Thursday, January 13, 2011

မတမ်းတရဲတော့ပါဘူး ဒီဇင်္ဘာ

၉ရက်နေ့
ဒီဇင်္ဘာ
မနက်
အိပ်ယာထထချင်း
ခေါင်းတွေကိုက်လိုက်တာ
ညကလည်းသိပ်ပြီး
အိပ်လို့မပျော်လို့လို့ထင်ခဲ့
မျက်နှာသစ်ပြီးသွားတိုက်ပြီး
ပလုပ်ကျင်းတဲ့အခါကျတော့
ပါးစပ်က ရေမလုံတော့တဲ့အခါကျမှ
ရုတ်တရက်လန့်သွားပြီး
မိန်းမ ကိုယ့်မျက်နှာကိုကြည့်စမ်း
လေဖြတ်သွားတာလားမသိ....
မိန်းမကရုတ်တရက်
ပျာယာခတ်သွားတယ်
နောက်တော့ ပြောတယ်
ခြေလက်တွေလှုပ်လို့
ရတယ်မဟုတ်လားတဲ့
အင်းဟုတ်ပါပြီ လှုပ်လို့ရတယ်
အဲတာဆိုလေဖြတ်တာမဟုတ်လောက်ဘူး
ရှင်ခဏနေဦး
ပရက်ရှာကဒ်ယူလိုက် ဦးမယ်
မျက်နှာတော့နဲနဲယောင်နေတယ်
ချိန်ကြည့်တော့
သွေးပေါင်လဲတက်နေတယ်တဲ့.......

ဒီလိုနဲ့ပဲ
ဆေးရုံရောက်သွားပါရော
ဆရာဝန်ကြီးရဲ့မှတ်ချက်က
လေဖြတ်တာမဟုတ်......တဲ့
ခေါင်းအအေးပတ်ပြီး
သွေးခဲသွားတာတဲ့
ခုတော့ အကြည့် အမြင်
သိပ်မကောင်းသေးပေမယ့်
နဲနဲတော့ကျန်းမာလာပါပြီ
ပါးစပ်လေးနဲနဲရွဲ့တာပဲကျန်တယ်.......

ကျန်းမာရေးကြောင့်
နှစ်စဉ် ဆုံနေကျ ဖြစ်တဲ့
ပဒုမ္မာတွေ့ဆုံပွဲကို မရောက်ဖြစ်ဘူး
(တွေ့ဆုံပွဲလည်းမလုပ်ဖြစ်ဘူးကြားတယ်)
နားလည်ကြပါသူငယ်ချင်းတို့
ကူကူး ဖုံးဆက်လာပေမယ့်
ကူကူး နဲ့ မတွေ့ဖြစ်လိုက်ဘူး
ကူကူးရေ ဆောရီးပါ မနှစ်က
ဒီနှစ်မှ ပေးမယ်ဆိုပြီး
ကတိပေးထားတဲ့လက်ဆောင်
မပေးလိုက်ရဘူး
ဟက်ပီးနယူးရီးယား
မလုပ်လိုက်ရဘူး
အွန်လိုင်းကသူငယ်ချင်းတွေ
ခွင့်လွှတ်ပါ....
ကျန်းမာရေးက
အမြဲတမ်းအရေးကြီးတယ်
ဒီလောက်ဂရုစိုက်နေတဲ့ကြားက
ဖြစ်လိုက်သေးတယ်......

မကျန်းမာတာသိရှိသွားပြီး
ဝိုင်းဝန်းဂရုစိုက်ဆုတောင်းပေးကြတဲ့
ချစ်တဲ့ ပဒုမ္မာက
ရောင်းရင်းတွေကိုလည်းကျေးဇူးတင်
မျက်နှာစာအုပ်ပေါ်မှာ
လာရေးသွားတဲ့
ငတက်ပြားကိုလည်းကျေးဇူးတင်
အားလုံးကိုချစ်ခင်လေးစားစွာ
ကျေးဇူးတင်ပါတယ်............

အင်း....
သင်္ခါရ သာစိုးမိုးတဲ့လောကမှာ
ငါဆိုတာတစ်ကယ်မရှိပါလား
သိလိုက်ရတဲ့ခဏတာ
အတွေးတွေခြောက်ခြားပြီး
သွေးလေဖေါက်ပြား
ဥမမည်စာမမြောက်သေးတဲ့
ချစ်တဲ့သမီးလေးမျက်နှာကိုမြင်လာ
အင်း....ဆင်ခြင်မှ ဆင်ခြင်မှ.....။ ။

--
ချစ်သူမောင်

Friday, November 12, 2010

Nov-Dec အိပ်မက် ခဏမက်ခဲ့

နော့(ဗ)ရောက်ပြီ တဲ့လား
မသဲမကွဲအတွေးများထဲမှာ
ဆောင်းရဲ့ ဝေဒနာ
ရေးရေးထင်ကျန်
ဝို့ဝါးအရိပ်
တိတ်တဆိတ်လား
ထင်မြင်မှား.........
တွေဝေသွားခဲ့တဲ့
ဒီနေ့ရက်ဟာ
တစ်ခဏမက်ခဲ့ပြီး
ဘဝအတွက်
ရှိသမျှအရာ
အားလုံးဆုံးရှုံးသွားစေတဲ့
နော့(ဗ)ဒက်ဇအိပ်မက်ရဲ့
အစပါလား........

