Friday, April 25, 2008
ပျော်ရွှင်ခြင်းနှင်းဆီ
ဟယ်.......
နေခြည်နယ်မှာ
သာယာစွာပွင့်လန်း
မျှော်လင့်တမ်းတခြင်း နှင်းဆီ
သင်းကြည်ချိုမြတဲ့
သူလိုဘဝဟာလှပ
ပျော်ရွှင်သမျှကာလပတ်လုံး
ပညတ်တွေဖုံလွှမ်းခဲ့............
တကယ်ဆိုယင်.........
"နှင်းဆီ"ဆိုတာပညတ်
ပရမတ်မဟုတ်တာသေချာ
ရေရာတာရှိပေမယ့်
ပညတ်ကိုပရမတ်လို့သဘောထား
ပြောစကားတွေမှာ
သင်္ခါရ ဟာ အစဉ်ထာဝရဖြစ်
တဒင်္ဂ အစဉ်တမျှ ရင်ကချစ်စေချင်
ပွင့်ဖတ်ဆိုတာကြွေချင်ကြွေမယ်
မကြွေခင်မြတ်နိုး
ရိုးရိုးလေးဖြစ်
ပျော်ရွှင်စွာချစ်မယ်
ချစ်တယ်ဆိုတာ
ပရမတ်လားပညတ်လား........
ဒီ........
တရားသဘောတွေပဲတွေး
ခပ်ရေးရေးတောင်မှနားမလည်ချင်အောင်
မိုက်မဲတဲ့အဖြစ်တွေအတွက်
အချစ်တွေ ပျော်ရွှင်စွာ ပေးဆပ်ချင်
ပျော်ရွှင်စွာချစ်နေချင်တယ်.........
ခပ်လွယ်လွယ်..........
အပြောကြွယ်တဲ့
သဘောတရားမဲ့နယ်မှာ
ချစ်တယ်ဆိုတာချစ်တာပါပဲ
ပျော်တာပဲသိချင်
အလွမ်းတွေရင်မှာမရှိ
မသိချင်တဲ့ အသည်းနှလုံး
ပျော်ရွှင်စွာပြုံးနေချင်
မမုန်းဘူးဆိုယင်ကျေနပ်
သိပ်ချစ်တတ်အောင်ကြိုးစား
အဆိုးတရား ဆိုတာရှာမတွေ့
ကြာလာယင်မေ့ဆိုတဲ့စကား
ဟိုး မြစ်ဖျား မှာကျန်ခဲ့
အလွမ်းမဲ့ရက်တွေ
ပစ္စက္ခမြေမှာ
လက်ချိုးကာရေတွက်..........
သတိရတယ်............
တကယ်ပါပဲဆို
မယုံဘူးမို့လား
သစ္စာစကားတွေ
ကြားနေချင်တယ်
ပျော်ချင်တယ်လေ
ရင်မှာ နွေ မရှိ
ငါမသိပေ...........
အင်...........
တကယ်တော့နော်
ပျော်စရာတွေတွေး
ဖေါ်ကွာမဝေးခဲ့
ချစ်တေးသီဆို
ပျော်သလိုပဲ
လက်ချင်းလည်းဆုပ်ကိုင်
ထိုင်နေချင်မိ
အလွမ်းချိနဲ့နဲ့ ဟာ
မဲ့ ပြုံး ပြုံးပြ ယင်း
ခပ်ဝေးဝေးကိုပြေးထွက်
ခွဲခက်ချိန်ထိ
ရင်မှာငြိလည်း
ချိုရဲကြည်သာ
ရီဝေစွာစူးရှ
လွမ်းရသတွေလေ
စက္ကန့် လေး တစ်ခုတောင်မှ
ခွဲမနေချင်ဘူးကွယ်............
တစ်နေ့ တစ်ည ခဏတာ
ခွဲခွာရတာတောင်မှ
ပျော်ရွှင်ခြင်းရသတွေ
သူယူသွားလေ သလား
ထင်မှတ်မှားခဲ့
တကယ့် အချစ်သာစိုးမိုးဆဲ
အမြဲလေ နေစောင်းယင်
ခွဲမနေချင်တော့
ခပ်ပေါ့ပေါ့ ရယ်ခဲ့ယင်
နုနွဲ့တဲ့ ရင်ဟာငိုချင်
သက်ထား ခင်ရေ ပိုတယ်ထင်ယင်
နင်ဆုံးဖြတ်ပေါ့
"အမုန်း"တော့မတတ်နဲ့နော်........
ဘာပဲပြောပြော...........
နေရောင်ခြည်တောမှာ
ပျော်မောစွာပွင့်အာနေတဲ့
"မျှော်လင့်ခြင်းနှင်းဆီပင်"
ပျော်ရွှင်စွာ အသက်ရှင်နေတယ်။ ။
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment