Monday, September 26, 2011

လေလွင့်လိပ်ပြာတမ်းချင်း


မင်းမရှိတဲ့နောက်
သွားခဲ့ဖူးတဲ့လမ်း
လျှောက်ခဲ့ဖူးတဲ့နေရာ
အချိန်တွေကုန်လည်း
အခါက်ခေါက်ခါခါ
ရောက်မြဲသာမေ
ကျွမ်းလောင်ကာ...လွမ်းလို့ပါလေ

ပြောဖူးတဲ့အသံ
မှာဖူးတဲ့စကား
"ကိုကို  ရေချိုးတော့မလား
ထမင်းစားတော့လေကိုကို"
သံချိုနွဲ့နွဲ့
ခဏခဏကြား
အပြုံးလျလျအထပ်ထပ်မြင်
အချိန်တွေကုန်လည်း
တွေးနေမြဲသာ
ကျိတ်ဆွေးးလို့သာပဲလေ
စိတ်ထဲမှာမဝေး.........

နှစ်ကိုယ်တူယှဉ်ကာ
ပျော်မြူးခဲ့တဲ့နေ့ညတွေ
တူတူတွဲထိုင်
လက်ချင်းကိုင်ဆုပ်
နဖူးဆံစဖျားမှာ
ယုယကြင်နာစွာ
ချွေခဲ့ဖူးတဲ့အနမ်းအတွက်ကွယ်
ကမ္ဘာကုန်ကျယ်သ၍
ဘယ်မေ့လိမ့်မလဲ...လေ
မတွေ့ရလို့စိတ်ညစ်
သိပ်ချစ်တာမို့...........

စိတ်နှလုံး
ကွဲကြေပြုန်းပြီး(ဘဝဟာ)
အမြဲသေဆုံးခဲ့ပြီလို့
အခါခါတွေး
စိတ်ထဲမှာထွေးနေ
အလွမ်းတွေရင့်တော့
ပန်းပွင့်လိုကြွေချင်
နွမ်းယိုင်ယိုင်နဲ့ပဲတွေဝေ
အိပ်မရညတွေ
လွမ်းတာရှည်.............

အချစ်ရေ....
ကိုယ့်အနား
မင်းရှိသလားလေ
မပြန်နိုင်တဲ့လမ်း
လျှောက်လှမ်းသွားယင်းက
ဘယ်ဝယ်ဘယ်ဆီ
ဘယ်သောင်ဘယ်ကမ်း
သေချာမသိတဲ့လမ်း
ခင်မြန်းတော့လေ
လိပ်ပြာပဲလွှင့်လွှင့်
စိတ်မှာပဲထင့်ထင့်
တိတ်တိတ်လေးမနေပါနဲ့
ကိုယ်ယောင်ပဲဖြစ်ဖြစ်
အသာလေးလှစ်ကာ
ငိုရသူမောင့်ရင်ကိုလေ
ဖေးကူလှည့်ဦး.............။     ။

ဒီပို့စ်အတွက်သူငယ်ချင်း "ပျိုးယုဝသုန်"ကိုအထူးကျေးဇူးတင်ပါတယ်
မနက်က ကြေကွဲလွမ်းနာကျနေတုန်းဖြေသိမ့်စရာ "လိပ်ပြာခွဲချိန်"ဆိုတဲ့ကဗျာလေးပို့ပေးလို့ပါ။
အဲဒီကဗျာလေး ဖော်ပြချင်ပေမယ့် ကာယကံရှင်ရဲ့ခွင့်ပြုချက်မတောင်းရသေးလို့ဒီအတိုင်းပဲတင်လိုက်ပါတယ်
ခွင့်ပြုချက်ရရှပြီးတဲ့အတွက်လိပ်ပြာခွဲချိန်ကိုတင်လိုက်ပါတယ်

