

လွမ်းလိုက်တာလေ
ငိုသာနေခဲ့
ဘယ်တော့မှ
မမြင်တွေ့ရတော့မယ့်အဖြစ်
အလွမ်းရဲ့သက်သေ
မျက်ရည်မြစ်အဖြစ်
ရင်မှာထင်ကျန်
စူးစူးနစ်နစ်
ကျွမ်းလောင်ရစ်ပေါ့
နှလုံးသားမှာသာ
ပွင့်တဲ့အလွမ်း
ဘယ်သူမြင်မိ
သိရှိမလဲ........

အမှတ်တရ
နေရာများစွာ
မသွားရဲပါ
မင်းမရှိတော့တဲ့အခါလေ
တချိန်က
လက်ချင်းဆုပ်ကိုင်
ထိုင်နေခဲ့ဖူး
တမ်းရီမူးယစ်
မှီခိုတွယ်နှောင်
ချုပ်နှောင်ရစ်ပတ်
နေညိုမှာစိုးတဲ့ရက်တွေ
မခွဲမခွာ
အမြဲထာဝရလို့
သင်္ခါရသဘောကို
အမြင်ခဏစောလို့
ကွေကွင်းတတ်ခြင်း
အလျဉ်းမရှိထင်မိခဲ့စဉ်က
အတွေးများစွာနဲ့
ကိုကိုငိုနေပါပြီ...........


ဘာပဲဖြစ်ဖြစ်ဆက်ရေးလို့မရတော့ပါဘူးနိဂုံးလည်းမချုပ်တော့ပါ
ငိုချင်နေတာပဲသိတယ်ပျော့လှချည်လားလို့ပြောယင်လည်း
ခံရမှာပဲပေါ့ခံစားချက်တွေပြင်းထန်ပြီးအလွမ်းသည်းတဲ့ည
အမှတ်တရအဖြစ်မှတ်တမ်းတင်ထားလိုက်မယ်ညီမလေးရေ
တွေ့ပါစေတော့ကွယ်......................................

ညီမအကြောင်း
ညီမလေး.........အလွမ်း
ညီမလေးအမှတ်တရ....အလွမ်း
ညီမလေးအမှတ်တရ........အလွမ်း
ညီမလေးအမှတ်တရ...အလွမ်းကဗျာ

Saturday, September 24, 2011

နွမ်းလျမေ့လျော့ချိန်


ဘာပဲဖြစဖြစ်
အနေရခက်တဲ့
ရက်တွေမှာ
အနှစ်ရှာကာ
မပြချင်တော့
ခပ်ပေါ့ပေါ့
ရယ်ပွဲဖွဲ့ခဲ့တဲ့ရက်တွေ
အခက်ပွေရတက်ပွား
သက်သေမျက်ရည်များနဲ့
နေရစ်တော့ခင်
ချစ်ရေသက်ထား
မောင့်အပါးမှာ
ထာဝရနေပါလို့
ပြောဖြစ်ခဲ့တဲ့စကား
အလကားဖြစ်
ဟိုး........တစ်နှစ်မှာကျန်ရစ်ခဲ့ပေါ့....

ခင့်အနားမှာ
ထာဝရနေမယ်
ပျော်ရွှင်စွာစိတ်ကူးနဲ့
မော်ဖူးယင်း
ရူးခဲ့ရတဲ့
ရက်တွေလည်း...ပျောက်ဆုံး
အချစ်ရေ...
မုန်းမှာသာ
မုန်းစမ်းပါကွယ်..........

တမ်းတမိနေ
နေ့ညတွေမှာ
အလွမ်းတွေချည့်
ဖေါ်မရှိခဲ့
ခပ်ငိုင်ငိုင်တွေးယင်း
မရေးချင်မရေးဖြစ်တော့တဲ့
ကဗျာစာသားတွေ
ပြန်ရေးဖြစ်နေပေါ့
အလွမ်းကိုစခန်းသိမ်းလို့
ရင်တွင်းကမီး
မငြိမ်းနိုင်
ယိုင်နဲ့နဲ့အတွေးတွေ
ရင်ခွင်မှာမတွေးချင်တော့
နှုတ်ဆက်တယ်သက်ထား
ရတက်မပွားရအောင်
ဖာသာထိန်းသိမ်း
နေတတ်အောင်နေတော့မယ်
အလွမ်းတွေမပေါ့ပေမယ့်
အို.....အချစ်ရယ်
နွမ်းလို့ခွေလျော့.........။     ။

Friday, September 23, 2011

"ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကိုအကြွင်းမဲ့ကန့်ကွက်ပါတယ်ခင်ဗျာ"




ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနဲ့ပါတ်သက်လို့ကန့်ကွက်ကြောင်းလှုပ်ရှားမှုတစ်ခုအနေနဲ့တင်ရမယ့်
ပို့စ်တစ်ခုဖြစ်တဲ့အတွက် အနည်းငယ်ရင်ခုန်နေပါတယ်၊မနေ့တည်းကပေါ့လေ ။တစ်ကယ်ပြန်စဉ်း
စားကြည့်တော့ တစ်ကယ်ချစ်တဲ့ ဧရာဝတီမြစ်ကြီးကိုကွယ်ပျောက်မသွားစေချင်တာ ရင်က
ဆန္ဒအမှန်ပါ။ ပထမဆု့း ဧရာဝတီနဲ့ပါတ်သက်တဲ့ပို့စ်လေးအဖြစ် ကဗျာတပုဒ်နဲ့စဖြစ်ခဲ့ပါတယ်။
နောက်ထပ်ဆောင်းပါးတိုတိုလေးတစ်ပုဒ်ထပ်ရေးဖြစ်ခဲ့တယ်ပေါ့ ခုတပုဒ်ကအမေဧရာဝတီနဲ့
ပါတ်သက်လို့တတိယမြောက်ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့အပြင် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို
အကြွင်းမဲ့ကန့်ကွက်တယ်ဆိုတဲ့အကြောင်း ရေးတင်လိုက်တဲ့ပို့စ်ပါ ။တစ်ကယ်တော့ကျွန်တော်တို့
ဟာ politician များမဟုတ်ကြပါ ၀ါသနာပါလို့ကဗျာတိုကဗျာစလေးတွေ ကိုယ့်ရဲ့ဘလော့
မှာရေးသား တင်ပြနေတဲ့ ဘလော့ဂါများပဲဖြစ်ပါတယ် ။ ခုဟာကလှုပ်ရှားမှုတစ်ခုအသွင်နဲ့
တပြိုင်နက် ကိုယ့်ဘလော့မှာကိုယ်ရေးတင်ကြမှာ ဖြစ်တဲ့အတွက်တဂ်ပို့စ်လို့လဲခေါင်းစဉ်
တပ်မရပါ ၊
     တချို့သူတွေပြောကြပါသေးတယ် စုပြီးကိုယ့်ဘလော့မှာကိုယ်ပို့စ်တင်ဖို့ ရက်သတ်မှတ်လိုက်
တဲ့အခါကျတော့ ကူးစက်ရောဂါဆိုလား အမည်တပ်ကြပါတယ်၊တစ်ကယ်တော့ကူးစက်တာလား
သို့မဟုတ်ရင်တွင်းကနေတစ်ကယ်ဖြစ်လို့ရေးကြတာလားမစူးစမ်းမဆင်ခြင်ပဲပြောကြသူတွေကို
ဘာပြောရမလဲ သူတို့မှာလဲကိုယ်ပိုင်ဆင်ခြင်ပိုင်ခွင့်ရှိတယ် ဒါပေမယ့် ဘလော့ဂါဆိုတဲ့ ကိုယ့်
ပိုက်ဆံကိုယ်အကုန်ခံပြီး ၀ါသနာအရစာရေးနေသူ တွေဆိုတာ ရင်ထဲမှာဘာမှမရှိယင်ဘာမှမလုပ်
တတ်သူတွေဆိုတာကိုတော့စဉ်းစားခြင့်ချိန် ပြီးဝေဖန်တတ်ကြပါလို့ပြောချင်ပါတယ်။တစ်ကယ်
တော့ကူးစက်ရောဂါမဟုတ်ပါ။ We Blog We united ဆိုတဲ့ ဘလော့ဂါတွေရဲ့အသုံးနှုံးကိုမသိလို့
ဖြစ်ပါလိမ့်မယ်(သိသိကြီးနဲ့ပြောတဲ့သူလဲရှိပါတယ်)လက်တွေ့ပါဘလော့လောကနဲ့အရမ်းရင်နှီး
သူလဲဖြစ်တယ် နာမည်ဖော်လို့တော့မကောင်းတဲ့အတွက်ဒီမှာပဲ ရပ်ပါ့မယ်ဗျာ။
ခုချိန်မှာကျီးကန်းတစ်သိုက်လို့နာမည်ပေးလဲကျီးတစ်အုပ်အဖြစ်ခံပြီး
အမေဧရာဝတီအတွက်ကာကွယ်သွားချင်တဲ့ဆန္ဒတစ်ခုပဲရှိတယ် ။ကူးစက်ရောဂါဆိုလဲအဲဒီရောဂါ
အဖြစ်ခံပြီးအမေဧရာဝတီထာဝရအဓွန့်ရှည်တည်တံခိုင်မြဲဖို့ ကြိုးစားမယ်ဗျာ။
      နောက်ဆုံးနိဂုံးချုပ်အနေနဲ့ပြောချင်ပါတယ် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ဘယ်လိုအကြောင်း
ပြချက်မှမလိုလောက်အောင်ပဲ(လူတိုင်းသိရှိပြီးဖြစ်တဲ့အတွက် )တဖွဲ့တနွဲ့တခမ်းတနားဆိုတာထက်
ပြတ်ပြတ်သားသားရေးသားပြီးပို့စ်တင်ပါ့မယ်။တိုင်းပြည်ကိုအုပ်ချုပ်နေကြသော လူကြီးမင်းများခင်ဗျာ
နိုင်ငံတော်စီမံကိန်းတစ်ရပ်ဖြစ်သော ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်းကိုအကြွင်းမဲ့
ကန်ကွက်ပါတယ်ခင်ဗျာ။

 "ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကိုအကြွင်းမဲ့ကန့်ကွက်ပါတယ်ခင်ဗျာ"

Monday, September 19, 2011

ကျွမ်းရစ်ခဲ့အလွမ်းဝေဒနာ


သဘာဝအရ
အမှတ်တရတွေ
ရင်မှာဝေခဲ့
အလွမ်းတွေတွေမှာ
ရင်ကိုနှောင်ဖွဲ့
အနမ်းတွေနဲ့မသေချာတဲ့
ကြေကွဲစရာဘ၀တစ်ခု
တဒင်္ဂအချိန်တစ်ခုမှာ
ကြေမွပျက်သုဉ်း..........

ပျော်ရွှင်စွာနေခဲ့ကြတဲ့
ဘ၀လေးတစ်ခုဟာ
မျက်ရည်ထုထည်နဲ့
ငိုရှိုက်သံနဲ့အတူ
ပကာသနလေကြောမှာ
တွေဝေစွာမျောလွင့်
သြော်....အချစ်တွေ
မနှစ်ကနဲ့မတူပါလား.......

ဝေဒနာရက်တွေ
ရှည်မြဲရှည်ကြာ
နေလာတာပေါ့
အမှန်တွေမမှားပေမယ့်
အမှားတွေကနေ
အမှန်ဖြစ်လာတဲ့အခါ
သံသရာတစ်ဆစ်မှာ
ဒါဏ်ရာအသစ်တွေနဲ့
မောင့်မှာလေ...
ကြံရာပါဖြစ်..............

ရင်မှာညစ်နွမ်း
ဆိုးသွမ်းမိုက်မဲတဲ့
အလွမ်းထဲမှာလည်း
မနေရဲပါ
ဝေခွဲလာလျှင်
ရင်မှာနာကျင်
တုန်ရီခံစား
အသည်းကြားမှာ
စွဲထားစူးနစ်
နှောင်ပတ်ရစ်ဖွဲ့
ခွဲခွာကွဲကွာသွားတဲ့ဝေဒနာနဲ့
သေရွာသွားချင်
အလွမ်းပင်ပျိုးချစ်မိုးစွေလည်း
မျက်ရည်စို့ခဲ့
လှိုက်မောရင်သည်
ကြိုတင်ငိုမလား
မလိုချင်စွာ
အမှတ်မထားပေမယ့်လေ
ငိုချင်တာအမှန်တရား.......

မုသားတောထဲမှာ
ချစ်ခြင်းအလင်္ကာတွေ
တစ်ဘ၀စာပျောက်ဆုံး
အသည်းနှလုံးဆိုတာ
မုန်းစရာပါ
အမှားပရဗျစ်နဲ့
မတရားတဲ့ရင်အဖြစ်
သိမ်ငယ်စွာညှိုးနွမ်း
လိပ်ပြာလည်းမလန်းတော့ပါပြီ......

အပိုစကားတွေ
ဆိုထားပါရဲ့
မလိုတမာစကားမဟုတ်ပေမယ့်
လိုချင်တာ မတရားတဲ့အလုပ် မှ
မဟုတ်တာကွယ်
နှောင်တွယ်ရစ်ပတ်တဲ့ဘ၀မှာ
အမှောင်ကွယ်ညစ်ပတ်ခဲ့ယင်လည်း
ခံတော့မယ်ဆိုတဲ့စိတ်ကူးနဲ့
ရူးခဲ့တာလည်းသည်းခြေပျက်
မနည်းအနေခက်ခဲ့ပေမယ့်
ပကာသနကဘ၀ကိုဝါးစား
အမှားတရားတွေကအမှန်ဖြစ်
တရားစကားတွေနဲ့
ခဏခဏရန်ဖြစ်
အမှန်တရားဆိုတာလည်း
ကျန်ရစ်မြဲကျန်ရစ်တော့လကွယ်...........

သည်းအူပြတ်မျှ
ချစ်ခင်စကို
ငိုနေလည်းတွေး
နှလုံးသားအရေးမှာ
အရှုံးသမားအတွက်တွေးစရာ
ဘ၀ဆိုတာအဆစ်ပါသွား
အဲတာတွေအနှစ်ပါလို့ပြောမလား
သဘောတရားတွေနဲ့
အပြောသမားလည်းမလိုချင်
အမောစကားတွေသာအဖတ်တင်
ကြေကွဲခြင်းတွေရင်မှာစု
တစ်ခုပြီးတစ်ခုဟာနာကျင်
အချိန်တိုင်းဟာသောက
ပြောသမျှမောလျနွမ်းဝေ
အတွေးတွေကိုတောင်မှဖယ်ထုတ်
အမှတ်တရဖြစ်စေတတ်တဲ့
နေရာအနှံ့ကိုလည်း
မသွားချင်မသွားရဲ
အလွမ်းထဲကိုအလည်ရောက်ယင်
နာကျင်ကြေမွ
နေမရအောင်
သောကတွေဘောင်ဘင်ခတ်
အငိုမလွယ်ပေမယ့်
အရှိုက်လည်းခက်ခဲ့
မျက်ရည်စက်တွေက
ရင်မှာကြွေ
တမ်းတရက်တွေရှည်ကြာဝေးနေလို့
နွမ်းလျမျက်ရည်ခြေရာလေးတွေက
နှလုံးသားမှယိုစီး
လောင်စာမီးအလား
အမှားတစ်ရာနဲ့ဗျာပွေ
သောကတွေလေ
ဘယ်သူမြင်မိ
သိရှိမလဲ...........။     ။

Sunday, September 18, 2011

ချစ်သောအမေဧရာဝတီသို့


အမေ နေကောင်းပါရဲ့လားဗျာ သားကတော့အမေ့ရဲ့ကျွန်းပေါ်ဒေသမှာ အဝေးတစ်နေရာရောက်နေ
ပါတယ်ခင်ဗျာ။အမေ အမေကိုသားသမီးများစွာကချစ်မြတ်နိုးကြပါတယ်။အဲဒီအတွက်အမေကျန်းမာမှ
ဖြစ်မယ်အမေ။ အမေရဲ့သားသမီးတွေဆိုတာဒီတစ်နိုင်ငံလုံးရဲ့ရာနှုန်း၇၀ကျော်အမေ။အမေ့ရင်ခွင်မှာ
ခိုနားဝမ်းစာရှာစားကြရတဲ့ တံငါသည်ကအစပြုလို့ နောက်ဆုံး အမေ့ရဲ့ကျွန်းပေါ်ကစပါးစိုက်သူ
အကုန်လုံးအမေနဲ့မကင်းပါဘူးအမေ။ အဲတာကို အမေ့ရင်ကိုပိတ်ဆို့ပြီး ဆည်တွေဆောက် တမံ
တွေတုပ်ပြီး ရလာမယ့် သဘာဝကရတဲ့စွမ်းအား/စွမ်းအင်ဆိုတဲ့လျှပ်စစ်ကို ထုတ်ယူကြမတဲ့အမေ
လုပ်ကြပုံများ၊ပြီးတော့အမေ့သားသမီးတွေအတွက်မဟုတ်ဘူးတဲ့အမေ တိုင်းတပါးသား ဂန္ဓလရာဇ်
အနွယ်ဝင်တွေအတွက်တဲ့အမေ၊ အရပ်ရပ်မှကြားလို့မသင့်တော် အမေ့ရင်ကထွက်တဲ့နို့ချို အမေ့
သားသမီးတွေသောက်စို့ပိုင်ခွင့်မရှိဘူးတဲ့အမေ ၊တစ်ကယ်ဆိုယင်လူဖြစ်လုံးလုံးရှုံး ခဲ့ပါပြီအမေ၊အမေသာမရှိယင်
အားလုံးအားလုံးရဲ့ဘ၀တွေခိုကိုးရာမဲ့တော့မှာအမေ၊မိုက်လုံကြီးတဲ့လူတွေအမေ့ကိုမိန်းမပျက်
တစ်ယောက်လိုရောင်းစားရက်ကြသလားဗျာ။
မွဲပြာကျနေတဲ့ ကျွန်တော်တို့ရဲ့ ချစ်သော အိမ်ကြီး (အိမ်အိုအိမ်မဲကြီး)မှာလဲ ဘယ်လိုမှမတတ်နိုင်
သစ်တောတွေပြုန်းတီး သဘာဝနဲ့ ဂေဟစံနစ်တွေပျက်သုဉ်းခဲ့တာလဲနှစ်တွေချီနေပြီအမေ
နောက်ဆုံးတော့အမေ့ဆီကိုဦးတည်သတဲ့လား............ဗျာ
ရင်နာတာအမေ မပြောပါနဲ့တော့၊ အမေ့ရဲ့
အလျဉ်မပြတ်စီးဆင်းနေတဲ့အမေ့ရဲ့ နို့ချိုတွေ ခန်းခြောက်အောင် အမေ့ရဲ့နို့ချိုတွေမစီးဆင်း
နိုင်အောင်တမံတွေတုပ် ဆည်တွေဆောက်ပြီးယင် ပင်လယ်ကရေငန်ငန်တွေ သားတို့ဒေသတွေ
အတွင်းပြန်လှန်စီးဆင်းတော့မယ်အမေ မြစ်အားလုံးမြောက်မှတောင်သို့စီးဆင်းတယ်ဆိုပေမယ့်
ခုတော့တောင်မှမြောက်သို့အယင်ဆုံးရေငန်တွေ စီးဝင်လာတော့မယ် အဲဒီအချိန်ကျယင်အမေ့
ရဲ့ကျွန်းပေါ်ဒေသကနေ သားတို့အတွက် မံမံ ထုတ်ပေးနိုင်မှာမဟုတ်တော့ဘူးအမေ။
ကယ်လီဖိုးနီးယားကနေပြန်တင်သွင်းကြမလားတော့မပြောတတ်ပေမယ့်လောလောဆယ်တော့
ပဲထမင်းပြောင်းထမင်းစားရဖို့မြင်နေပြီ အမေရေ.......အမေ့ကိုမပိတ်ဆို့ကြပါနဲ့ဗျာ စီးဆင်းမြဲ
ဆက်စီးဆင်းပါစေ ဘာမဟုတ်တဲ့သဘာဝအရင်းမြစ်လျှပ်စစ်မီးကမက်လောက်စရာမရှိပါဘူးအမေ
နောက်ဆုံးကုန်ကုန်ပြောရယင် အမေ့ကိုပိတ်ဆို့သတ်မပစ်ကြဖို့တောင်းဆိုပါရစေဗျာ၊ဆိုင်ရာပိုင်ရာ
များလက်ပိုက်ကြည့်မနေကြပါနဲ့ဗျာ အဲဒီဂန္ဓလရာဇ်အနွယ်ဝင်တွေကြောင့်ပဲ ကျွန်တော်တို့ကျွန်
လုံးလုံးဖြစ်ရမှာကိုဘယ်လိုမှမလိုလားပါဘူးအမေ(မဆိုင်တာတွေထည့်ရေးတယ်လို့မထင်ပါနဲ့
သေချာတွေးယင်အဖြေတွေ့ပါလိမ့်မယ်)သူတို့နယ်ချဲ့ပုံကတမျိုးစီးပွားရေးကနေတစတစလူမျိုး
ရေးအထိပါလာမယ်ဆိုတာ နယ်ချဲ့နည်းအသစ်ပါ၊အယင်ကသေနတ်တွေနဲ့နယ်ချဲ့ခဲ့တာ အမေရဲ့
သမိုင်းကြောင်းမှာ အမေ့ရင်ဘတ်ပေါ်ကနေမီးသင်္ဘောနဲ့ပေါ့ ၊ခုတော့တမျိုးအမေ့ကို မစီးဆင်း
တော့လောက်အောင်ဆည်တွေတမံတွေဆောက်ပြီး အမေ့ကိုသတ်မယ်ကြံနေကြတယ် ဒါပေမယ့်
အမေအမေအသက်ရှင်ဖို့အတွက်အမေ့ရဲ့သားသမီးတိုင်းရဲ့တာဝန်လို့ သဘောထားပြီးကျေနပ်စွာ
ဝိုင်းဝန်းတားဆီးကြမယ်အမေ အမေနှစ်ပေါင်းများစွာ အသက်ရှင်ကျန် ထင်ရစ်ရပါစေမယ်အမေ
၊အားလုံးတူညီဝိုင်းဝန်းကြိုးပမ်းကြမယ်အမေ........ချစ်သောအမေဧရာဝတီကိုတိုင်တည်လျှက်......
အမေထာဝရ အဓွ့်ရှည်တည်တံ့စီးဆင်းနေမြဲစီးဆင်းနိုင်ပါစေ


ချစ်တဲ့အမေ့ရဲ့ သား/သမီးများ................


ပုံကိုတော့ google search မှ imageကိုယူသုံးထားပါတယ်ခင်ဗျာ

Sunday, September 11, 2011

မိုးရေထဲမျှောမိတဲ့မျက်ရည်သမိုင်းရဲ့အပိုင်းအစ(၂)(သို့)မျက်ရည်တမ်းချင်း


ချစ်ခဲ့သူရေ
အလွမ်းမိုးစွေတဲ့
သည်နှစ်ရဲ့မိုးရက်များ
လွမ်းရအားပါ
နွမ်းလျသည်းလျာ
ချစ်ကဗျာတွေ
ရင်မှာစွဲကျန်
ကာရံအမြင်မှောက်မှား
လွမ်းတရားထဲမှာ
တ၀ဲလည်လည်.........

ကျွမ်းခဲ့ဖူးသူ
သက်ထားသခင်
နွမ်းလျစိတ်အစဉ်နှင့်
ကျွမ်းရစ်နှောင်မောင့်ရင်ထဲ
တကယ့်အဖြစ်ပဲကွယ်
လွမ်းရစ်နှောင်စိတ်အစဉ်ကိုလ
နှစ်ကိုယ်ယှဉ်
ထီးအတူဆောင်းလို့
မိုးရွာထဲမှာလည်း
ပျော်ခဲ့ဘူးတာပဲလေ
ခ်စ္တေစ ၦအလား
ထင်မှတ်မှားအောင်
ရင်ကိုခြောက်လှန့်
မလန့်တော့ပေမယ့်
ထင်ကျန်ရစ်အတိတ်ခြေရာ........

ပျော်စရာတွေ
အတူတူတွေး
ကန်ဘောင်နံဘေးမှာ
ထီးမပါတဲ့ရက်တွေက
မိုးစိုချင်စိုပါစေတော့ရယ်ပေါ့
နှစ်ကိုယ်ယှဉ်လက်ချင်းဆုပ်ကိုင်
မျက်နှာအတူမော့ပြီး
မိုးပွင့်တွေရဲ့တယုတယအနမ်း
နုနုညံ့ညံ့အတွေးတွေနဲ့
အတူတူခံစားခဲ့
ဘူးတယ်ဆိုတဲ့
အမှတ်တရ
ရင်နဲ့အမျှပါအစဉ်
လွမ်းသခင်..........

နွမ်းစိတ်အစဉ်မှာ
တမ်းတရိပ်ပြီပြင်
ကျွမ်းဖူးသူသက်ထား
ရတက်ပွားစေတော့မလားကွယ်
မိုးတနေ့ချိုးအကွေ့မှာ
မှိုင်းမှုန်ဝေတဲ့ညနေခင်း
အစခြေဆင်းမပါပဲ
လက်ပြကျောခိုင်း
စိတ်လှိုင်းအစဉ်မှာ
ဖြေဆည်မရအောင်
မောင့်ရင်အပြင်ဖက်
ပြေးထွက်သွားယင်း
ငိုခဲ့ဘူးသည့်
သခင့်ရုပ်သွင်
မေ့မရတဲ့စိတ်အစဉ်ကို
စိုးမိုးထားယင်း
ဆုချွေချင်သည်
ညိုတော့မိုးရယ်
ရွာစေကွယ်..........

ကွဲကွာကွေကွင်း
ဘ၀တွေရင်းပြီး
ချစ်မိခဲ့သူ
မောင့်ရင်ဆူစေ
အလွမ်းပွေနေ့ရက်
သည်ရက်ထွေမှာ
အမှတ်တမဲ့စကားက
ရင်ကိုတိုက်စား
အာဃာတမထားတတ်သူရင်မှာ
စွဲနစ်ထင်ကျန်
အလွမ်းဝေဒနာ
ပန်းလျခြေရာ
ဖြေဆည်ရာမရှိ
နတ္ထိပါလေ
စွေပါစေမိုး
သွန်းဖြိုးမျက်ရည်
အခက်မပွေအောင်
မျှောခွင့်ပေးလှည့်
မိုးနေ့ရဲ့.............။     ။

Wednesday, September 7, 2011

ဘလော့ဂါဆိုသည်မှာ

ညီလေးမင်းဧရာတက်ဂလို့သာရေးရတယ်မျက်ခုံးတော့ခပ်လှုပ်လှုပ်ပဲ


ဘယ်လိုဖြစ်ဖြစ်
ဘလော့ဂါမဖြစ်ခင်   (အင်တာနက်ဆိုတာတွင်တွင်ကျယ်ကျယ်မသုံးသေးတဲ့ကာလမှာ)
သီချင်းတွေအများကြီးနားထောင်
စာမေးပွဲတွေတဖုန်းဖုန်းကျအောင်
ဝတ္ထုစာပေကို(အများအားဖြင့်တော့သိုင်းဝတ္ထုတွေ)
အလေးထားမြတ်နိုး
ချစ်ခင်တန်ဖိုးထားကာ
ခုံမင်စွာယုံကြည်ကိုးစားခဲ့သူများ
ဖြစ်ကြမည်  (ဘလော့ဂါတိုင်းကိုမဆိုလို)

အနည်းဆုံး
ဗဟုသုတလိုလားသူ
ကိုယ်သိသလို
အများသိအောင်
ဝေငှလိုသည့်စေတနာဆန္ဒရှိသူ
မိမိ၏ ပေးလိုသောမက်ဆေ့ချကို
ကဗျာလိုလို
စာလိုလို
ဆောင်းပါးလိုလို
ကွယ်လို့တမျိုး
ပေါ်တင်တဖုံ ရေးနိုင်သူများသည်လည်းဘလော့ဂါဖြစ်၏ ၊
နောက်တစ်ခုမဂ္ဂဇင်း ပုံနှိပ်ထုတ်ဝေခြင်းအမှုကိုစိတ်မရှည်စွာဖြင့်အလျှင်အမြန်
ကျော်ဖြတ်ကာ publish လုပ်နိုင်သူများဖြစ်လတ္တံ့ ၊(စာပေလုပ်သားကဒ်ရှိမှစာရေးဆရာမဟုတ်ဘူး
ဆိုတာလက်တွေ့ပြတာ)

စာပေကျမ်းဂန်နှံ့စပ်၍
ဝေငှလိုသူ လောကကိုဟာသအမြင်ဖြင့်မြင်သူ
မိမိ၏အမြင်အတွေ့အကြားကို
ဒိုင်ယာရီလိုလို ပါတ်ဝန်းကျင်ကိုပဲသရော်သလိုလို
ရေးတတ်ကုန်ကြသောဘလော့ဂါများလည်းရှိကြကုန်သည်ဖြစ်၏ ၊

ဘလော့ဂါဖြစ်ရန်
ကြိုးစားသောသူတစ်ယောက်သည်
အင်တာနက်ဆိုလျှင်ခုန်ပျံကျော်လွှား
သိုင်းသမားသို့နှယ်မြေလျှိုးမိုးပျံသလို
ကိုယ်ယောင်ဖျောက်ကာဖေါက်ထွင်းဝိဇ္ဇာအလား
အကျော်အခွပညာများကိုတစ်ဖက်ကမ်းခတ်
ကျွမ်းကျင်ကြသူများဖြစ်ကြကုန်သည်ဖြစ်၏ ၊
(နောက်ဆုံးကျော်ရန်မတတ်နိုင်တော့သည့်ကာလ၀ယ် ကိုယ်ပိုင်ဒိုမိန်းဝယ်ကာမေးလ်မှဘလော့ကုန်လတ္တံ့)

ဘလော့ဂါဟူ၍ မဖြစ်ခင်
ချတ်တင်လောကမှအစပြုလတ္တံ
MIRC,Person.com အစပြုသော .com များစွာတွင်အကောင့်များပိုင်ဆိုင်ခဲ့ဖူးလတ္တံ့ ၊
ထိုမှတဆင့် ဇော်ဂျီဖောင့်မပေါ်သေးစဉ်ကာလအတွင်းဘာလုပ်ရမည်ကို
မသိစဉ်ကာလချတ်တင်လောကတွင်Burglish ခေါ် Myaglish ကိုကောင်းမွန်စွာနိုင်နင်းသူများဖြစ်ခဲ့လတံ္တ့ ၊
ထို့နောက် ဖိုရမ်ဆိုသည့်အသံများကျယ်လောင်လာစဉ်
ပုဂံဖိုရမ်တွင် Win font များဖြင့်မြန်မာစာကိုတွင်ကျယ်စွာရေးဖူးလတ္တံ့၊

ဇော်ဂျီဖောင့်ပေါ်စတွင် လည်းတချို့တချို့သောဘလော့ဂါများသည်
ပလန်းနက်ဖိုရမ် နှင့်အိပ်မက် ဘလော့နှင့်ဖိုရမ်တွင်ဖိုရမ်မာများအဖြစ်စတင်ကာ တောင်တွေးမြောက်တွေး
ကဗျာတွေရေး စာတွေရေး တစ်ယောက်နဲ့တစ်ယောက်ရန်ခဏခဏဖြစ်ကာ
ပြန်ပြန်ချစ်ချစ်ခဲ့ကြလတ္တံ့
တခေတ်တည်းမှာပင် Multiply, hi5,My space.com,en.netlog.com တို့တွင်Mp3 သီချင်းဖိုင်များ
ဗီဒီယိုဖိုင်များ ၊ E-bookများတင်ကာဝေငှခဲ့ဖူးလတ္တံ့ ၊
ရှယ်မယ် ဆိုပြီးသိအောင်တမျိုးမသိအောင်တဖုံယူပြီးခပ်တည်တည်ကိုယ့်ဆိုဒ်မှာတင်သူများလည်းရှိလတ္တံ့၊

အနည်းဆုံးတော့
နည်းပညာတစ်ခု  (ဟင်းချက်တာလည်းနည်းပညာပဲဟာ)
အများဆုံးကွန်ပြူတာနိုင်နင်းမှု (EEE PC ၇ လက္မကို "မ" နိုင်ခြင်း)
ကိုယ်ပိုင်ဒစ်ဂျစ်တယ်ကင်မရာပိုင်ဆိုင်ခြင်း (ဖုန်းတစ်လုံးရှိယင်ဖြစ်တာပဲကိုနော့)
အင်တာနက်ဆိုင်မှကွန်ပြူတာကို
ကိုယ့်ကွန်ပြူတာလိုသဘောထားနိုင်ခြင်း  (ဒီလိုနဲ့ဂျီမေးလ်အကောင့်တွေခဏခဏပျောက်ပေါ့)

ဘလော့ဂါယောက်ျားသည်ကွန်နက်ရှင်ကိုမယားကြီးအမှတ်မှတ်ပေါင်းသင်းတတ်ကာ
ဘလော့ဂါမိန်းမသည်ကွန်နက်ရှင်ကိုလင်ကြီးအမှတ်မှတ်ကာပေါင်းသင်းတတ်၏ခုပဲကြည့်လေပို့စ်တင်တဲ့အချိန်
ညတစ်နာရီတောင်ထိုးပြီးပါပကော..........
ကွန်နက်ရှင်နှင့်ပါတ်သက်လျှင်မိုးလင်းသည်မသိ မိုးချုပ် မသိ ထိုမျှစွဲလန်းခဲ့ဖူးကြပေမည် ၊
(ပြည်တွင်းမှဘလော့ဂါများကိုဆိုလိုပါသည်)(ရေးမိတာရိုင်းပျယင်လည်းခွင့်လွှတ်စေလိုပါသည်)

အနည်းဆုံးအနုပညာတစ်ခုခုဝါသနာပါသူဖြစ်ပါမည်
ဥပမာ-ကဗျာ၊၀တ္ထု၊သုတစာပေ၊ရသစာပေ၊သီချင်းပေါင်းစုံ
(တောမြိုင်လယ် ယိုးဒယားမှအစ ရက်ပ ဟစ်ဟော့အဆုံး)
သန်ရာသန်ရာနည်းပညာဆိုင်ရာဘလော့ဂါတွေလည်းရှိသေးသည်
ကွန်ပြူတာနည်းပညာမှအစ ကျောက်မျက်ရတနာရောင်းဝယ်ရေးအဆုံး
ဤမျှလောက်သုတရသဗဟုသုတပေါင်းများစွာကို တွေးလည်းတွေးနိုင် ရေးလည်းရေးနိုင်(စု၊တု၊ပြု)
သူများအားလုံးကိုသိမ်းကြုံးကာ(ဘလော့ဂါ)ဟုအမည်သညာခေါ်ကာ ပညတ်ပြုလိုက်ရပါသည်။

တက်ဂပို့စ်အဖြစ်ရေးပေးလိုက်ပါတယ်ညီလေးရေ အချွန်နဲ့မတဲ့တက်ဂပို့စ်ပါကွာ အရိုက်ခံရတော့မယ်
နဲ့တူတယ် အင်တာနက်ငယ်ကျိုးငယ်နာတွေဖေါ်ရကောင်းလားဆိုပြီး...................

ချစ်ခင်လေးစားရပါသော
ဘလော့ဂါမောင်နှမများကို အစဉ်လေးစားချစ်ခင်စွာဖြင့်တမူထူးခြားငယ်နာများကိုဖေါ်ကာ
တက်ဂပို့စ်အဖြစ်ရေးသားလိုက်ပါသည်။     ။

အစဉ်လေးစားချစ်ခင်လျှက်
ချစ်သူမောင်

Sunday, September 4, 2011

သက်တံ့ဖျားကငှက်ကလေးသို့




အုံ့ပုန်းချစ်နဲ့
ခဏလောက်
ချစ်လိုက်ရတာရယ်
ဘယ်လိုဖြစ်ဖြစ်
"ခံစားချက်အသစ်ပဲ"
ရင်ထဲကိုဝင်ယှက်နွယ်
ခက်တယ်...ကလေးရယ်
အသက်ရွယ်ကြီးလေတော့
ချစ်တာလဲဖွင့်မပြောရဲ
ရင်နင့်တာလဲ
အပြစ်သဘောပါကွယ်
ခုချိန်ခါက.......
မင်းတို့အရွယ်လေးတွေ
ပျော်ရမဲ့အချိန်တွေပေါ့လို့
ခပ်ဖော့ဖော့သာ
တွေးယင်းနဲ့အားငယ်
အသက်ရွယ်ထောက်ချင့်လို့
မြှောက်ပင့်လို့လဲမပြောဝံ့ဘူး
ချစ်စဖွယ်ခင့်မူဟန်မြင်တော့
ရင်တွေခုန်တာအရမ်းပါကွယ်
ကိုယ့်အတွက်တော့တခန်းရပ်
အလွမ်းဇတ်တစ်ခုဖြစ်တယ်
ဒါဟာသံသယရှိစရာမဟုတ်တဲ့
အတွေးတစ်စပါ.....ပင့်သက်ရှိုက်
လှိုက်ဖိုမောယင်း ရင်တွင်းမှာနွမ်းလျ
အသက်ရှူလို့
တောင်မ၀တော့တဲ့အဖြစ်
အပြစ်ဖြစ်ပြီလား
အတွေးစိတ်ကူးများစွာ
သြော်........အချစ်တဲ့လား
မပြောဖြစ်တဲ့စကား
အတွေးများစွာထဲမှာထားရစ်
လူဆိုးဖြစ်စေလေ
ဘယ်လိုဖြစ်ဖြစ်
အချစ်ဆိုတာ
ရပ်တန့်မနေဘူးမဟုတ်လားကွယ်
တစ်ကယ်လို့သာနှိုင်းယှဉ်ပြပါဆိုယင်
မိုးနဲ့မြေကြီးအကွာကြီးကွာလိမ့်
ကောင်းကင်ပေါ်ကသက်တံ့ရယ်
မင်းကသက်တံ့ဖျားမှာ
နားနေတဲ့ငှက်ကလေးအသွင်နဲ့
တစ်ချက်လေးပြေးမြင်ကြည့်ပါလား
ဘဒ္ဒဤကမ္ဘာမှာမင်း
ကိုချစ်မိတဲ့သူတစ်ယောက်က
သက်တံ့ရဲ့အစွန်ဖျားနားကို
အသာလေး
ငေးကြည့်နေတယ်ဆိုတာလောက်
မင်းတစ်ယောက်သိယင်
ကျေနပ်လောက်ပါရဲ့
ငါကတော့ခပ်ငေးငေးပါကွာ
ချစ်မိတယ်ဆိုတာကို
မတွေဝေပဲပြောရဲပေမယ့်
ရင်ထဲမှာနင့်နေတဲ့အဖြစ်က
တွေတွေဝေေ၀ပဲ
မပြောရက်ခဲ့ပါ
လူကြီးတစ်ယောက်အမြင်နဲ့တော့
လူဆိုးမလေးပေါ့
ဘာကိုမှဂရုမစိုက်ပဲ
အပေါင်းသင်းတွေနဲ့
ပျော်ရွှင်ရယ်ပွဲဖွဲ့နေခဲ့ပေါ့
ဘယ်လိုဖြစ်ဖြစ်
အချစ်တွေပွေ့ပိုက်ထားယင်း
အဝေးတနေရာကနေ
ငေးရီရီကြည့်နေယုံနဲ့
ကျေပ်နေမိသူရယ်ပါ.........
ရင်မှာကြိတ်ကြွေ
စိတ်အခြေနေမလှလို့
ရေးဖြစ်ရပေမယ့်
ကိုယ်ကတော့လေ
သစ္စာမပျက်တတ်သူရယ်ပါ.......။     ။

Wednesday, August 31, 2011

HAPPY BLOG DAY !!!! TO ALL BLOGGER

HAPPY BLOG DAY !!!! TO ALL BLOGGER လို့ ရှိရှိသမျှဘလော့ဂါအပေါင်းကို မင်္ဂလာနှုတ်ခွန်းဆက်
လိုက်ပါတယ်။ဒီနှစ်ကစပြီးဘလော့ဆိုဒ်အားလုံးအလွယ်တကူဖွင့်လို့ရစေကြောင်းတောင်းဆုချွေလျှက်ပါ
(ခုထက်ထိတော့မရသေး ဘန်းထားတုန်းပဲ) တိုင်မာနဲ့အဖွင့်အပိတ်လုပ်နေကြလားမသိ အမ်ပီတီရပေမယ့်
ရတနာပုံနဲ့ပုဂံကမရသေးအဲဒီလိုမညီမျှတဲ့ချစ်ခြင်းတွေ ...အဲလေယောင်လို့မညီမျှတဲ့ကွန်နက်ရှင်နှေးနှေး
ကြားကပဲနှုတ်ခွန်းဆက်လိုက်ရပါတယ်ချစ်ခင်နှစ်သက်ရသော(ရန်ဖြစ်ရသော)(မတည့်သော) အကုန်ပါတယ်ဗျာ.....ဘယ်လိုပဲဖြစ်ဖြစ်ဘလော့ရေး
နေကြသောဘလော့ဂါကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် မြင့်မြင့် ပုပု ကွကွ ၀၀
အပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုရာဆန္ဒတလုံးတ၀တည်းပြည့်စုံကြပါစေ.......
နောက်ပြီးကိုကြီးကျောက်တစ်ယောက်အနိစ္စရောက်ပြီဆိုတာဟိုနေ့ကမလေးရဲ့ပို့စ်မှာတွေ့လိုက်ရလို့
တစ်ကယ်စိတ်မကောင်းဝမ်းနည်းမိ နောက်ပြီးကိုဏီ လို့ကျွန်တော်ခေါ်တဲ့ကိုဏီလင်းညိုတစ်ယောက်ဘယ်
ပျောက်နေပါလဲ ဘလော့ပိုစ့်မတက်တာကြာပြီ ပို့စ်မတက်ယင်စိုးရိမ်မိလို့သူလဲခဏခဏနေမကောင်းတတ်သူဆိုတော့...........ကဲအားလုံးကျန်းမာချမ်းသာ
စွာရှိကြပါစေ.....................ကြားထဲကအားပေးတဲ့သူတွေပါဆုတောင်းပေးလိုက်တယ်နော်........

Saturday, August 27, 2011

အိမ်ပြောင်းခြင်း


စိတ်ဝင်စားစရာမကောင်းသော ကျွန်တော့၏နေ့ရက်များထဲတွင် နေ့တဓူဝ နေထိုင်ယင်း
အိမ်ပြောင်းခြင်းဆိုသည့် စိတ်ဝင်စားစရာကောင်း သည်ဟုထင်ရသောကိစ္စ တစ်ခုပါဝင်
လာခဲ့သည်။ အိမ်ပြောင်းခြင်း ပါတ်ဝန်းကျင်အသစ်နှင့်တွေ့ထိခြင်း ထိုကိစ္စများမှာ စိတ်
ဝင်စားစရာသိပ်မကောင်းသောကိစ္စများထဲမှ စိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်ခဲ့သည်။
ဒီလိုဆိုပြန်တော့ ချစ်သူမောင် ကဘာမှစိတ်မ၀င်စားတတ်ဟုထင်ကောင်းထင်မိကြပေမည်။
အမှန်မှာအိမ်ပြောင်းခြင်းဆိုသည့်ကိစ္စ သည် ဤသို့ရေးပြသလောက်လွယ်ကူသည့် ကိစ္စ
မဟုတ်ပါချေ ။အမှန်မှာအိမ်တွေပေါလွန်းလို့ အိမ်တွေများနေလို့ ခဏခဏ ပြောင်းနေခြင်း
မဟုတ်ပါ သမီးပညာရေးနှင့်ပါတ်သက်၍ ပြောင်းရန်ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ယ္ခင် နေထိုင်
သောရွှေပြည်သာမြို့နယ်သည်အလွန်ဝေးလံခေါင်ဖျားသောမြို့တစ်မြို့ ဖြစ်လေသည်။ အမှန်
ဆိုလျှင်ရွှေပြည်သာမှ ရန်ကုန်မြို့တွင်းသို့ရောက်ရန် မိနစ်လေးဆယ်ခန့် ကားမောင်း ရလေ
သည် ကားရှိသူကဤသို့ညည်းငြူနေလျှင် အခြားသူများအသို့ရှိအံနည်း ဟုမေးလာသော်
လိုင်းကားစီးသွားလျှင်တော့  ကားကျပ်ချိန်တွင်အနည်းဆုံးတစ်နာရီခွဲခန့် ကြာမြင့်တတ်
လေသည် ထို့ပြင် အခန့်မသင့်ပါက ခါးပိုက်နှိုက်ခံရတတ်နိုင်ပါသေးသည်။နောက် သမီး၏
မူကြိုကိစ္စ ရှိသေးသည် သည်ကိစ္စကပထမဖြစ်ပါသည်။နောက်ခုနစ်လရှစ်လခန့်တွင်သမီး
မူကြိုတက်ရတော့မည်၊ထိုမျှဝေးသောခရီးအတွက် သမီးပင်ပန်းချေမည် ထို့အတွက်
အိမ်ပြောင်းခြင်းဖြစ်ပါသည် ။ ရွှေပြည်သာကနေဘယ်ပြောင်းသွားတာလဲဟု အမေးရှိလေ
သော် သမိုင်းသို့ပြောင်းခြင်းဖြစ်လေသည် ။ရုတ်တရက်ခြံနှင့်ဝင်းနှင့်နေသောဘ၀မှ
ကံထရိုက်တိုက်ခန်းသို့ရုတ်ရက်ပြောင်းခြင်းကြောင့် သမီးအနေထိုင်ကျပ်လေ၏။ ပါတ်ဝန်း
ကျင်အသစ်တွင်သမီးအနေခက်လေ၏။ထိုအခြင်းအရာကို ကျွန်တော်တို့ကြိုတင်တွက်ထား
မိသော်ငြားအသားကျရန်အချိန်ယူရမည်ကိုသိရှိသော်ငြားမပြောင်းမဖြစ်ပြောင်းရပေသည်။
တွေ့ရပြီပါတ်ဝန်းကျင်အသစ်နှင့်၊ရုတ်တရက်ဆိုတော့ကျွန်တော်လည်းလူတမျိုးပေကိုး
ပါတ်ဝန်းကျင်နှင့်စကားမပြောဖြစ်ပါ။ပွင့်ပွင့်လင်းလင်းပြောရလျှင် တွေ့ကရာလူနှင့်မပေါင်း
သင်းတတ်ပါ။ထို့အတွက်ကျွန်တောကထံတွင်အပေါင်းအသင်းနည်းပါးပါသည်။အွန်လိုင်းပေါ်
မှမောင်နှမများမှလွဲ၍ရင်ဘတ်နှင့်ပေါင်းသင်းခြင်းမရှိပါ။မေးထူးခေါ်ပြောလောက်သာ။ခက်
သည်ကကျွန်တော့အခန်းရှေ့တွင်စည်းမဲ့ကမ်းမဲ့ကစားကွင်းဖြစ်နေခြင်းပင်။လမ်းလမ်းကျယ်
ကားအသွားလာနည်းသောလမ်းဤတွင်ညနေဆိုခြင်းလာခတ်သူများမှများပဲ၊ခြင်းဝိုင်းနှစ်ဝိုင်း
သုံးဝိုင်းခန့်အမြဲရှိသည်။ခက်သည်ကနဂိုကဆိတ်ဆိတ်ငြိမ်ငြိမ်နေလာသောကျွန်တော်တို့
မိသားစုအဖို့အခက်ခဲနှင့်စတွေ့သည် ပါတ်ဝန်းကျင်ဆူညံမှု။ ထို့နောက်စည်းကမ်းမဲ့ခြင်းဝိုင်းမှ
ခြင်းလုံးက ကျွန်တော့အိမ်တံခါးကိုခဏခဏထိမှန်ခြင်း ထို့ထက်လွန်ပါက အိမ်ရှေ့တွင်
ထွန်းထားသောမီးလုံးကိုမှန်၍ပြုတ်ကျကွဲသည်အထိ အိမ်ရှေ့ရပ်ထားသောကားကိုမှန်ခြင်း
ကမပြောပလောက်တော့။ထွက်ပြောလျှင်လည်းကြီးကျယ်သည်ထင်ကြမည်။
ခက်တော့ခက်နေပြီ........။သည်ပါတ်ဝန်းကျင်နှင့်တည့်အောင်ပေါင်းနိုင်ပါ့မလား.....
စဉ်းစားနေစဉ် ညဖက် ပလက်ဖောင်းရှိုးဒါဏ်ကိုပါခံစားရတော့သည် ။ကိုယ်ငယ်စဉ်ကလည်း
ဂစ်တာတစ်လက်နှင့်အဆောင်ရှေ့သွား၍ဖျော်ဖြေဖူးပါသည်။ရပ်ကွက်ထဲတွင်ဤသို့တစ်ခါမှ
မဆိုခဲ့ဘူးပါ။သို့သော်ထိုကိစ္စကိုတော့ခွင့်လွှတ်ရပေမည်အိမ်ရှေ့မျက်နှာခြင်းဆိုင်တိုက်တွင်
လည်းသူတို့ပိုးပန်းစရာလောက်လောက်လားလားကောင်မလေးတစ်ယောက်မျှမမြင်မိပါ။
ဝါသနာအရလူငယ်များဝိုင်းဖွဲ့ကြခြင်းဖြစ်နိုင်ပါသည် ကောင်းပါသည်။ချစ်သူမောင်အမ်ပီသရီး
ပလေယာတို့အိုင်ပေါ့တို့အက်(ဖ)အမ်ရေဒီယိုတို့ဝယ်စရာမလိုတော့။အသံကြားဖျားပါစေ
မျက်နှာမြင်ရိုက်ချင်ပါစေဆိုသူများတွေ့နေပါပြီ။အသံနှင့်နှိပ်စက်တာအားမရတဲ့အခါရုပ်နှင့်
ပါဖြဲခြောက်မည်ထင်ပါသည်။ဒါလဲကံအကြောင်းတရားပေါ့..............

Friday, August 19, 2011

အချစ်တဲ့လား


ကဲ ဘယ်လိုလုပ်မလဲ
ချစ်သော ငယ်ရယ်
မသိယောင်ဆောင်
ရယ်ပွဲဖွဲ့ခဲ့တဲ့ရက်တွေ
နွေတစ်နွေမှာ
ကုန်ဆုံးခဲ့ကြ
ဝေးခဲ့ကြပြီ......

လွမ်းတေးသီလည်း
လွမ်းနေမြဲသာ
နေသာနေ ဖြေမရတဲ့အဖြစ်
တွေဝေရတဲ့ အချစ်တွေနဲ့
ကိုယ်လေ ရင်တွေကွဲအောင်
ခံစားရစ်ခဲ့……….
မျက်နှာကလေးမြင်ချင်လို့တောင်မှ
တွေ့ခွင့်မရတဲ့အဖြစ်
အချစ်တဲ့လား……..

ယုံမှတ်မှားနေပြီ
ထင်မှတ်မှားတဲ့မောင့်ရင်ခွင်
အလွမ်း အဆွေး
တမ်း ရမ်း ငေး မော
အတူတူထိုင်ကာ
မမောနိုင်မပန်းနိုင်
သီကြူး ရင့်ခဲ့ကြတဲ့ အချစ်တေး
ခုတော့လည်း
အလွမ်းဇယားပဲလေလား
နွမ်းမောလျစေတဲ့
စိတ္တဇနွေမှာ
အိပ်မရ ည တာရှည်.....

ရှည်လွန်းလှတဲ့
အိပ်မရည
မောရတဲ့သောက
ဗျာပါဒတွေ
နေရာယူခွင့်
မောင်ပေးမိသည်
ဘာကြောင့်ဖြစ်ဖြစ်
လွမ်းရစ်တဲ့ဇတ်အလား
ကျွမ်းရစ်ဖူးသူ
သက်ထားရေ
အခက်များနေရှည်ကြာခဲ့
ရတက်အမှားပွေ
မနေသာရက်ပါ
ခင်ကတော့လေ
ပျော်ပါစေလို့.......

ထားခဲ့ဖူးတဲ့
ညောင်ညိုရိပ်
အတိတ်မှာပဲ
ကျောခိုင်းလျက်မောင်နေ
တွေတွေဝေေ၀ပါပဲ
ပျော်နေသားလို့မတွေးပါနဲ့
"အလွမ်း"ဆိုတာ
အပျော်တရားဖြစ်ယင်တောင်မှ
နွမ်းလျစိတ်တွေကြေမွလို့
ဘာပဲဖြစ်ဖြစ်ပျော်ပါတယ်လို့
ဇွတ်ငြင်းပြောရမယ့်အဖြစ်
မောင့်အချစ်ရေ........

လွမ်းသည်သခင်
ကြင်သူသက်ထား
ထားသွားတော့မလား
အလွမ်းကြားနစ်
မပျော်ရစ်ပါ
ရင်ကိုဝင်ကြည့်
မချိတရိပါ
ကြေ ကွဲနေ မိုး ည
ညညဆိုယင်
အိပ်မရပါ မျှော်လင့်ယင်းဝေး
ရင်မှာဆွေးသည့်
အဖြစ်ပျက်တွေကို
မောင့်ရဲ့ချစ်သူ
သိစေချင်ပါသည်။     ။

Thursday, August 18, 2011

ကျန်းမာပါစေအမေ ဧရာဝတီ

တပိုင်းတစဧရာဝတီ
ဧရာဝတီ
ရာဇ၀င်ထဲကသတို့သမီးအဖြစ်
ကိုငှက်ကြီးတင်စားခဲ့တယ်.....

ဧရာဝတီ
အသက်သွေးကြောဖြစ်လို့
တို့ရဲ့မြန်မာပြည်
ချမ်းသာစေခဲ့တယ်......

ဧရာဝတီ
ရဲ့ရင်ခွင်ပေါ်မှာ
ဦးနာအောက်နဲ့
ဖလုဒ်တီလာကုမ္ပဏီ
အပြင်းအထန်ယှဉ်ပြိုင်လို့
ဇာတိသွေးမာန်
နိုးကြားစေခဲ့ပြန်တယ်.....

ဧရာဝတီ
ပထ၀ီဆိုတာစမသင်ခင်တည်းက
ဧရာဝတီ ဧရာဝတီတိုင်း
အရိုင်းမဆန်တာ
သိခွင့်ရခဲ့တယ်....

ဧရာဝတီ
ဘ၀ပေါင်းများစွာ(တစ်ကယ်တော့
မြန်မာပြည်တစ်ဝက်လောက်ဘ၀တွေ)
ဧရာဝတီထမ်းပိုးထားခဲ့တယ်.....
မြစ်ဆုံကိုတချိန်က
ရောက်အောင်သွားချင်ခဲ့ပေမယ့်
လမ်းခရီးခက်ခဲမှုကြောင့်မရောက်ဖြစ်ခဲ့
မြစ်ကျဉ်းရှိတဲ့ကသာဆိုတဲ့
မြို့လေးမှာသာပျော်မွေ့ခဲ့ရ.......

ဧရာဝတီ
ဂေါဝိန်ဆိပ်ကနေ
ကသာအထိ
ဧရာဝတီရဲ့ရင်ခွင်ကိုဖြတ်ယင်း
ရေပြင်ကိုငေးယင်း
ခရီးသွားခဲ့ဘူးရဲ့
အဲဒီတုန်းကများ
ပျော်စရာပါဧရာဝတီ.......
မေခနဲ့မလိခနှစ်သွယ်
ပေါင်းဆုံကာမှဧရာဝတီဖြစ်တယ်လို့
ပြောကြပေမယ့်တစ်ကယ်ဆိုယင်
မခွဲခြားပဲဧရာဝတီဟာဧရာဝတီပါပဲ
နိုင်ငံအသက်သွေးကြော
ဘ၀များစွာကပိုင်တယ်လေ.......