အတွေးများစွာ
ရင်ကိုနာကျင်စေခဲ့
ယနေ့ထက်တိုင်အောင်ပဲ
မေ့မရခဲ့တဲ့
အမှတ်တရများစွာ
ရေးရေးမြင်
ထင်ထင်သိကာ
ကျေနပ်နေတော့မလား
မကျေနပ်ပဲမေ့ထားခဲ့ရမလား
အတွေးတွေမှားကာ
ေ၀ဝါးဝါးပါ..........

ထာဝရထားခဲ့ပြီပဲလေ
အဲလိုတွေးကာ
ဘာသာဟန်လုပ်
နှုတ်ဆိတ်နေယင်း
ကွေကွင်းရခြင်း
အကြောင်းရင်းတွေ
နှင်းတွေကြားထဲ
စောစောစီးစီး
ထပြီးထိုင်လို့
တွေဝေငေးမော
မတွေးတောချင်ပေမယ့်
တွေးတောဖြစ်နေသော
တချိန်တစ်ခါက
ပျောက်ဆုံးခဲ့ပြီးဖြစ်သော
အိပ်မက်၏ တစေ ္ဆ
ခြောက်လှန့်နေခြင်း
ကြောင်းရင်းမှန်
ရှာလေ မတွေ့........

လွမ်းသည်ဆိုသည့်
ထိုထိုစကားကို
နှုတ်ထွက်မြွက်ဆိုခြင်းကိုလည်း
မစွမ်းသာခဲ့
နွမ်းလျလျနဲ့
တမ်းတခြင်းမျိုးလည်းမဟုတ်
ဘာပဲဖြစ်ဖြစ်
အမှတ်တရတစ်ခုအဖြစ်သာ
ရှိပါစေတော့ကွယ်
မောင့်ချစ် ငယ် ရေ.........။ ။

--
ချစ်သူမောင်

ကာရံမဲ့

မင်းအချစ်ကိုရဖို့အတွက်နဲ့
ပေါ့ပျက်ပျက်စကားလုံးတွေ
သုံးပြီးရေးထားတဲ့ကဗျာတစ်ပုဒ်
မလိုအပ်ပါဘူးကွယ်............
မင်းအချစ်ခံရဖို့အတွက်လည်း
(ပေါလိုက်တာလို့)မင်းသတ်မှတ်ထားတဲ့
လက်ရေးမူနဲ့ရေးပြီး
နှလုံးသွေးနဲ့ဖွဲ့နွဲ့သီချုပ်အပ်တဲ့
ကိုယ့်ရင်ထဲက ကဗျာစာအုပ်တစ်အုပ်
တစ်ကယ်တော့မင်းအတွက်
မလိုအပ်ပါဘူးကွယ်...........

ဘယ်လိုပဲဖြစ်ဖြစ် အချစ်ရေ
မင်းကိုယ်တိုင်က ကိုယ့်အတွက်ကဗျာ
မင်းမျက်ဝန်းက ကိုယ့်အတွက်
ထာဝရညီနေမယ့်ကာရံ
မင်းယိမ်းနွဲ့သွားပုံလေးက
ကိုယ့်အတွက် အမြဲ နရီ
မင်း ရယ်ဟန် ကကိုယ့်အတွက်နိမိတ်ပုံ
လေးသုံးနှစ် လေးသုံးတစ်
လေးလုံးစပ်မဟုတ်လည်းလှပါတယ်
ဒွေးချိုးမဟုတ်လည်းချော
မဖွဲ့ဆိုလည်းကဗျာဖြစ်ခဲ့...........

ဒါနဲ့တောင်
ငါ့ရဲ့မိုက်မဲမှု ငါမမြင်ခဲ့သေးဘူး
မင်းအတွက်ကဗျာဖွဲ့ယင်တောင်
ငါကိုယ်တိုင်ကဗျာဖြစ်သွားခဲ့တာ
အကြိမ်ရေမနည်းပါဘူး
ဒါပေမယ့်
မင်းငါ့ရဲ့မိုက်မဲမှုနဲ့ မထိုက်တန်ခဲ့ပါဘူး
ငါဟာကဗျာကိုရူးသွပ်ခဲ့သလောက်
မင်းကျတော့ဘာကိုမှမသိတာ
ငါခံပြင်းလွန်းလို့ပါ
ဒါတောင် ခုချိန်ထိ ငါဆက်ပြီး
မိုက်မဲမိနေတုန်း............။ ။

--
ချစ်သူမောင်

Saturday, October 16, 2010

ဟိုးအဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့လေးသို့တတိယမြောက်အလည်တစ်ခေါက်