လိပ်ပြာခွဲချိန်

ငါမရှိတဲ့နောက်

လျောက်ခဲ့ဖူးတဲ့လမ်း

လှမ်းခဲ့ဖူးတဲ့နေရာ

အချိန်ကုန်ပါတယ်

တစ်ခေါက်မှမလာပါနဲ့

လွမ်းရလို့ပဲဖြစ်ဖြစ် ..နွမ်းလျလို့ပဲဖြစ်ဖြစ်

ပြောခဲ့ဖူးတဲ့စကား

ကြားခဲ့ဖူးတဲ့အမှာ

အချိန်ကုန်ပါတယ်

တစ်ခါမှမတွေးပါနဲ့

စိတ်လေးလို့ပဲဖြစ်ဖြစ် .. သိပ်ဝေးလို့ပဲဖြစ်ဖြစ်

ပြုခဲ့ဖူးတဲ့အပျော်

မော်ခဲ့ဖူးတဲ့အပြုံး

လုံးလုံးမင်းမေ့ပစ်ပေါ့

သိပ်ချစ်လို့ပဲဖြစ်ဖြစ်.. စိတ်ညစ်လို့ပဲဖြစ်ဖြစ်

စိတ်နှလုံးကိုညှင်းပမ်း

နွမ်းလျလို့ခွေယိုင်

ဒီလိုမနေထိုင်ပါနဲ့

အိပ်မရလို့ပဲဖြစ်ဖြစ် .. စိတ်ကျလို့ပဲဖြစ်ဖြစ်

ငေးမှိုင်နေတဲ့မင်းနံဘေး

တိတ်တိတ်ငါထိုင်ငေးရင်း

ပြန်လမ်းဝေးတဲ့လမ်းမ

ငါကမြန်းရတော့မယ်

လိပ်ပြာခွဲလို့ပဲဖြစ်ဖြစ် .. စိတ်မှာမြဲလို့ပဲဖြစ်ဖြစ် ...

ပျိုးယုဝသုန်

2:35:37 pm
19-09-2011






9 comments:

mstint said...

ရင်တွင်းကဗျာလေးအားပေးသွားတယ်နော်။
လွမ်းဆွေးကြေကွဲမှုလေးတွေ အမြန်ဆုံးကုန်ဆုံးပြီး
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကဗျာ........
နှလုံး သွေးတွေနဲ့ ရေးသလား
ကလောင် ဖျားမှာ
မျက်ရည် စ တွေကိုလည်းတွေ့တယ်။

အေးချမ်းပါစေ အကိုကြီး။

စံပယ်ချို said...

ချစ်ကြသူတိုင်းဆုံစည်းခြင်းဆိုတာကိုပဲကြားချင်သူပါ
ခံစားလိုက်ရတယ်....
ခင်တဲ့ jasmine

ချစ်သူမောင် said...

အန်တီတင့်ပေးတဲ့ဆုနဲ့ပြည့်ပြီးပါပြီ အခိုက်အတံ့လေး
သတိတရဖြစ်မိတာပါပို့သတဲ့မေတ္တာကြောင့်ကျန်းမာပကတိလန်းဖြာစွာရှိပါကြောင်း

ညီလေးမင်းဧရာရေ
ကဗျာဟာကိုယ့်အတွက်ဒုတိယဘ၀ဖြစ်တယ်နှလုံးသွေး
နဲ့ရေးပါတယ်မျက်ရည်နဲ့စပ်တော့ပန်းရောင်မရင့်တရင့်ပေါ့ မျက်ရည်အချိုးဆများတာကိုး.... :)

jasmine (တောင်ကြီးရေ)ဆုံစည်းခြင်းနဲ့
ကွေကွင်းခြင်းဟာ သဘောတရားတစ်ခုတည်းပါ
ဆုံစည်းခြင်းရှိလာမှတော့ကွေကွင်းခြင်းတွေရှိမှာပေါ့
လေ ခုလိုငယ်ငယ်ရွယ်ရွယ်မှာမဟုတ်ပဲ အသက်တွေအရမ်းကြီးလာကြယင်ကော
သူအရင်ခွဲမလားကိုယ်ကပဲအရင်ခွဲသွားမလား မသိတဲ့
ပဟေဠိတွေရှိနေတာအမှန်ပါ

အားလုံးကိုခင်မင်လေးစားလျှက်
ချစ်သူမောင်

blackroze said...

ငိုချင်ရက်လက်တို့ပါလားနော်..
လွမ်းနေတဲ့အချိန်မှာ
ကြေကွဲစရာကဗျာတွေနဲ့လာဆုံနေတယ်..
နှလုံးသားနဲ့ခံစားပြီးဖတ်သွားပါတယ်..

ayesnake said...

အမလေး
အူယားလိုက်တာ် (ဟိ)

ချစ်သူမောင် said...

ဒုက္ခပါပဲမြွေမလေးရယ်သူများလွမ်းနာကျနေတာ
လာနောက်စရာလားဟေ

အသည်းကွဲလိပ်ပြာ said...

အကိုရေ..လေလွင့်လိပ်ပြာဆိုလို့..အသဲကွဲလိပ်ပြာတကောင်တော့ လာဖတ်သွားပါတယ်နော်..
ထိရှလွယ်တဲ့အလွမ်းလေးတွေကုန်လို့ ဆုံဆည်းနိုင်ကြပါစေ..

ချစ်သူမောင် said...

အသည်းကွဲလိပ်ပြာရေကျေးဇူးပါဗျာ