ဧရာဝတီ
ရဲ့သမိုင်းကြောင်းမှာ
မကောင်းတာမရှိခဲ့ပါ
ဒါပေမယ့်အမြဲတမ်း
သမိုင်းချိုးကွေ့တိုင်း
တိုင်းတပါးအပိုင်စီးခံရတဲ့ဘ၀က
ဘယ်တော့များမှလွတ်နိုင်မလဲ......

အင်္ဂလိပ်ကလုပ်စားယုံလေး
ဖျက်ဆီးဖို့မကြံခဲ့
တရုတ်နဲ့တွေ့မှ
ကျီးတဖုတ်ဖုတ်ဖြစ်ရမယ့်အဖြစ်
ဘာပဲဖြစ်ဖြစ်
သက်ရှည်နေကောင်း
ကျန်းမာချမ်းသာအောင်
ဆုတောင်းပေးယုံမှတပါး
အခြားမရှိတော့လို့.....
ငုတ်တုတ်ငိုင်လက်မှိုင်ချနေခဲ့ရ
ဘာပဲဖြစ်ဖြစ်လေ
ငါတို့ရဲ့ဧရာဝတီအမေ
တရုတ်ကနေ
သွေးဖေါက်စုပ်တာ
မခံရပါစေနဲ့လို့ဆုတောင်းချွေ..........

Tuesday, June 28, 2011

ကံကောင်းတဲ့အရီး

ဒီလိုနဲ့ သူငယ်ချင်းအဖေသင်္ဂြိုလ် ပြီးပြီးချင်းပဲ(နာရေးကိစ္စ အစဆုံးအပြီး)
ညနေငါးနာရီထိုးပါပြီ။
တစ်နေ့လုံးအသုဘကိစ္စ လုပ်နေယင်း
အရီးဆီကိုစိတ်ရောက်ပြီးစိတ်ပူနေခဲ့တာကြောင့် ချက်ချင်းပဲ
အိမ်ပြန် ရေမိုးချိုးပြီးခေါင်းလျှော်ပြီးနောက် ပြည်
ကိုသွားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ညတွင်းချင်းပဲ
ဒဂုံအောင်လံ express နဲ့ တွေ့ရပြီပေါ့၊ Express သာဆိုတယ်
မိုးရွာနေတဲ့အချိန်မိုးယိုတာတော့ဘယ်လို
ဘယ်သူဖြေရှင်းတာမှမတွေ့ရပါဘူး။ မိုးကလည်းသည်းမိုးသည်းသည်းမှာမိုးယိုတဲ့
လေအိတ်ကားနဲ့
သိပ်တော့မနိပ်လှဘူး။ဒါပေမယ့်ကိုယ့်အရေး
နဲ့ကိုယ်ဆိုတော့လည်းမိုးယိုတာကိုသတိထားမိယုံလေးပါ
ဆိုရမလား အများသူငါလိုမသိချင်ယောင်
ဆောင်ခဲ့မိသလားမသိခဲ့ပါ။သို့သော်မိုးယိုသည်ကိုတော့ဘာမှ
မပြောဖြစ်ခဲ့ပါ။ညနှစ်နာရီကျော်လောက်မှာ ပြည်မြို့
ရဲ့အဝေးပြေးကွင်းရှေ့ကိုရောက် ပါတယ် ။
တွေ့ပါပြီနဖူးတွေ့ဒူးတွေ့(ပြည်က-----------အထူးကုဆေးခန်းဆိုသည်မှာ)
၁။ အလွန်ညစ်ပါတ်သောနေရာဖြစ်ပါသည် ။( ယင်ကောင် ခြင် အလွန်ပေါပါသည် )
၂။သမားတော်ကြီးများ တော်ကြပါသည် ။( မှတ်ချက် -
သူနာပြုများမှာသူနာပြုအစစ်များမဟုတ်ကြပါ
အများစုမှာ
သားဖွားသင်တန်း မှဆင်းသူများ ဖြစ်ပြီး
လူနာများကိုမည်သို့ပြုစုရမည်ကိုနားလည်သူများ
မဟုတ်ကြပါ၊ အများစုမှာ ဂျူတီချိန်နှစ်ခုယူပြီး
နေ့လည်ဖက်တွင်လည်းဟိုယောင်ယောင် ညဖက်တွင်
လည်းလူနာကိုပြုစုရန်မကြိုးစား အိပ်ဖို့ရန် အလွန်အားသန်လှသူများဖြစ်ကြသည်တခါတရံ
ထမင်းသွားစါးမည်ဟုအကြောင်းပြကာအဆောင်ပြန်ပြီးအိပ်နေတတ်ခြင်း)
၃။လူနာအများစုမှာ တော်တော်တောကျသောနေရာမှလာသူများဖြစ်ကြသည်( ဆေးရုံအုပ်ဆိုသူမှာ
အပေါက်ဆိုးသည့်အလျောက် မသိနားမလည်သူများကို အသက်ကြီးသူများဖြစ်စေကာမူ ဟောက်
ဟမ်းငေါက်ငမ်း ဆက်ဆံတတ်ခြင်း )
၎။ ဆေးထိုးသည့်အခန်း၊ ဆေးထည့်သည့်အခန်း အစရှိသောအခန်းများကို pay room များ အဖြစ်
အသွင် ပြောင်းကာ
လူနာများပြေလည်စေရေးဖန်တီးတတ်နိုင်ခြင်း(ဥုံဖွ၊အပ်ချလောင်း ဆိုသည်
ထိုထိုဆေးခန်းမှဆရာများ ဆရာများအတွက် ထမင်းစားရေသောက်မျှသာဖြစ်ပါသည်။
ရောဂါပျောက်
မပျောက်တော့မသေချာပါ )
၅။ပစ္စည်းကိရိယာစုံလင်သည့်အလျောက် ရောဂါရှာဖွေချိန် ကြာမြင့်ကာ
တလွဲတွေကုသတတ်ခြင်း (ဥပမာ-
လူနာမှာအစာအိမ်သွေးကြောပေါက်ကာသွေးအန်၍ရောက်လာသော်လည်း ပဏာမ
ဆီးလမ်းကြောင်းတွင်
ပိုးဝင်သည်ဟုဆိုကာကုသခြင်း)
ထိုထိုအချက်လက်များမှာပဏာမ ဥပမာ များသာဖြစ်ပါသည် ထိုကိစ္စများမှာ
ကျွန်တော် တစ်ရက်နှင့်တစ်ည
တိတိ ရှာဖွေတွေ့ရှိချက်များသာဖြစ်သည် ထို့ထက်ပိုသောအဖြစ်ပျက်ကောင်းများ
ရှိလျှင်ရှိနိုင်သည်။
ထားပါတော့လေ ကျွန်တော်ရောက်သွားတော့ အရီးခွဲစိတ်ခန်းမှထွက်လာပြီ
ကျွတော်စိတ်တော့
နည်းနည်းအေးရသည် ပြောချင်တာရှိသေးသည် အစာအိမ်သွေးကြောပေါက်သည့်လူနာကိုကုသသည့်
ကုထုံး ရှေးနည်းအရဆိုလျှင် သွေးထွက်သည့်ပမာဏအလွန်များ လျှင်ရေခဲအုံကာသွေးတိတ်စေရန်
ပြုလုပ်ပေးရသည် သွေးတိတ်သွားသည့်အခါတွင်လည်း ပူသည့် ကော်ဖီ အိုဗာတင်း လက်ဖက်ရည်
အစရှိသည်တို့ကိုကျွေးမွေးရန်မဆိုထားနှင့် (ရန်ကုန်တွင်ဆိုလျှင်
အစာအိမ်တွင်းကြည့်မှန်ပြောင်းဖြင့်
ချက်ချင်းရောဂါရှာဖွေသည်) ရေခဲမုန့်လောက်သာကျွေးသင့်သော်လည်း သူတို့ အခေါ် စပယ်ရှယ်
နာ့စ် က အိုဗာတင်းဖျော်တိုက်သည် ထိုကိစ္စမှာ အလွန်ဆိုးရွားလှသော
နောက်တစ်ခါ သွေးယိုစေရန်လှုံ့
ဆော်မှုဟုယူဆပါကမှားမည်မထင်ပါ။ဆေးရုံ ဆေးခန်းဆိုသည်မှာလူနာများ၏အသက်ကိုကယ်တင်သည့်
နေရာဖြစ်သော်ငြား မသိနားမလည်သူများကိုတာဝန်ပေးစေခိုင်းခြင်း များမှာ
လူနာများ၏အသက်ကို ရန်ရှာ
သည်နှင့်တူသည်ဟုထင်ပါသည်။
နောက်အချက်တစ်ချက်ရှိပါသေးသည် လူနာများ၏အသက်အရွယ်ကြီးရင့်နေသဖြင့် လက်လျှော့
လိုက် သည် လက်လျှော့လိုက်ပါ ထိုစကားမျိုး မပြောသင့်ုထင်ပါသည်။ကျွန်တော်
ရန်ကုန်တွင်လည်း
ဆီးနှင့်ကျောက်ကပ် ဆရာဝန်ကြီးတစ်ဦး( အငြိမ်းစား)
ထိုစကားမျိုးပြောဖူးသည်ကိုနားနှင့်သေချာ ကြား
ဖူးထားသဖြင့် သစ္စာအဓိဋ္ဌာန်နှင့်မညီသောစကားကိုပြောသည်ဟုထင်ပါသည်။
ထိုမျှလောက်သောဆေးခန်းမျိုးတွင်
အသက်ရှစ်ဆယ်ရှိကျွန်တော့အရီးအသက်မသေပါ ဆေးခန်း၏
luck ကြောင့်လား အရီးပဲကုသိုလ်ထူးသည်လားကျွန်တော်မပြောတတ်ပါ ။
သို့သော်ကျွန်တော်စိတ်အေး
ရပါပြီ ရှုပ်နေသောစိတ်များလည်းပိုရှုပ်ကာ ရှင်းမရတော့မဖြစ်
.......ကျွန်တော်ယ္ခုရေးသားဖေါ်ပြချက်
များမှာပုဂ္ဂိုလ်ရေးအရ မပါပါ။ ကျွန်တော့ဘ၀မှတ်တမ်းတစ်ခု၏အစိတ်ပိုင်းတစ်ခုသာ........။