အဲတာပဲခဏခဏရေးလို့ ပြောချင်လည်းပြောကြပေ့စေတော့ ဒီတစ်ခါ အဲဒီမြို့ လေးကမှောင်မနေ
တော့ပါဘူးထူးထူးခြားခြား လင်းနေပါသတဲ့ အင်းထားပါတော့လေ ခရီးထွက်ဖြစ်တဲ့ကိစ္စ ကတော့
ကြို့ပင်ကောက် မှာကျောင်းထိုင် နေတဲ့ အမေ့(ယောက္ခမ) အစ်ကိုဝမ်းကွဲဘုန်းကြီးရဲ့ ကိုးဆယ့်ခုနှစ်
နှစ်မြောက် မွေးနေ့သဘင်ပါ  သွားမယ်မသွားဘူးနဲ့ သွားဖြစ်လိုက်တဲ့ခရီးပါ ဒီနှစ်ကျွန်တော်ခြေ
အတော်ရှည်ပါတယ် မုဒုံဆိုလည်းမငြင်း ဖျာပုံဆိုလည်းနှစ်ခေါက် အင်းမသွားတော့ဘူးလို့စိတ်ဒုံးဒုံး
ချမှသွားဖြစ် လိုက်တဲ့မြေလတ်ဒေသ ခရီးလေးဆိုပါတော့ ဒီတစ်ခါလည်းမိသားစုစုံညီပါပဲ သမီးလေး
ရယ် သူ့မာမားရယ် သူ့အဖွားရယ်ပေါ့ ဒီတစ်ခေါက်ကတော့အသွားခရီးမှာနေ သာတာမပြောပါနဲ့
တော့နေလို့မရအောင်ပူပါတယ် ။ ရန်ကုန်က စထွက်တော့ မနက် ၇ နာရီကျော်ပါပြီ တိုက်ကြီးရောက်
တော့ထုံးစံအတိုင်း ဖောက်သည်ဖြစ် နေတဲ့ လဘက်ရည်ဆိုင် မှာ ခဏနားပါတယ် အဆာပြေ လဖက်
ရည်သောက်ပြီးတော့ မှဆက်ထွက်ဖြစ်ကြတယ် ဒီလိုနဲ့ ခရီးသွားနေကျ ဆိုတော့လည်းအကျင့်လို
တောင်ဖြစ်နေပြီလားမသိပါဘူး လက်ပံတန်းမရောက်ခင် ဆီဝင်ထည့်ပါတယ် ရန်ကုန်မှာ ၂၉၅၀ကျပ်
သာရောင်းတဲ့ ဒီဇယ် ကဟိုင်းဝေးမှာမို့ လို့လားမသိပါဘူး ၃၂၀၀ကျပ်ဖြစ်နေတယ် ။ကဲပါထားပါတော့
လက်ပံတန်းရောက်တော့ မိသားစုထမင်းစားဖြစ်ကြတယ် ပေါ့ ထမင်းရယ်လို့မယ်မယ်ရရ လည်း
မဟုတ်ပါဘူး ဒီတစ်ခေါက်တော့သမီးကစားတတ်သောက်တတ်နေပြီမို့လို့ ဘလန်ဒါ မပါတော့ဘူး
လေ ဒါပေမယ့်ကျွန်တော်က သိပ်မယုံကြည်တတ်သူမို့ မီးစက်သေးသေး လေးတော့ပါလာပါတယ်
ခဏပဲ မောင်းပြီးတော့ ကြို့ပင်ကောက်ရောက်တော့တယ် ။အမေ့ကို ဘုန်းကြီးကျောင်းမှာထားခဲ့
ပြီး သမီးရယ် သူ့မာမားရယ် ကျွန်တော်ရယ်က မရောက်တာတစ်နှစ် ရှိ ပြီး ဖုန်တွေအလုံးရင်း ပေါင်း
မြက် တွေတောလိုထနေတဲ့ အဲဒီမြို့လေး ဆီကိုသုတ်ခြေတင်ကြတာပေါ့ အိမ်ရှင်းရအောင်လို့ပါ ။
လားလား အိမ်ရောက်တော့ အိမ်ကို မြက်တွေက ကာဆီးပြီးမြင်ရတယ် အိမ်တံခါး ဖွင့်လိုက်တော့
ဖုန် အပြည့်နဲ့ ပေါ့ ။ပါလာသမျှပစ္စည်းတွေကားပေါ်ကချ ပြီး အိမ်ကိုစရှင်ါ်ရတယ် ပထမဆုံး
ရေစည်လှည်း တွန်းတဲ့သူကိုသွားရှာတာပေါ့ ရေမှမရှိတာကိုး ။ အိမ်ရှင်း ပြီးတော့ ညနေ လေးနာရီ
ထိုးပြီ  ဒါနဲ့ ရေမိုးချိုး ပြီး ကြို့ပင်ကောက်ကို ပြန်လာကြတော့တာပေါ့ ကားဘီး ကပေါက်တော့
တာပေါ့ ပေါင်းတည် နတ္တလင်း ဘယ်မှာမှဖါလို့မရတော့ နောက်ဆုံးကြို့ပင်ကောက်ရောက်မှ ဖါရ
တော့တာပဲ တွေ့တဲ့ တာယာဆိုင်မှာ လေထိုး ပြီးဆက်မောင်းတာပေါ့  ။ကြို့ပင်ကောက်ရောက်တော့
မှောင်စပြိုးနေပြီ ၊ အင်းကျွန်တော်တို့အရောက်နောက်ကျတော့ ကြို့ပင်ကောက်ကအမျိုးတွေလည်း
မျှော်ကြ စိတ်ပူကြနဲ့ ပေါ့ ၊ ဘုန်းကြီးကျောင်း ရောက်တော့ အမေက တည်းမယ့်အိမ်ကိုသွားခိုင်းတယ်
အဲဒီရောက်မှညစာစား ဖို့ပြောတယ် အဲဒီတော့ ကျောင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အဲဒီအိမ်ကို ရောက်
တော့တယ် ညစာစားပြီး အလာပသလာပ သာကြောင်း မာကြောင်း ပြောနေကြ ယုံရှိသေးတယ် သမီး
က အိပ်ချင်ပြီ မို့လို့ အပေါ်ထပ်ကနေ ပါပါး ပါပါးနဲ့ ခေါ်နေလို့အိမ်ရှင် အစ်မတွေကိုအားနာနာနဲ့ ပဲ
အပေါ်ထပ် က သူတို့ပြင်ပေးထားတဲ့ အိပ်ယာထဲ ၀င်ရတော့တယ် တနေ့လုံးပင်ပန်းလာခဲ့ ပြီးအခု
တော့အိပ်တော့မယ်လို့ မထင်လိုက်ပါနဲ့ ဦး ပူလိုက်တဲ့ရာသီ ဘာပြောကောင်းမလဲ သမီးဆို အိပ်မရ
လို့ အိတ်တွေထဆွဲပြီး အိမ်ပြန်မယ်လုပ်တော့တာ ဒီတစ်ခေါက်တော့ မရောက်ခင်ပြန်ရပြီအောင်းမေ့
တာ အိမ်ရှင်တွေကိုလည်းအားနာ ဘာလုပ်ရမယ်မသိတော့ပါဘူး သမီးလေးကလည်းငိုလို့ ၊
သမီးမာမားကတော့ ပြောရှာတယ် တည်းခိုခန်းသွားရှာရ အောင်တဲ့ အဲ ညဆယ့်နှစ်နာရီကျော်မှ
သူများရပ်ရွာမှာ အစောကြီးတည်းကကျွန်တော်ပြောခဲ့တာပဲအဲဒီအိမ်မှာ မတည်းပါဘူးလို့ ။ အမှန်တော့
ကျွန်တော်လည်းအရမ်းအားနာတတ်သူထဲပါတာမို့ အမျိုးတွေပါ ဘာမှမဖြစ်ပါဘူးလို့ဝိုင်းပြောလို့သာ
အဲဒီအိမ်မှာတည်းဖြစ်တာ ၊သူအဲလိုပြောတော့ ကျွန်တော်ကနဲနဲ စိတ်တိုပြီးငေါက်မိသေးတယ် ကိုယ်အစ
တည်းက တည်းခိုခန်းတည်းမှာလို့ ပြောသားဆိုပြီး ။နောက်တော့ အပူချိန်နည်းနည်း မဖြစ်စလောက်
ကျသွားတာလား သမီးပဲပင်ပန်းလို့လားတော့မသိပါဘူး မနက်သုံးနာရီလောက်တော့ အိပ်သွားတယ်
ခက်တာကအာရုဏ်ဆွမ်း ဆိုတော့ ခဏနေ လေးနာရီလောက်ထ မျက်နှာသစ်ပြီး သွားကြရတော့မှာ
မအိပ်လိုက်ရမရှိအောင်ခဏမှေး လိုက်ပါတယ် မနက်ခြောက်နာရီထိုးသွားပေါ့ ။ အဲတာနဲ့လူးလဲအပ်ယာ
ထ အိပ်ယာတွေဘာတွေသိမ်းပြီး မျက်နှာသစ် အ၀တ်စားလဲ ပြီးမိသားစုသုံးယောက် ကျောင်းကိုရောက်ခဲ့
တော့တယ်။

Thursday, October 14, 2010

သံဝဂေ

ဘယ်လိုနေနေ
ဘာတွေဖြစ်ဖြစ်
ကဗျာတွေကိုစစ်တော့
တဏှာနှင့်အချစ်သာ
ကျန်ပါ၏

တမျိုးတော့မထင်ကြပါနဲ့ဗျာ ကိုယ့်စာတွေကိုယ်ဝေဖန်သုံးသပ်ကြည့်တာပါ
ကိလေသာမကုန်သ၍ ဒါတွေနဲ့ပဲနှောင်တွယ်ရစ်ပတ် လုံးလည်ထပ်နေမှာပါပဲ
ထင်ပါရဲ့ဗျာ..........

Thursday, September 9, 2010

မုသားနဲ့အပြစ်ရှာတဲ့စကား

game over

ရင်နာပေမယ့်
မမြင်သာပါကွယ်
ထင်ရာတွေတွေး
နေမယ်ဆိုယင်
အနှေးနဲ့အမြန်
ဝေးလံသွားကြရမှာပါ......

ကြင်နာပေမယ့်
မခင်တွယ်ပါကွယ်
ကြားတာတွေသာ
နားမှာထွေးနေယင်
သံသယစိတ်နဲ့တင်
အမှန်တရားတွေ
အဝေးရောက်
ပေးဆပ်လို့မလောက်ပါဘူး.......

သစ္စာရှိနေယင်းကပဲ
ရင်ကနာတယ်
အထင်လွဲမယ်ဆိုလည်း
တမင်ပဲလမ်းခွဲဖို့
ရည်ရွယ်ချက်ချို့ချို့ငဲ့ငဲ့နဲ့
အပြစ်ရှာစကားတွေ
အနှစ်မပါမုသားတွေနဲ့
ထိခိုက်အောင်လုပ်ဖို့
မလိုပါဘူး
သည်အတိုင်းပဲ သည်အတိုင်းပဲ
ကဲ... ခွဲကြစို့ဆိုယင်
ကျေနပ်မယ်ထင်.......။     ။

Thursday, August 26, 2010

အချစ်ဆုံးသူငယ်ချင်းသို့

ညတွေညတွေ
ထိုင်ထိုင်နေလည်း
ရင်တွင်းဒေါသ
ဖြေမရခဲ့
ကြွေကျနေတဲ့
စိတ်အစဉ်
မင်းမမြင်သာပါကွယ်......

အဖြစ်သနစ်တစ်ခုအတွက်
ဘဝတစ်ခုပျက်ရမလား
အတွေးမှားစိတ်ဝင်
ဖျောက်ဖျက်ပစ်လည်းမရ
ငါမှားခဲ့သလား
သံသရာမှာ
အမှားမပါပဲနေခွင့်
ကြုံချင်ပါသေးတယ်......