စိတ်ရှုပ်ရသောနေ့ရက်များ

ဝတ္ထုရေးယင်းပို့စ်တွေတင်နေယင်းနဲ့ အလုပ်များနေတဲ့ကြားက အလုပ်တွေရှုပ်နေတဲ့ကြားက
ပိုပိုပြီး စိတ်ရှုပ်စရာတွေကြုံလာရတတ်ပါတယ် ။ ကြုံဖူးကြမယ်လဲထင်ပါတယ် ။
တစ်ခုပဲ အလုပ်များနေတဲ့
ကြားက ရွာကအရီးတစ်ယောက်နေမကောင်းဖြစ်ပါတယ် ဖြစ်တုန်းကတော့ ဘာဖြစ်တယ်လို့သေချာမသိ
ပါဘူး ပြည်က လောကပါလ မှာတင်ထားရတယ်ပဲသိတာ။ ကျွန်တော်ကအလုပ်များယင်လူမှုရေး ငဲ့လို့မရ
တဲ့အကြောင်းတွေရှိပါတယ်။ကျွန်တော့အလုပ်နဲ့ပါတ်သက်တဲ့သူများများ ကလည်း
ကျွန်တော့ကိုလူမှု
ရေးနဲ့ပါတ်သက်ပြီး နားလည်မပေးတတ်ကြတာ ငွေကတော့မပေးချင် ဆားဗစ်သာအလကားလိုချင်
ကြတာပါ။ ခက်တာက သူတို့အတ္တအတွက် ကျွန်တော်ကလူမှုရေးတွေပျက်ကွက်ကုန်တာပါ။ကျွန်တော်က
လူမှုရေးခေါင်းပါးတဲ့သူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ရတာပါ။အချိန်တိုင်း
ready ဖြစ်ပေး နေရတာ
ကြာတော့လည်း စိတ်ကုန်လာပါပြီ ။ business ဆိုပေမယ့် ကျွန်တော့ဆီက
စက်တစ်လုံးဝယ်ပြီးယင်
တစ်ချိန်လုံးကျွန်တော့ဆားဗစ်က stand by ဖြစ်နေရ တော့မှာပေါ့
အဲဒီလိုခံယူချက်နဲ့ လူမှုရေးမေ့
ထမင်းမေ့ ဟင်းမေ့ လူမှုရေးမေ့ အိမ်ကိုမနက် ၎
နာရီထိုးမှပြန်ရောက်တဲ့နေ့တွေလည်းမနည်းပါဘူး။
အဲတာတွေဟာ အောင်မြင်မှုရဲ့အစဖြစ်သလို ကျွန်တော့အတွက်
လူမှုရေးအရှုံးများစွာဖြစ်ပေါ်စေခဲ့ပါတယ်
ကျွန်တော့ကိုမကြည့်ပေးသူများ နားလည်မပေးနိုင်ကြသူများ
ခုဆိုခုလာစေချင်သူများ ကိုယ်ချင်းစာစေ
လိုပါတယ်။ နားလည်စေလိုပါတယ် ခက်တာကနားမလည်ကြပါဘူး သူတို့ဖြစ်ချင်တာတစ်ခုပဲသိသလို
ကျွန်တော့ဆီကနေစက်တစ်လုံးဝယ်ပြီးယင် ဆားဗစ် တစ်သက်လုံးရမယ်လို့ မှတ်သားထားကြသူများ
ကျွန်တော် ကတော့ခင်ဗျားတို့အတွက်နဲ့ မျက်နှာလဲရွဲ့ ခဲ့ပါပြီ
လူမှုရေးခေါင်းပါးတဲ့သူတစ်ယောက်ဖြစ်
နေခဲ့ပါပြီ အဲဒါအပြင် stress တွေများပြီး အပေါက်ဆိုးတတ်လာခဲ့တဲ့အခါ
စကားပြောတာ အချိုးမပြေ
တဲ့သူတစ်ယောက်လည်းဖြစ်စပြုနေပါပြီ ။
စရေးတုန်း ကတော့အရီးအတွက် နောက်ပြီး သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆုံးသွားတဲ့ကိစ္စ
စိတ်မကောင်းကြောင်းနဲ့ သတင်းစာတိုက်ကိုနာရေးကြော်ငြာ သွားထည့်ခဲ့တဲ့
အဖြစ်တွေရေးမလို့ပါ
မထင်မှတ်ပဲ ရင်ထဲက ပေါက်ကွဲသံတွေ ထွက်လာတော့ ဘာဆက်ရေးရမှန်းတောင်မသိတော့ပါဘူး
stress ဘယ်လောက်များနေလဲစဉ်းစားသာကြည့် ကြပါတော့။
မနေ့က အချစ်ဆုံးငယ်သူငယ်ချင်းတစ်ယောက်ဖုံးဆက်လာ ခဲ့ပါတယ်။ သူကပင်လယ်ကမ်းစပ်က
မြို့ (အမှန်တော့ ရွာ ) တစ်မြို့မှာနေတဲ့ သူတစ်ယောက်ပါ
။သူ့အဖေဆုံးသွာြး့ပီဆိုတဲ့ အကြောင်း
ဖုံးဆက်လာတာပါ။သူ့အသံကြား ရတော့မတွေ့ရတာကြာပြီဖြစ်တဲ့အတွက်ရုတ်တရက် ၀မ်းသာသွား
ခဲ့ရပါတယ်။ နောက်ဆက်တွဲစိတ်မကောင်းဖြစ်တာကလွဲယင်ပေါ့။
နောက်တော့သူနဲ့ဆုံပြီး စကားပြော
ဖြစ်ပြီးတဲ့နောက် နာရေးကြော်ငြာ ထည့်ပေးဖို့ ကိစ္စပြောဖြစ်ပြီး
မနေ့ညကလမ်းခွဲခဲ့ကြတယ် ။ အဲ ဒီနေ့
မနက်တော့ ကြေးမုံသတင်းစာ ကြော်ငြာဋ္ဌာနကိုရောက်ခဲ့ ပါတယ် ဒီနေ့စနေနေ့ဆိုတာ သတိမထားမိ
လိုက်တော့ရောက်သွားတာမနက်ကိုးနာရီခွဲ ရုံးနေ့တစ်ဝက်ပဲဖွင့်တယ်တဲ့
ပိတ်ရက်မို့လို့ နေ့လည်
၁၂ နာရီမှလာခဲ့ပါတဲ့ ကျွန်တော်တို့ရုတ်တရက် ဘာလုပ်ရမလဲမသိဖြစ်သွားရတယ်
စဉ်းစားကြည့်ကြပါ
တစ်ဖက်ကနာရေးဖြစ်နေတာပါ ။ကျွန်တော်တို့မှာ အချိန် ဘယ်လောက်ရမလဲ
ကျွန်တော်တို့မှာစီစဉ်စရာ
တွေအများကြီးရှိနေပါတယ် ကားငှားဖို့ကိစ္စ ယပ်တောင်ကမ်းရေဘူးကမ်းဖို့ကိစ္စ
သင်္ချိုင်း နေရာကိစ္စ
အစရှိတဲ့အလုပ်တွေကအများသားပါ ။အဲတာတွေစီစဉ်ဖို့တောင်အချိန်မရ
တာနာရေးကြော်ငြာကိစ္စကို
ထိုင်စောင့်ကြရမယ်ဆိုတော့စိတ်တော်တော် ပိန်သွားရပါတယ် ။ဒီမှာပြောစရာစကား
တစ်ခုရှိပါတယ်
သတင်းစာ ဆိုတာနိုင်ငံရဲ့နားနဲ့မျက်စေ့ ဆိုတဲ့ ကိစ္စ
ကျွန်တော့ခေါင်းထဲမှာအငြင်းပွားဖွယ်ဖြစ်သွားပါတယ်။
နောက် စူပါမင်းကားထဲမှာ လျှပ်စစ်မီးပျက်တာလားကွန်ပျူတာတွေ
ဗိုင်းရပ်စကိုက်တာလားသေချာတော့
မမှတ်မိတော့ အဲဒီအချိန်မှာဒေးလီးပလန်းနက် ကိုညတွင်းချင်း
ရှေးဟောင်းပုံနှိပ်စက်ကြီးတွေ အသုံးပြု
ပြီးမနက်စောစောထုတ်ဝေနိုင်အောင်ရိုက်နှိပ် ခဲ့တဲ့ သတင်းစာ
ပိတ်ရက်မရှိတဲ့သတင်း အဲဒီအချက်လက်
တွေနဲ့ ကျွန်တော့ခေါင်းထဲစိတ်ရှုပ်လို့နေတုန်း ကျွန်တော့ခါးမှာထိုးထားတဲ့
ဟန်းဖုန်းကထမြည်ပြန်ပါ
တယ် ပြည်မှာဆေးရုံတက်နေတဲ့ အရီးတစ်ယောက် အခြေနေမကောင်းဘူး ဆိုတဲ့သတင်းရပြန်တော့
သူငယ်ချင်းကိုပစ် ထားခဲ့ပြီး ပြည်ကိုချက်ချင်းထလိုက်သွားချင်ပြန်
နှစ်ကိုယ်ခွဲလို့လဲမရ အင်းစိတ်မော
လူမောနဲ့ လုပ်လက်စအလုပ် ကမပြီး ကျွန်တော့စိတ်ထဲ
တော်တော်ရှုပ်ထွေးသွားရပါတယ်။အရီး ဆိုတာ
ကျွန်တော်ရဲ့ (ဟိုးဝေးဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့ မြို့ကလေး )မှာပါတဲ့
အဲဒီမြို့ ကနေမနီးမဝေး
ကျွန်တော်တို့သွားနေကျရွာက သွားယင်လည်းအဲဒီအရီးအိမ်မှာတည်းနေကျ
အဲဒီအရီးကကျွန်တော်ဆို
ယင် တော်တော်ချစ်တာဆိုတော့ ကျွန်တော်လည်းလောလောဆယ်ဝေခွဲမရဒုက္ခဖြစ်နေတုန်း စိတ်ရှုပ်
နေတုန်း ရေးထားတဲ့ပို့စ် မှာ ဖတ်ပြီးလို့စိတ်ရှုပ်သွားကြယင်
ခွင့်လွှတ်ကြပါလို့..............

Saturday, June 18, 2011

နွေအလွန်တိမ်စွန်မှာမိုးရိပ်သန်းတော့(၃)

မင်း .. မဟုတ်သေးပါဘူးကွာ
အောင်ကို ၏ဝေဖန်သံ
ရန်နိုင်က ဟ...ငါကဘာမဟုတ်ရတာတုန်း
နေထွန်းက၀င်ပြောသည်.... နှစ်ခါတည်းဆုံဖူးတာများ မင်ကဟိုးအယင်
တည်းကသိနေသလိုလို ပြောနေတာလေ...
စောမင်း ကလည်း ...ဟုတ်တယ် မဖြစ်နိုင်တာ တွေ
အောင်ကိုကဆက်ပြီး ချစ်ခြင်းအစမျက်စေ့ ကလို့ ပြောကြတယ်ကွာ
နေထွန်း က ထောက်ခံသလိုလိုနှင့် ဟုတ်ဖူး
အချစ်မှာမျက်စေ့မရှိဘူးလို့ပြောကြတယ် .....လို့ထငြင်းသည်
သွားပြီ ဒီအုပ်စုလေးထဲမှာ ဒီနှစ်ယောက်ဆင်ခြေအများဆုံး
သူတို့နှစ်ယောက်စငြိကြပြီ စကားလည်းများလှသောအောင်ကိုနှင့်နေထွန်း
တို့၏ပွဲစဉ် သွားပြီ ရန်နိုင်တစ်ယောက် စိတ်ရှုပ်လို့
ကမ်းနားလာထိုင်ကာမှသပွတ်အူမျောလာတာတွေ့လိုက်သလိုမျိုးတော့ဖြစ်ပြီ
ခက်တာကကျောင်းမှာတည်းကပြောမနာဆိုမနာတွဲလာကြသူများ ဖြစ်ရာ
ရန်နိုင်ဘယ်သူ့ဖက်ကဘာဝင်ပြောရမှန်းမသိ ခက်သည်ကသူ
ကိုယ်တိုင်ပင် အစဆွဲထုတ်မိခြင်း တနည်း
မျက်ဝန်းနက်လေးအားသတိတရဖြစ်နေမိကြောင်းပြောမိရာကစသည့်ဇတ်လမ်း ရန်နိုင်
ဘာမှ
မပြောသာ နေထွန်းနှင့် အောင်ကိုငြင်းကောင်းဆဲ စောမင်းကတစ်ဖက်ဆီမှ
အတို့အထောင်လုပ်ကာ ထောက်ခံလိုက်ကန့်ကွက်လိုက်
လုပ်နေသည် ရန်နိုင် ထိုသုံးယောက်ကိုစိတ်ပျက်လက်ပျက်ကြည့်ပြီး ကဲငါသွားပြီ
ဟုရုတ် တရက်ထထွက်တော့မှ ဟဟ..နေဦး ဘောစိ
ရယ် ငါတို့စားထားတာလေးတွေရှင်းသွားဦးလေ ...ဟုသံပြိုင်ထွက်လာ၏ ။ရန်နိုင်က
ဘာဆိုင်လို့ရှင်းရမှာလဲလို့ပြောစဉ် စောမင်းက
မင်းနဲ့ မျက်ဝန်းနက် လေးတို့ မျက်စေ့က စတဲ့ ကိစ္စ အဲဟုတ်ပါဘူး အဲဟုတ်တယ် အာဟုတ်ဖူး
ကဲ စောမင်းရာတော်ပါတော့ကွာ ကြာယင်ငါရူးရမယ်
မင်းဟိုနှစ်ကောင်ကြားအတို့အထောင်လုပ်တဲ့ အရှိန်မကုန်သေးဘူး ငါနဲ့မျက်ဝန်း
နက်လေးလည်းဘာမှမဖြစ်သေးဘူး အဲဒီတော့ကိုယ့်ဟာကိုယ်ရှင်းကြ ။အမ်
အဲလိုတော့မလုပ်ပါနဲ့ကွာ မင်းကရန်ကုန်မှာနေပြီး လောလော
ဆယ် ကုမ္ပ ဏီထောင်ဖို့ ကြိုးစားနေတဲ့သူ ငါတို့က အဆောင်မှာနေယင်း
ကုမ္ပဏီသေးသေးလေးတွေမှာ လစာနည်းနည်းနဲ့ အလုပ်ဝင်နေတဲ့
သူတွေ ဒီနေ့နှစ်ဆယ့်သုံးရက်နေ့လေ ကြားဖူးတယ်မဟုတ်လားပြတ်တုန်းလပ်တုန်း
နှစ်ဆယ့်သုံး ဆိုတာလေ ဟု စောမင်းက အရှည်ကြီး
ရှင်းပြလေ၏ ။တော်ပါကွာဆက်ပြောနေယင် သဒ္ဓါ လွန်တော့မယ် လွန်ယင် တဏှာကျွံတော့မယ် .....
အဲရန်နိုင် အချင်းချင်းမင်းဘာတွေပြောနေတာလဲငါတို့ကိုတော့ချမ်းသာပေးပါကွာဟုအောင်ကို
က မျက်နှာငယ်လေးနှင့် ၀င်ပြောသည်
ရန်နိုင် ပြုံးလိုက် မိသည် သည်သုံးရက်အတွင်းပထမဆုံးပြုံးမိခြင်း
ဖြစ်မည်ဟုထင်သည် ဦးနှေက်စားရပါလားမျက်ဝန်းနက်လေးရယ်။
ကဲပါကွာငါရှင်းသွားပါ့မယ် .....ဒါပေမယ့်ငါမသွားချင်သေးဘူးမင်းတို့နဲ့
ထိုင်စကားပြောချင်သေးတယ် ထိုစဉ် နေထွန်းက မိန်းမလျာ
ပုံဖမ်းကာဟွန့်.. သူပဲအမျိုးမျိုး လို့ ၀င်ပြောတော့အားလုံရယ်ဖြစ်ကြသည်
ရယ်လိုက်ကြတော့လည်းစိတ်ထဲအနည်းငယ်ပေါ့ပါး သွားလေ၏။
အမှန်တော့ ရန်နိုင် ခုထိအဖြေရှာမရသေးသော အလွန်ရင်းနှီးနေသည်ဟူသော
အချက်ကိုဆက်တွေးနေမိသည် ဟိုသုံးကောင်ကတော့ထင်
ရာတွေပြောနေကြဆဲ...........
အိမ်ပြန် ရောက်တော့ကြီးမေကိုဧည့်ခန်းမှာ စာအုပ်အထူကြီး ကိုင်လျက်တွေ့သည်
ဟန်မဆောင်နိုင်ပဲ ကြီးမေ အနားပြေးထိုင်ကာ မျက်ဝန်း
နက်လေးအကြောင်း ဖွင့်ပြောပြ မိသည် ။
ကဲသား ကြီးမေပြောပြမယ်နားထောင် မင်းတစ်ခါမှမရောက်ဖူးတဲ့ အရပ်တစ်ခုကို
မင်းရောက်သွားမယ် ဒါပေမယ့် အဲဒီအရပ်ဟာ မင်းနဲ့
လုံးဝမစိမ်း တဲ့ဒါမှမဟုတ် မင်းရောက်ဖူးတဲ့ အရပ်လိုသိနေတဲ့
အတွေ့အကြုံမျိုးမင်းဖြစ်ဖူးလား
ဟုတ်ကဲ့ တခါတော့ဖြစ်ဖူးတယ်
ဘယ်တုန်းကလည်း
ပုဂံ ဘုရားတွေ ပထမဦးဆုံးအကြိမ် သွားဖူးစဉ်တုန်းက နေရာတော်တော်များများ
ကျွန်တော်သေချာသိနေသလိုခံစားရတယ်
ကဲမှတ်ထား သား ကြီးမေပြောမယ် အဲဒီအဖြစ်မျိုးတွေကို ဒီဂျာဗူးလို့ ခေါ်တယ်
ဒါပေမယ့်ကြီးမေကတော့ အနောက်တိုင်းလူတွေပြောသလို
မသိစိတ်ကိုအခြေခံတဲ့ ဒီဂျာဗူး ကိုသိပ်တော့သဘောမတွေ့လှပါဘူး ကြီးမေ
ကိုယ်တိုင် ဝေဖန်သုံးသပ်မိတာကတော့ ကံကံ၏အကျိုး
လို့ ဆိုချင်တယ် ဘုရားဟောထဲမှာလည်းပါသားပဲ အတိတ် ပစ္စက္ခ အနာဂါတ်
ကာလသုံးပါထဲမှာ တိုတိုပြောယင် သံသရာထဲမှာ လည်နေသရွေ့
အနီးစပ်ဆုံး ကျွမ်းဝင်ခဲ့ဖူးတာတွေကို ဒီဂျာဗူး အဖြစ်ပြန်မြင်တယ်လို့ထင်တယ်......
ကြီးမေရှင်းတော့မှ ရန်နိုင် ပိုရှုပ်သွားတော့၏
စဉ်းစားစရာတွေပိုလို့များလာ၏ ဒါဆိုမျက်ဝန်းနက်လေးကဘယ်သူလည်း သူလည်းသံသရာ
တကွေ့တချိုးမှာပါတ်သက်ဖူးသူလေလား.............ဒီညမိုးသည်းထန်ပေမယ့်ရန်နိုင်အိပ်မပျော်တော့......