တစ်ခဏတော့
ငါ့စိတ်ငါအုပ်
ချုပ်ထိန်းမရ
ဖြစ်ခဲ့သေးတယ်
ငါဝန်ခံပါတယ်
ဒါပေမယ့်
သစ္စာတရား
ရှိနေပါသေးတယ်
ချစ်စရာရှားလို့လားကွယ်......

နှောင်တွယ်ရစ်ပတ်တတ်တဲ့
သံယောဇဉ်တစ်ရပ်ကြောင့်
ငါ့မှာနေသာဖြေခက်
နေမရရက်တွေ
များနေပေမယ့်
အဆုံးစွန်ထိသစ္စာမဲ့ခြင်း
မဟုတ်ခဲ့
နားလည်လို့ရမယ်ထင်.......

စိတ်ဒါဏ်ရာအမာရွတ်
ရအောင် ဘာဖြစ်လို့
လုပ်ခဲ့ကြတာလဲ
အဲဒီလိုမေးယင်
မဆင်မခြင်ဖြေကြဦးမယ်ထင်
ဘယ်လိုပင်ဖြစ်ဖြစ်
နှစ်ပေါင်းများစွာ
ခင်မင်လာခဲ့တဲ့
ငါတို့ရဲ့တွယ်တာခြင်းတွေ
အမြဲတည်တံ့နေအောင်
မင်းထောက်ထားသင့်ပါတယ်လေ.....

Sunday, August 22, 2010

တွယ်ရာတမ်းတလွမ်းစေသား

မေ့လို့မရသေးဘူး
ဟုတ်တယ်.....
ရဲရဲ ရင့်ရင့် ဝန်ခံရယင်
ဘယ်လိုမှမမေ့နိုင်သေးဘူး
ဥပေက္ခာပြုခြင်းခံရသလိုပဲ
အသိစိတ်ထဲက
ဘယ်လိုမှ ထုတ်ပစ်လို့မရခဲ့
ခံစားချက်တွေအတွက်
ခံစားမှုတွေအပြည့်နဲ့
ယုံကြည်မှုမရှိတဲ့
ရင်ခွင်က
ရုတ်တရက်မမေ့နိုင်ခဲ့.....

ဟိုး...တချိန်တည်းက
ဘယ်လောက်ချစ်ရလဲဆိုတာ
မပြောသာလို့
ဆိတ်ဆိတ်နေခဲ့
လော်လီဖောက်ပြား
စကားမှားတွေ
မဟုတ်ပါဘူးကွယ်
ညတိုင်ညတိုင်
သန်းခေါင်ကျော်အောင်
ထိုင်စောင့်နေခဲ့တဲ့
တချိန်က အဖြစ်ပျက်တွေ
အမှတ်တရအတွက်
ဝန်ခံခြင်းတွေ
ဖွင့်ဟခြင်းတွေရဲ့နောက်ကွယ်
တိုးတိတ်စွာနေခဲ့တယ်ဆိုတဲ့
အသိတရား
ခုတော့ခပ်ပါးပါ
မှုန်ဝါးစွာ
ပျောက်ပျက်ပြယ်....
ကိုယ့်ရင်မှာဘာတွေရှိ
ဘယ်သူမြင်ဘယ်သူသိမလဲ
ခပ်မဆိတ်နေခဲ့တဲ့အတိတ်....

ဘာဆို ဘာမှ
မလိုအပ်တဲ့ထိ
ပွင့်လင်းခဲ့ကြတဲ့
ပစ္စက္ခ ချစ်ခဲ့ကြသလား
မောလျစွာနှောင်တွယ်ရစ်
စွဲနစ်သွားစေခဲ့တဲ့အချစ်
အပြစ်ဖြစ်လေမလားကွယ်
ချစ်တယ်လို့ဆိုပြန်ယင်လဲ
ကိုယ်ပဲလွန်ကာကျမယ်
တစ်ရက်တည်း
ခဏပဲဆိုတဲ့
မေ့ကျန်ရစ်တော့မယ့်
အချစ်ရဲ့ဇတ်သိမ်းလား
ဝိုးတဝါးပါပဲ.......

ဘာဆင်ခြေမှမလိုပဲ
ချစ်နေချင်သေးတယ်
မမုန်းခိုင်းနဲ့...ကိုယ့်ကို
မမေ့ခိုင်းနဲ့....ကိုယ့်ကို
ဝင်သက်ထွက်သက်မှာ
ပင့်သက်ရှိုက်ယုံမျှ
ချစ်ခွင့်လေးတော့
ရယင်ကျေနပ်
နေတတ်ချင်သည်
ရင်ခွင်ဆီတွင်
ချစ်ရခွင့်ခဏမှာ
တရှိုက်မက်မက်
တမ်းယစ်မူးရီ
ကသီကရီဖြစ်တည်ခဲ့တဲ့
အနမ်းပွင့်သာ
တွယ်တာတမ်းတလွမ်းမိသည်.......

အာသာငမ်းငမ်း
တွယ်မက်ခြင်းလမ်းမှာ
အကျွတ်တရားမရယင်လည်းလေ
စိတ်တွင်းဆန္ဒလိုသမျှကို
ဖြစ်ချင်တယ်ဆို
ဖွင့်ဟမြွက်ကြွား
ဆိုစကားမှန်သမျှ
လိုတရစေ
ဖြည့်စွမ်းနေမယ်
အမြဲပင် တွေးတော
ငေးမောနေချင်သော
သခင့်ရုပ်လွှာ
ရွှေမျက်နှာတော်ဦးသာလျှင်
အာရုံမှာပင်စွဲနစ်ထင်ကျန်
ရှင်သန်နေရစ်တော့မလား
တွေးယင်းချစ်ဆဲ
မျက်ဝန်းထဲမှာ
သခင့်အရိပ်သာ
တိတ်ဆိတ်စိုးမိုး
နေရာယူ............

တွယ်ငြိတပ်မက်ခြင်း
တမ်းတမက်မောခြင်း
ထို နွံ တွင်းမှ
ရုန်းမထွက်နိုင်
စိတ်မခိုင်ပဲ
စွဲလန်းစိတ်သာ
နေရာယူထား
အတွေးများစွာ
အကျွန့်ထံထားရစ်
သခင် မချစ်တော့
နေနှင့်ဦးပေါ့လို့လည်း
မဆိုသာသည်.......

သခင့် အသံ
နားဝင်ချိုမြ
ပိုတမ်းတအောင်
ဖျားယောင်းလေလား
တွေးထင်မှားဆဲ
ကာလရှည်ကြာ
ဝေဒနာလေ
သူသိပေမယ့်
လျစ်လျူ ပြုရက်တယ်
စိတ်မှာထင်
လှောင်ရယ်ချင်သလား
ရင်ခုန်စွာပြောစကားကို
ကြားပြီးပြီဆိုမှ
ရှောင်ဖယ်ခွာ
သခင်ပုန်းတယ်
မုန်းခက်လေအား.......

ရှုံးခက်ပွေစကားတွေ
နားဆင်ပါတော့
ပေါ့ပေါ့တွေးကာ မရယ်ချင်ပဲ
ကျော့ကျော့ငေးကာ ကွယ်ချင်လည်း
သခင့်ရင်တွင်းဖောက်ထွင်းမြင်သည်
မသင့်တော်ဘူးရယ်လို့ထင်နေသလား
ခက်သည်များကွယ်
ချစ်ခြင်းတွေစတေး
တမြေစီဝေးတဲ့အခါ
နွေးထွေးတဲ့ရင်ခွင်
မွှေးလှတဲ့ပါးပြင်
ချိုမြတဲ့အနမ်း
အရာအားလုံးကို
နားလည်စွာဖြင့်
တမ်းတနေခွင့်ပေးသနားပါ
ချစ်သခင်..............

မသင့်တော်လို့
အချစ်လျှော်ချင်တယ်ဆို
ဘယ်ပုံဘယ်နည်းနဲ့
လွမ်းချင်းတွေညည်းလို့
တမ်းတတေးသီကာ
ဘယ်လိုပင်
ချမ်းမြအေးကြည်သာပါစေ
ဆိုစေငြား
ပိုသလားလိုမလား
ထိုထိုစကားကို
ဖွင့်ဟခြွေခဲ့
အနေခက်အောင်
ရွယ်ရည်စိတ်ကူးလို့
ကိုယ်မရူးပါရစေနဲ့တော့.........

သဲသောင်ပြင်မှာ
ထင်တဲ့ခြေရာ
ဒီ လာယင်ပျက်ပေမယ့်
ကိုယ့်အသည်းကခြေရာ
ဘယ်လိုပင်ဖျက်လို့ကွယ်ပျက်ဘူး
စွဲနစ်ဝင်ဆဲ...................

Wednesday, August 11, 2010

သွားတော့သခင်

သွားပါတော့ခင်
မောင့်သခင်ရေ.....
တွယ်မက်တိမ်းမူး
တပ်မက်ဖူးတဲ့
နှုတ်ခမ်းအစုံ
တုန်ရီစွာလှိုက်မော
နင့်သောရင်အစုံ
မငိုယုံတမည်ပါကွယ်
ပြောရဦးမလား
နှောင်တွယ်ရစ်ပတ်တတ်တဲ့
သံယောဇဉ်အကြောင်း
ဘာပဲဖြစ်ဖြစ်
ပြန်ပြောင်းမပြောရစ်ရအောင်
နေပါရစေကွယ်
တွယ်တာနှောင်ရစ်
သိပ်ချစ်သတဲ့လား
မပြောချင်တဲ့နှုတ်ဖျားက
ငိုယင်းရယ်ယင်း
အမှားပိုတဲ့
စကားတွေလည်းမလိုချင်ပါ
အခြားသူတွေလို
အများသူငါ
ဆိုဖြစ်တဲ့စကားတွေလည်း
မဆိုချင်ပါ
နေပါရစေ
မောင့်သခင်
တစ်ရေးနိုးအတွေးနဲ့
ကဗျာထရေးဖြစ်တဲ့
ညအိပ်မက်ရဲ့
အဖြစ်မျိုးထွေထွေလည်း
မလိုချင်ပါ...
ငိုချင်ယုံသာ
နေပါစေလေ
ရှိပါစေမေ
ရင်ခွင်သည်းကျွမ်း
အလွမ်းဖန်တီး
သောကမီးလည်း
သည်အတိုင်းပင်ရှိစေတော့ခင်
မောင့်အလွမ်းသခင်
နွမ်းလို့ပင်ခွေလျော့
နေခဲ့တော့မည်
သွားတော့လေ
ကိုယ်ပိုင်ရင်ခွင်ဆီ.................