--
ချစ်သူမောင်

Wednesday, June 8, 2011

နွေအလွန်တိမ်စွန်မှာမိုးရိပ်သန်းတော့(၂)


မနေ့က မိုးသည်းထန်ခဲ့၏ နွေအလွန် တော်တော်ကြာမှရွာသောမိုးဖြစ်၍ သည်း၏ ထန်၏ မိုးစက်ကြွေလွင့်ခြင်း ပြင်းထန်၏။ ထိုမိုးနှင့်
အတူ ငါးရစ်တက်၏ ငါးရစ်တက်ခြင်းဆိုသည် ငါးများအတွက် မျိုးပွားခြင်းဆိုင်ရာ အလုပ်ဖြစ်သည် ။ငါးရစ်တက်ချိန်မှစ၍ ရွာသောမိုးသည်
အရှိန်ရ၍ ရွာသောမိုး နှင့်အတူပင် သည်းထန်၏ ။ထိုတစ်နေ့ ရန်နိုင်အတွက် အမှတ်တရနေ့ တစ်နေ့ဖြစ်ခဲ့၏ ။ထိုသို့ဖြစ်ရန် မထင်မှတ်
ထားခဲ့ပါချေ။ထိုနေ့က ရန်နိုင်၏စိတ်ထဲတွင် သင်တန်းတက်ရန်စိတ်စောနေမိခဲ့၍ ပါတ်ဝန်းကျင်ကိုဂရုမစိုက် မိခဲ့ ရွာနေသောမိုးသည်း
အောက် တွင် မိုးကာကိုစွပ် ကြီးတော်ကြီးပေးလိုက်သောထီးကိုတစ်ဖက်ကကိုင်ကာ သင်တန်းတက်ရန်သာစိတ်စောနေမိခဲ့၏ ။ထိုနေ့က
ပရောဂျက်အသစ် တစ်ခုကိုလက်တွေ့ လုပ်ရန်စိတ်စောနေခြင်းဖြစ်သည် မထင်မှတ်လိုက်ပါ မိမိ ၏ကားရပ်နေကျနေရာမှသင်တန်း သို့
အလာ တစ်ယောက်ယောက်ကိုဝင်တိုက်မိလေ၏ တမင်သက်သက် ၀င်တိုက်မိခြင်းမျိုးတော့မဟုတ် ၀တ္ထု များတွင်တော့ တမင်သက်သက်
ဝင်တိုက်ခိုင်းတတ် လေ၏ ။ နောက်တော့ဘာညာ ရင်းနှီး သွားတတ်ကြ၏ ထိုသို့မဟုတ် ရန်နိုင်နှင့် က ဘုကျခဲ့ကြလေ၏ ။ဘယ်လိုဖြစ်လို့
ဝင်တိုက်ရတာလဲ ဟူသောရန်တွေ့သံချိုချိ နားထဲဖြတ်စီးမျော ရန်နိုင်စိတ်ထဲတော့ ဘုထတောချင်စိတ်ပေါ်လာ၏ ခင်ဗျားကရော ဘယ်ညာ
မကြည့်ပဲ ၀င်တိုက်မိအောင်ဖြစ်ရလား ဟူ ကောမိပြီး မျက်နှာကလေးမြင်တော့မှ မျက်ဝန်းနက်လေး ပါလား ခရမ်းရောင်ထီးလေးကိုင်လို့
ရန်နိုင်ကိုစူးစူး ရွားရွား ကြည့်နေသည့်ပုံကို ရန်နိုင့်စိတ်ထဲစွဲလမ်းသွားရသည်ဟုဆိုလျှင်..........
နောက်တော့ မိမိ ဘယ်ညာမကြည့်ပြောလိုက်မိသော စကားအတွက်အားတုံ့အားနာ ဖြစ်ရ၏ စိတ်ဟူသောအရာအလိုလိုက်လျှင်လိုက်သလို
တောင်းပန်မိပြန်၏ အာဆောရီး ကျွန်တော်စိတ်လောသွားလို့ပါဗျာ  တမင်ဝင်တိုက်တာမဟုတ်ပါဘူး ။
ဟွန့်.. တတ်လည်းတတ်နိုင်တယ် ခုနကလူကိုဟောက်ပြီးတော့
အဲလိုလဲမဟုတ်ပါဘူး ကျွန်တော်ကစိတ်လောပြီးသွားနေမိတာ ၀င်တိုက်မိတော့စိတ်ထဲ ကသိကအောက်ဖြစ်လို့ပြောမိတာ ခွင့်လွှတ်ပါလို့
တော့မပြောဘူး စိတ်တော့မကောင်းဘူး ဗျာ
ဒါဆို ရှင်ကရူးနေတာပေါ့
ဟယ် ဘယ်လိုကောင်မလေးလဲ စိတ်မကောင်းဘူးဆိုတာ ဆောရီးရဲ့အဓိပ္ပာယ်ပဲ ဘယ့်နဲ့ငါ့ကိုအရူးလို့စွပ်စွဲရပြန်တာတုံး ခက်တယ်
မြန်မာစကား နားမလည်တတ်ယင်ပြောလို့ကိုမရဘူး ငါတရုတ်လိုပြောလိုက်ရ ဒါမှမဟုတ်  ဗျနာရောလို့ကိုရီးယားကားတွေထဲကလိုတောင်း
ပန်လိုက်မှ ရှင်းမယ်နဲ့တူတယ်။
ဟုတ်တယ် ..အယ်..ဟုတ်ပါဘူး ကျုပ်ကဘာလို့ရူးရမတုန်း ခင်ဗျားကိုတောင်းပန်နေတာဗျ တောင်းပန်တာမှနားမလည်ယင် စကောတွေ
ဇကာတွေပါပန်ပြရမယ်နဲ့တူတယ် ထိုသို့ဘုတောလိုက်မှ မျက်ဝန်းနက်လေး ထံမှ အပြုံးစနှင့် မိမိကို ကလေးတစ်ယောက်လိုကြည့်
နေသည့် အကြည့်ကို ခံစားလာမိကာ ရောယောင်ပြုံး ပြဖြစ်လေသည် ။ ထိုနေ့က မိုးတွေရွာနေခဲ့၏ ။တစ်ယောက်နှင့်တစ်ယောက်မိတ်
မဆက်ဖြစ်ကြပါ သည်လိုနှင့်လမ်းခွဲဖြစ်ကြသည် ရန်နိုင်၏စိတ်ထဲတွင် မျက်ဝန်းနက်လေးအား အလွန် ရင်းနှီးနေ လေ သည်။သင်တန်းက
ပရောဂျက်တွင် လည်းအာရုံ မရတော့ မန်မိုရီစတစ်နှင့်ကူးကာ အိမ်ရောက်မှ ဆက်လုပ်မည်ဟုဆုံးဖြတ်ချက်ချလိုက်၏ အာရုံထွေပြား
ခြင်းလောမသိ ရန်နိုင်စိတ်ထဲတွင် မရှင်း ပရိုဂရမ်းမင်းတော့မဟုတ်ပါဘူးဟုတွေးနေယင်း.............မျက်ဝန်းနက်နက်လေးတစ်စုံကို
မြင်ယောင်နေမိ ၏စိတ်ထဲ တွင်လာစွဲထင်နေသောမျက်ဝန်းနက်လေး၏အရိပ်သဏ္ဍန် က အထင်အရှား........။

Monday, June 6, 2011

နွေအလွန်တိမ်စွန်မှာမိုးရိပ်သန်းတော့(၁)


ဟိတ်.........
ရုတ်တရက်ခေါ်သံ ကြား လိုက်သည့်အတွက် လှည့်ကြည့်မိလိုက်သည် ။ သို့သော် မခေါ်သလိုလို မသိသလိုမသိကျိုးကျွံအမူယာကြောင့်
ကြောင်အမ်းအမ်း ဖြစ်သွားသည့်အတွက် ရန်နိုင် စိတ်ထဲခိုးလိုးခုလု ။
ရွှတ် ရွှတ်.....
အဲ...လုပ်ပြန်ပြီဟ  ရန်နိုင် အတွေးစတို့ရပ်တံ့သွားပြန်သည်  မနေ့က ကြီးတော်ကြီး နှင့် စကားပြောမိသော အကြောင်းအရာ ကိုတွေးနေမိ
သည့်အတွက် ရန်နိုင်စိတ်အနှောင့်အယှက် အနည်းငယ်ဖြစ် ခဲ့ရလေသည် ။ ရှေ့ကိုကြည့်လိုက်ပြန်တော့ ကိုယ့်ရှေ့မှာဘယ်သူမှမရှိ
လှည့်ကြည့်ပြန်လျှင်လည်း ခုနကလိုမသိကျိုးကျွံ အမူယာကိုတွေ့ရဦးမည် ရန်နိုင် စိတ်ရှုပ်ထွေးသွားခဲ့ တော့သည် ။
အမှန်တော့ ရန်နိုင်တွင်မိခင်မရှိတော့ ဖခင်မှာလည်းစီးပွားရေးလုပ်ငန်းများနှင့်လုံးခြာလိုက်နေသူ သည်ကြီးတော်ကြီးသာ ရန်နိုင် ၏ မိခင်
တူဝရီး ဆိုသော်လည်း ကြီးတော်ကြီးကအလွန်ခေတ်မှီ သည် ။တခါတရံ ကိစ္စအချို့မရှင်းသည်ကို မိတ်ဆွေသဖွယ်တရင်း တနှီး ဆွေးနွေး၍
ရသူဖြစ်သလို ရန်နိုင် အားအလွန်ချစ်ကာ သည်အရွယ် ရောက်သည်အထိ ဆုံးမပဲ့ပြင်ခဲ့သူ လည်း ဖြစ်သည် ။ မနေ့က မိန်းကလေးများ၏
ချစ်တတ်မှု နှင့်ပါတ်သက်၍ ကြီး တော်ကြီး နှင့်ဆွေးနွေး ခဲ့ သော အကြောင်း ပြန်စဉ်း စားနေစဉ် အနောက်ဖက်မှ ကောင်မလေးတစ်သိုက်
ထံမှ ထိုသို့သောနောက်ပြောင်မှုကိုကြုံ ရခြင်းပင်။တစ်သိုက်ဟု ဆိုလင့်ကစား လေးယောက်တည်းပါ ရေများရေနိုင်ပဲလား သို့သော် ရန်နိုင်
ခေါင်းငုံ့ မခံချင် ဒါပေမယ့် ရန်သွားဖြစ်လို့မရ ကိုယ့်ကိုခေါ်တာမဟုတ်ဟုငြင်း လျှင်လည်း ကိုယ်သာအရှက်ရမည် သို့သော် ခုနကလှည့်
အကြည့် မျက်ဝန်းနက်နက် ရွှန်းလဲ့ လဲ့ ကောင်မလေးတစ်ယောက် ကိုတွေ့စဉ် စိတ်ထဲ ထဲမှာ တစ်မျိုး ခံစားရသည် ရင်းနှီးကျွမ်းဝင်ဖူး
သလိုလို မသေတော့မသေချာ။ ထိုနေ့က မိုးတွေရွာမလို အုံ့ ဆိုင်းနေခဲ့လေသည် ။
ရုတ်တရက် ရန်နိုင် တုံ့ပြန်မှု တစ်ခု ချက်ချင်းပြုလိုက်၏ ။နောက်ပြန်လှည့်ကာ ခုနက ဟိတ် တို့ ရွှတ်ရွှတ် တို့အသံထွက်လာသော
ကောင်မလေး လေးယောက်ကိုရင်ဆိုင်လိုက်၏ ။
"ဒီကအစ်မကြီးတို့ဆီမှာအကြွေ တစ်ထောင်ဖိုးလောက်အမ်းလို့ရမလား " မေးလည်းမေး လက်ထဲကတစ်ထောင်တန် ကိုထောင်ပြ ယင်း
တစ်လက်စတည်း " ကျွန်တော့မှာဘတ်(စ) ကားစီးဖို့ အကြွေ မရှိလို့ပူပန်နေတုန်း အစ်မတို့နဲ့တွေ့တာအတော်ပဲ" ဟုရိုးသားသံလေးနှင့်
ပြန်ပြောလိုက်၏ ။သည်တော့မှ ထိုအုပ်စုတစုလုံး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည် ဆံပင် ကျောလည်လောက် လှိုင်းတွန့်ပုံကောက်ထား
ပြီး အညိုရောင်သမ်းသော ဆံပင်ပိုင် ရှင်တစ်ယောက် ကတော့ အံမယ်သူက အလာကြီးပါလား ဆိုသောအာမေဋိတ် သံထွက်လာတော့၏ ။
ထို့နောက် အကြွေ ကိစ္စ ခေါင်းခါလည်ခါနှင့် ရှောင်ရှားဝေ့၀ိုက် ကြတော့၏ ။သည်တော့လည်း ရန်နိုင် ကအစ်မကြီးတို့မကူညီနိုင်တာ
ကျွန်တော် အခက်တွေကပြီပေါ့ ဟုမျက်နှာငယ်လေးနှင့် ဆိုမိပြန်တော့ တစ်ထောင်တန် နဲ့ လည်းဘတ်(စ) ကား စီးလို့ရပါတယ် ဟူသော
စကားသံထွက်လာပြန်၏ ။မရဘူးဗျ ကျွန်တော် စပယ်ယာအဟောက်ခံရမှာ တခါတလေ ပြန်မအမ်းတာများလို့ဆုံးပေါင်းများပြီ ကဲကျွန်တော်
အကြွေအမ်း ဖို့ကိစ္စ လိုက်ရှာလိုက်ဦးမယ် ဟု ပြောပြောဆိုဆို ချာကနဲလှည့်ထွက် လိုက်သည် နောက်က လေးယောက် ဘာမှ မပြောနိုင်
ပါးစပ်အဟောင်းသား နှင့်ကျန်ခဲ့ ၏ အမှန်တော့ရွယ်တူတွေလောက်ရှိမှာကိုရန်နိုင် အစ်မကြီးတို့ ဆိုသည့်စကားကိုနှုတ်မှမချလှိမ့်ခေါ်
နေခြင်း ကိုဘ၀င်မကျဖြစ်သွား ကြသလားမပြောတတ်ခက်သည်ကမျက်ဝန်းနက်လေးထံမှဘာသံမှမကြားခဲ့ ရ အားတုံ့အားနာ အရိပ် မျက်နှာ
တွင်တွေ့ ရသည် ။ဆံပင်ရှည်ရှည် အရပ် ကမိမိထက်နည်းနည်းနိမ့်မည် ကလန်ကလားတော့မဟုတ်  မျက်နှာ
ခပ်သွယ်သွယ် နှာတံပေါ် ပေါ် မှတ်မိနေသည် ရန်နိုင် စိတ်ထဲမှမှတ်မိနေသည့် ရုပ်ရည် မျိုး ဘယ်သူနဲ့တူသလဲအတိကျမမှတ်မိ ခေါင်းစား
သွားသည် သည်နေ့ရန်နိုင် စိတ်ထဲပျော်သလိုလို ။ပြည်မြန်မာကုန်တိုက်ထဲသို့ချိုးဝင်၍ မိမိ ကားရပ်နားထားရာ သို့လာခဲ့ ပြီး ကားယူမောင်း
ထွက် ခဲ့၏ ကက်ဆက်ခလုတ်ကိုဖွင့်လိုက်စဉ် မောင်စိန်ဝင်း(ပုတီးကုန်း)၏ကဗျာကို ခင်မောင်တိုး သီချင်းအဖြစ်သီဆိုထားသော အချစ်ဦး
ဆိုသည့် သီချင်းသံကဖိတ်အံကျလာခဲ့၏ တိုက်ဆိုင်မှုပေပဲလား ရိုးစင်းမှု တစ်ခုသက်သက် ဆိုလျှင် ...............