Wednesday, August 4, 2010

သံသရာသာဆုံးစေတော့မေ့ခွင့်မကြုံချင်ပါ

တစ်ခဏလေးစာ
တွယ်ရစ်နှောင်ပေမယ့်
တစ်ဘဝစာ
မှတ်မိနေမလား
သူ့အသံကြားယင်
ရင်ခွင်မှာမနေတတ်
မေ့တတ်အောင်
မေ့နေခဲ့ပေမယ့်
နဂိုကရှိယင်းစွဲသံယောဇဉ်
သူလာနှောင့်ကြောင့်
ရင်ခွင်မှာဗျာပွေဖောက်ရတယ်
မောတော့လက်ငင်း.......

ယုတ်မာတယ်ဆိုမလား
အဟုတ်ပါတစ်ကယ်
နှောင်တွယ်ခဲ့တာကြောင့်
ရင်မှာအပူပိုသာကဲရတယ်
ကိုယ့်ရင်ကအဖြစ်ကို
လူတွေနဲ့ သူလေသိနိုင်ဘူး
တိတ်တိတ်သာကြိတ်ကာကြွေရ
စိတ်မှာတော့လေ မချိတင်ကဲ..........

ရင်ကအဖြစ်တွေ
အယင်ကအချစ်တွေနဲ့
မြင်သမျှဟာသည်းရင်ပူကဲ
အမြဲပင်သူပဲလေကွယ်
သည်စကားတွေကိုလေ
သူသာကြားယင်ဖြင့်
လှောင်ရယ်လိမ့်မလားရယ်လို့
စိုးရွံစိတ်ထဲမှာ
အစဉ်မြဲသာစိုးမိုးတိုးတိုက်
နေရာယူ...........

အပူပဲလေကွယ်
သူပဲရှိနေတယ်
သူကလေတမင်
ရှောင်ဖယ်ကာပုန်းပြန်တော့
ရှက်ရွံ့စိတ်တွေနဲ့
ကိုယ့်ရင်မှာတွေဝေ
အနေခက် လေတော့
သူလှောင်ရယ်မှာ
စိုးထိတ် တိတ်တိတ်ရင်ဖို
အနွမ်းသောကတွေနဲ့
ကိုယ့်စိတ်တွေကို
ခုတမျိုး ခုတမျိုး
ခါခါပြောင်းခိုင်းပေမယ့်
မလွယ်တဲ့စိတ်အစဉ်
ဘယ်လိုပြောင်းလို့ကွယ်ရဘူး
သံသရာရေမြေဆုံးစေတော့
စိတ်မှာကွယ်တယ်မမေ့နိုင်ဘူး
ဝေခွဲရတကယ်ခက်တယ်
ရစ်ပတ်နှောင်မြဲ.............။     ။

ဘ၀

ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းကျတဲ့အခါ
လောကကြီးနေကောင်း
ကမ္ဘာကသာယာ
ငှက်ကလေးတွေလည်း
တေးသီတာကိုမြင်ရ
သြော်...ဘ၀ ဆိုတာ....

ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျတဲ့အခါဆို
အမုန်းတွေဝင်
အငြိုးတွေဆင်ခဲ့
ပန်းပွင့်တာလည်းမမြင်
ငှက်ကလေးတွေတေးမသီခဲ့
ဆုတောင်းတာမပြည့်လို့ဆိုပြီး
ထိုင်ပြီးငိုချင်လာခဲ့
စမ်းချောင်းလေးစီးတာလည်းအပြစ်မြင်
သမုဒ္ဒရာတောင်ခန်းခြောက်မယ်ထင်ရဲ့
ပူစေတဲ့သောက
ဆန္ဒ မပြည့်တဲ့...သြော်....ဘဝ......

ဘဝတဲ့လား
ဘာများလဲကွယ်
တစ်ကယ်...လောကဓံဆိုတာ
ရှစ်ပါးတည်းရယ်
ပိုလည်းမလာခဲ့ပါဘူး
ခံနိုင်စွမ်းတွေနဲ့
ရင့်ကျက်လာခဲ့ပြီလား
ဖြေဆည်မရတဲ့အခါတွေးမိသည်
ဘာပဲဖြစ်ဖြစ်လေ ဘ၀ ဆိုတာ
တစ်ကယ်တော့...ခဏတာပါ............။     ။

ဆန္ဒ

မှောင်မည်းလွန်းတဲ့
တိမ်တိုက်တွေ
ပြိုမကျမီညက
ပန်ခဲ့တဲ့ချစ်ခွင့်
ရင်မှာဖြစ်တည်
ချစ်ကြည်စေချင်..........

မတွေ့ချင်ဘူး...တဲ့လား...
ချိုသာတဲ့စကားသံ
အချစ်ရယ်ဟန်လေး
မိုးသက် ကြားမှာ
ပွင့်ချပ်ဖြစ်စေ
အနမ်းချွေဖို့
ရင်ခွင်တွင်းက
တမ်းတနေ........

အလွမ်းကဗျာ
မရေးချင်ပါဘူး
လွမ်းရမှာစိုးကြောက်
ဗျာပါဒတွေ
မဝေချင်ပါ
တွေဝေလို့လည်း
မနေချင်ပါ
ချစ်ခဲ့တာကိုး
ချစ်ပင်ပျိုးကာ
ချစ်မိုးတွေသာ
စွေစေချင်တာ
ရင်ဆန္ဒ........။     ။

Sunday, July 25, 2010

တွယ်တာရသော

မြတ်နိုးတွယ်တာခဲ့သမျှ
ကွယ်ရာကပဲချစ်တော့မယ်
တိတ်တခိုးမဟုတ်ပေမယ့်
စိတ်မဆိုးနဲ့သူရယ်
တမ်းတတာလွမ်းလှလို့ပါ
ကျွမ်းမြေ့သွားတဲ့အသည်း
လွမ်းနေ့စွဲတွေမှာလည်း
ချစ်သူပါပဲလေ..........