နဖူးကွဲ ကာဒူးပြဲပါသော်လည်း

လူကဆင်ခြင်ပါသော်လည်း ကံတရားကမနေရဘူးထင်ပါ့ ဖြစ်ပုံက ကျွန်တော်တစ်ချိန်တုန်းက
ရေးဘူးခဲ့တဲ့ "အရက်"ဆိုတာကြောင့်ပါ ကျွန်တော်ကတော့မသောက်ဖြစ်တာ တော်တော်
ကြာခဲ့ပါပြီ။မ ဖြစ်ချင်တာတွေ ဖြစ်လာခဲ့တာပါပဲ မှတ်မှတ်ရရ ဒီလရဲ့ပထမဆုံးနေ့ ဇွန်လတစ်
ရက်နေ့မှာပါ။ ကျွန်တော်ကားတိုက်ခံရပါတယ် တော်သေးတယ်ကျွန်တော်ချည်းသက်သက်
မဟုတ်ပဲ ကျွန်တော့်ကားလေးကိုဝင်တိုက်ခံရတဲ့အတွက် ကျွန်တော် အသက်မသေပါ သို့သော်
နဖူးကွဲပြီး တစ်ချိန်က အက်ဆီးဒင့်ဖြစ်ခဲ့ဘူးတဲ့ကျွန်တော့ရဲ့ဘယ်ဖက်ခြေထောက်ဒါဏ်ရာ
ထပ်ရပြန်ပါတယ် ။ ဖြစ်ပျက်ပုံကတော့ ပြောမပြောချင်တော့ပါဘူး ဒါပေမယ့်ပြောပါ့မယ်
အဲဒီညက ကျွန်တော် ထုံးစံအတိုင်းအိမ်ပြန်လာခဲ့တာပေါ့ ပြဿနာမရှိခဲ့ပါဘူး အိမ်နားရောက်
တော့မှပြဿ နာကဖြစ်တာပါ ကျွန်တော့်ကားကို မျက်နှာချင်းဆိုင် ကလာတဲ့ city taxi ကား
က၀င်တိုက်ပါတော့တယ် ကျွန်တော်လည်းတိုက်မိမှာစိုးလို့မြင်မြင်ချင်း
ရှောင်တယ် ရှောင်လို့
မလွတ်ပါဘူး ။ ကျွန်တော်ထိုင်နေတဲ့ နေရာတည့်တည့်ကိုတိုက်မိတာပါ ။ အရှိန်တော်တော်
ပြင်းပါတယ် အဲဒါကြောင့် ရှေးဟောင်းကျွန်တော့ဂျစ်ကားလေး က တစ်ပတ်လည်ထွက်သွားခဲ့
ရပါတယ်။ ကားထဲက ကျွန်တော်လည်းမစားသာပါဘူး စတီယာရင်ခွေနဲ့ မျက်နှာနဲ့ အရှိန်ပြင်း
စွာဆောင့်မိတဲ့ အတွက် နဖူးကွဲသွားပါတော့တယ် ဒူးကလည်း ကားရှေ့ က မှန်ထောင် ချိတ်တဲ့
ချိတ်က ခွဲပြီးအထဲ ၀င်သွားခဲ့တာပေါ့ ၊ချစ်သူမောင်
စတီယာရင်ခွေကုန်းနမ်းပြီး ဒက်ရှ်ဘုတ်ကို
ဒူးနဲ့တိုက်တာလို့ပြောလဲတတ်နိုင်ဘူးဗျာ။အဲဒီညကတော်တော်လေးစိတ်ပျက်စရာကောင်းခဲ့တာ
ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ် မှာအရိုးဋ္ဌာနက ဆရာတစ်ယောက်ရယ် မျက်နှာနဲ့မေးရိုးပိုင်း
ဆိုင်ရာဋ္ဌာနက ဆရာတစ်ယောက် ၀ိုင်ပြီးချုပ်လိုက်ကြတာ ဆတ်ဆတ်ခါနေတာပေါ့ သနား
အောင်ရေးပြနေတာမဟုတ်ပါဘူး တစ်ကယ်ခံစားရလို့ရေးတာပါ မျက်နှာမှာငါးချက် ဒူးမှာ
ငါးချက်၊ စဉ်းစားကြည့်ယင် ကွဲကွဲပြီးချင်း
သွေးပူနေတုန်းချုပ်ယင်အဲလောက်နာမှာမဟုတ်ဘူး
YGH ကိုရောက်တဲ့ အချိန်ကဖြစ်ပြီး လေးနာရီနီးပါလောက်ကြာမှရောက်သွားတော့ ခံစားရတာပါ။
ဘာလို့ချက်ချင်းမသွားလဲ လို့မေးကြပါ ဖြေချင်လွန်းလို့ ။မှုခင်းနဲ့ဆိုင်တဲ့
ကိစ္စတွေမှာ ကျွန်တော်
တို့မြန်မာနိုင်ငံက ဆရာဝန်များဟာအလွန်လက်ရှောင်ကြပါတယ် ။နောက်တစ်ခု ယာဉ်တိုက်မှု
ဖြစ်ကြောင်းသတင်းပို့ပြီး ချိန်မှ တစ်နာရီကျော်ကြာမှယာဉ်မှုစစ်ရောက်ပါတယ် ။နောက်ပြီး
ရဲထောက်ခံချက်မပါပဲ လည်း အစိုးရဆေးရုံတစ်ရုံမှာ သွားပြဖို့မလွယ်ပါ ။ အဲဒီအခြေနေတွေက
ယာဉ်တိုက်မှုတွေ မှာလူသေမှု မြင့်မားစေတဲ့ အချက် ထဲမှာပါပါတယ် ကျွန်တော်ကတော့သေ
လောက် တဲ့ဒါဏ်ရာမဟုတ်လို့ထားပါတော့ဗျာ။
နောက်တစ်ခု ယာဉ်တိုက်မှုမဖြစ်ရအောင် ယာဉ်ကို ဆင်ခြင်စွာမောင်းကြယင် မကောင်းဘူးလား
ခင်ဗျာ သို့ပေမယ့်ကိုယ်ကဆင်ခြင်ပါသော်လည်း တစ်ဖက်သားမဆင်ခြင်တဲ့အခါ ထွက်ရတဲ့
ဒေါသမျိုး (ဘယ်လိုမှမပြောပြတတ်အောင်ထွက်တဲ့ဒေါသပါ) ။ကျွန်တော် အတိုက်ခံရတာမူးနေ
တဲ့ ကားဆရာက၀င်တိုက်တာပါ အတော်မူးနေတာပါ လူမှန်းမသိလောက်အောင်ပါ ။ ကျွန်တော်
တို့နိုင်ငံမှာအရက်မူးတိုင်း ကရိယာ
တစ်ခုလားနှစ်ခုလားမသိရှိတယ်လို့ကြားမိပါတယ် ခုထိအသုံး
ပြုတာမတွေ့သေးတော့တစ်ကယ်ရှိမရှိလည်း မသိရပါ။နောက်တစ်ခု က မူးယင်မမောင်းနဲ့လို့
ဆိုင်းဘုတ်ကပ်ထားတာနဲ့ လူတွေကလိုက်နာရိုသေကြမယ်မထင်ပါ ။အားလုံးဟာ စိတ်ပျက်စရာ
ချည်းပါပဲလို့ ဆိုကြယင်တော့ အယောင်ဆောင်မှုတွေနဲ့သာ လို့သာပြောလိုက်ချင်ပါတော့တယ်။

Sunday, May 29, 2011

မန္တလေးအမှတ်တရ

မန္တလေးကိုမရောက်ဖြစ်တာ
တော်တော်ကြာခဲ့ပေါ့
အတော်ပြောင်းလဲသွားတဲ့မြို့
မနေ့ကတွေ့လိုက်ရလို့
အတော်အံဩခဲ့........
တချိန်ကမိုးတွင်းမှာတောင်
မိုးရွာဖို့တော်တော်ခက်တဲ့မြို့ဟာ
မိုးကောင်းကောင်းရွာတာ
လမ်းပေါ်မှာရေလျှံခဲ့
ဆိုင်ကယ်အိတ်ဇော
မမြုပ်ယုံသာ.........

တစ်ခုဆိုးတာက
ဘီယာဆိုင်တွေပေါသလို
အဖြူဆိုင်တွေလည်းတိုးပွားလာခဲ့
ညအလင်းဆိုင်မှတ်လို့
ဝင်ထိုင်မိကာမှ
အဖြူဆိုင်မှန်းသိတော့
ပြန်လှည့်ခဲ့ရ.........

မရောက်ဖြစ်တဲ့
ဆယ့်ငါးနှစ်အတွင်း
အဲ့ဒီတုန်းက
ချီပိုးထိန်းကျောင်းခဲ့ဖူးတဲ့
မီးငယ်လေးတောင်မှ
အပျိုကြီးဖားဖားဖြစ်နေခဲ့ပေါ့
မန္တလေးဟာ
အဲ့ဒီမီးငယ်လေးနဲ့အတူ
အရွယ်ရောက်ခဲ့
ဒါမှမဟုတ်
ငါ့ရဲ့မီးငယ်လေးကပဲ
မန္တလေးနဲ့အတူ
အရွယ်ရောက်ခဲ့သလားပဲ
ဘူတာကြီးကတော့
ဆေးအသစ်ကို
သနပ်ခါးလူးထားသလိုလူးပြီး
သစ်ချင်ယောင်ဆောင်နေခဲ့တာ........

ဒါပေမယ့်....
ဟိုးအယင်တုန်းကလိုပဲ
စက်ဘီးတွေအစား
တရုတ်ဆိုင်ကယ်နဲ့
မြင်းလှည်းအစား
ဆိုင်ကယ်ကယ်ရီတွေလည်း
ပေါမှပေါ
လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က
မြို့ကျဉ်းလေးက
အရှေ့အနောက်
တောင်မြောက်ချဲ့ကားပြီး
အတော့ကိုကျယ်ဝန်းလာခဲ့
ဒါနဲ့..မျက်စေ့လည်နေတုန်း
မီးငယ်လေးကမေးတယ်
ဦးဦး အန်တီ မီးမီးရောတဲ့..လေ
ငါမှင်တက်မိနေခဲ့.........
ကဲ ငါဘာပြန်ဖြေရမလဲ
မန္တလေးကိုပဲမေးရမလား
မီးမီးကိုပဲမေးရမလား
တွေးရခက်နေတုန်းပဲ......

မကြုံဖူးတဲ့မန္တလေးရဲ့
ရာသီဥတုနဲ့ကြုံခဲ့ရပြီး
အိပ်မက်သလို
မျက်လုံးထဲပေါ်လာတဲ့
နန်းဆန်တဲ့ဤမြို့လေ......


--
ချစ်သူမောင်