ခွဲခွာရတာ
အခံရခက်လှပေမယ့်
ကျန်ရစ်ရတဲ့ရက်တွေဟာ
မနေသာမဖြေသာပေမယ့်
နေစရာကအသေချာပါ
မရေရာတာတွေလည်း
နေပါစေတော့ရယ်လို့..........

မသေချာတဲ့
တောင်းဆုလည်း
မပြုလိုဘူး
မတမ်းတချင်တော့
ရင်တွေမောရလွန်းလို့
တိမ်တိုက်တွေလည်းပြိုကျခဲ့
အလွမ်းရေလျဉ်ကြောမှာမျောပြီး
နွမ်းကြေတဲ့နှလုံးသားဟာ
ပန်းတွေမဝေယင်လည်းနေပါစေ
မေတ္တာစမ်းချောင်းလေးလည်းခမ်းခြောက်
ချစ်သူ့ရင်မှာနောက်တစ်ယောက်မို့
လွမ်းချင်လည်းအခက်တွေ့
နှလုံးသားဟာ
အရှုံးသမားလို့လှောင်ရယ်
ချစ်ရသူရယ်လေ
နေစိမ့်နိုင်လွန်းတယ်.........။ ။

လွတ်ကျခဲ့တဲ့အိပ်မက်

နွမ်းရက်တွေရှည်ကြာဝေးကာ
နွမ်းမျက်ဖြေခြေရာလေးပေးသွား
အဝေးကပုံရိပ်
အတိတ်နိမိတ်နဲ့
ကာရံတွေထပ်
နဘေညှပ်ကာ
ကဗျာတွေတွေး
စာတွေရေးလည်း
အကြောင်းမထင်
နှောင်းရင်ခွင်မှာ
နေလို့မတတ်
နေရကျပ်ခဲ့............

အတွေးနယ်မှာ
ဘေးဖယ်ခွာလည်း
နှင်လို့မထွက်
ရင်ကိုဖမ်းဆုပ်
သက်မဲ့အရုပ်
ဇီဝိန်ချုပ်ချင်
နေတော့ခင်ရေ
အတိတ်က
လွတ်ကျသွားတဲ့
အိပ်မက်တွေမှာပဲ
ပျော်မောလျ...........

ခက်တာကလေ
ငါတို့ပျော်ခဲ့
အိပ်မက်မြို့ရဲ့
ကုက္ကိုတန်းအစွန်က
ပျောက်ရှသွားတဲ့
အိပ်မက်ကလေး
ခဏလေးပြန်မက်ရယင်
လိုချင်ပါရဲ့
ကံကော်တန်းလွမ်းချင်းတွေ
ပြန်တမ်းမက်ချင်ပါရဲ့
ဒါပေမယ့်
လွတ်ကျခဲ့ပြီထင်ပါရဲ့..........။ ။

မျက်ရည်နေ့ည

မောင်...........
အလွမ်းပင်လယ်ဝေနေတဲ့ကြားက
ပန်းသခင် သူလာနှောင့်တာကြောင့်
ရင်နှလုံးကြေပြုန်း ကွဲကြေသုဉ်းကာ
အမြဲသေဆုံးခဲ့ပြီကွယ်............
ကံကြမ္မာ အငြိုးရယ်က
ဖန်တရာလွမ်းနှင့်အောင်လို့
သံသရာကမ်းလင့်နှောင်ဖွဲ့ကာ
မောင်မှမောင်ပါလို့ ဆိုတော့
ကိုယ့်ကိုကိုယ်ပင်
မုန်းချင်သည်................

သံတရာတခွင်ဆုံးစေတော့
အမှန်သာပင်မုန်းလို့ကွယ်ရဘူး
မောင်ဆိုတာလာကာပြုံးပြန်တော့
စိုစွတ်တဲ့ မျက်ဝန်းတစုံနဲ့
ပိုလွန်းတဲ့ရင်ကသည်းကို
ခွဲထုတ်ကာဆားနဲ့ပက်ချင်လှ
ခက်သည်ကဝေဒနာ
သေရွာသာသွားချင်တော့
ခက်သည်ပေါ့မောင်ရယ်လေ................

ခွဲခွာတာနှစ်နှစ်မကပေမယ့်
လိုအပ်ယင်အသက်ပင်ဆုံးစေတော့
မုန်းမျက်ရည်သီကာဝေ့ရတယ်
မေ့ရဲ့မျက်ဝန်း
တွေ့ပြီလက်ငင်းမှာလေ
ချက်ချင်းသာမောင်ပြန်ခဲ့ ပါတော့
မေ့ရင်တွင်းအမြဲပင်မောင်ရှိနေ
ဝေးလွင့်ခြင်းအတိတ်ခြေရာဆိုတာလဲ
ချစ်တဲ့မောင့်ကိုမေ့နိုင်ဘူး
လင်တရူးလို့ပြောယင်လည်း
ခံရမယ့်မေပါ...............

အသေချာဘယ်နေ့
ဘယ်မှာတွေ့လိမ့်
ငိုချင်လျက်ခက်တွေ့
ရတက်တွေပွေ့ကာ
မောင်ရယ်....သက်သေခံကလေ
မျက်ရည်နေ့ည..............။ ။

ချစ်သူမောင် မာမီဖြစ်သွားပြီလို့ပြောလည်းတတ်နိုင်ဘူး ဟိုး...တချိန်တုန်းကတစ်ယောက်အတွက်ပါ