Monday, April 30, 2018

ကြိုတင်လွမ်းခြင်း

မောင့်ချစ်သူရေ
တာဝန်ကျရာအရပ်
ပြန်တော့မယ်လို့
သည်လိုစကား
ကြိုတင်ကြားအံ့.....
ရင်ခွင်မှာလေ
ပူလောင်ပြီး
အလွမ်းမီးလျှံ
လောင်စေပြီလား
နှစ်ကိုယ်တူယှဉ်
အတူရှိဖူးရာအရပ်
သွားတော့မယ်ဆိုစကား
ကြားမိတဲ့ခိုက်
ရင်တွင်းမှာဘလောင်ဆူ
သောကအပူတွေပေါ့ကွယ်..........

မောင့်ချစ်သူ
သခင်သွားယင်
အလွမ်းတွေလျှံငြီး
တောက်လောင်ပြီးလျှင်
မိုးအောက်မြေပြင်
ရန်သူထင်သည်
မောင့်ရင်တွင်းက
အဖြစ်များလေ
ချစ်သူသိမလား
ခင်ထားသွားတော့
လောင်မြိုက်ကျွမ်းဝေဒနာဟာ
ပူပင်သောက
အများသား.............

ကြိုတင်ကာမှာကြား
စိတ်ချပါရစေ
မောင်ရေ......ဆိုတဲ့စကားမှာ
မြေပြင်ကို
ရန်သူထင်
ရွာမလိုမိုးကို
ရန်ပြု....
သည်မြေမှာထင်ထင်သမျှအရိပ်
ရန်သူဖြစ်စိမ့်လားလေ
မမြင်ချင်
မကြားချင်
မသိချင်ပါ
အလွမ်းဆိုတဲ့ဝေဒနာဟာ
လွန်စွာခါးသီးလို့
အပူမှာဆယ်နွေဆကဲ
သောကနွံထဲ
တဝဲလည်လည်
မနေချင်လဲ
နေလည်းမရ
ပူလောင်လှလို့
ချစ်ရေ.......
အမြန်ရောက်အောင်သာ
မောင့်ထံပြန်လာခဲ့........


Tuesday, April 24, 2018

အလွမ်းညတွေအလွန်

ပြန်လာမယ်တဲ့
ကြားတဲ့စကား
နားမှာမယုံ
ထင်ယောင်မှားသို့
အလွမ်းတွေနဲ့
တွေဝေနေတဲ့
နေ့ညတွေမှာ
ချစ်သူ့ထံပါး
ချွေလာမှာတမ်း
အရမ်းလွမ်းသည်
သည်လိုစကား
ခင်ကြားဖူးလိမ့်
မောင်မြင်တွေ့ဖူး
အလွမ်းဆိုသည်
ပျော်စရာမဟုတ်ကြောင်း.....

ချစ်တဲ့အကြောင်း
ပြောလို့မှမကုန်
လွမ်းတဲ့အကြောင်း
ပြောမိအစုံစုံ
စိတ်အာရုံမှာ
ဂယောင်ခြောက်ခြား
အမှောင်ရယ်လို့တောင်
မမှားတော့တဲ့အဖြစ်
ပြောစရာစကားစတွေလည်းကုန်လို့
သုံးစရာစကားလုံး
မရှိတော့တဲ့အဖြစ်အထိ
ကျွမ်းလောင်ကာလွမ်းအောင်ပြုခဲ့
ခွဲခွာခြင်းဝေဒနာဟာ
အသေချာပြုစားလို့
ထိုင်နေယင်တောင်မှ
ဘာဖြစ်နေမှန်းမသိတဲ့အထိ
အလွမ်းကြားနစ်...နစ်နေခဲ့
နေယင်းထိုင်ယင်း
အာရုံမရတဲ့အဖြစ်ထိ
လွမ်းသည်ကို............

ပျော်လိုက်တာကွယ်
ကြိုတင်ပျော်ရင်း
မြူးတူးရွှင်ပျ
(အလွမ်းညတွေအလွန်လို့တောင်မှ)
စာဖွဲ့ယင်
သာဓကရယ်ထင်မယ်ကွယ်
မြူးတူးရွှင်ပျော်
ငယ်စဉ်က ကလေးအလား
သဏ္ဍန်ရုပ်မှာ
ဟန်လုပ်မဖြစ်
ကြည်နူးပျော်မြူး
ငိုချင်ချင်ဆိုတဲ့ရင်ခွင်
ချက်ခြင်းကြည်လင်
ချစ်သူ့အသံကို
နားနဲ့ဆတ်ဆတ်
ကြားရတဲ့မှာတမ်း
အလွမ်းကြားမှာ
မပျော်ရတဲ့အတွက်
အနမ်းများစွာနဲ့
တမ်းတခြင်းတွေဖြေသိမ့်
မောင့်ရင်ခွင်မှာ
မှေးမှိတ်လှည့်တော့
တမ်းတခြင်းတွေ
ဟိုအဝေးဆီသွား
နေ့နေ့ညည
အိပ်မရတဲ့အဖြစ်တွေ
ကုန်ဆုံးလွန်မြောက်လို့
ပျော်စရာကမ္ဘာအသစ်
တည်ဖြစ်လိမ့်မယ်..........

ပင်လယ်ရင်ခွင်မှာ ထွေးပွေ့ထားတဲ့နေ့တွေညတွေ










အာ့မြေအာ့ရေ
အာ့လေကိုချစ်တယ်
ကမ်းရိုးတမ်းတစ်လျောက်
တောင်တန်းတွေဖြတ်ကျော်ပြီးသွားရတဲ့
ပင်လယ်နဲ့ထိစပ်နေတဲ့
ဘင်္ဂလားပင်လယ်အော်ရဲ့
အကွေ့အဟိုက်ထဲကရွာကလေး
အာ့မြေကိုချစ်တယ်......

ပင်လယ်ဝန်းရံထားတဲ့
ကမ်းရိုးတန်းတစ်လျောက်
ချစ်တဲ့သူနဲ့အတူ
ကားမောင်းရတာကို
ဘာနဲ့မှမလဲနိုင်ခဲ့
အာ့အရသာကိုတပ်မက်
ပင်လယ်ဖက်ကတိုက်လာတဲ့လေကိုရှူရှိုက်ယင်း
ပင်လယ်ပြာပြာဖက်ကိုငေးယင်း
လှိုင်ပုတ်သံကြမ်းကြမ်းကိုနားထောင်ရင်း
(တခါတရံလည်းနုနုညံညံ့ပေါ့)
ကောင်းကင်အပြာကြီးအောက်မှာ
စိတ်ကူးတွေလွင့်ပျံရင်း
အာ့မြေကိုပိုပိုချစ်ခဲ့...............

သိပ်ချစ်တာပဲ
ကောင်မလေးရေ
ကိုယ်တွေရဲ့ကမ်းစပ်မှာ
ခြားနေတဲ့ချောင်းလေးအကြောင်း
တံတားလေးထိုးဖို့
စိတ်ကူးယဉ်ဖြစ်တာလေး
ပြောပြတော့ သူကရယ်တယ်
တစ်ကယ်ကျနော့ရဲ့စိတ်ကူးက
ရှန်ဟိုင်းမြို့တွင်းတံတားလေးလို
ခုံးခုံးလေး ဒါပေမယ့်
ယဉ်ကျေးမှုအမွေအနှစ်တော့
ဖြစ်စေမပေါ့လေ
သူကလည်းပြောပါတယ်
ဝါးတံတားလေးလောက်ဖြစ်ယင်
အဆင်ပြေပါတယ်တဲ့...
ဒါပေမယ့်လေ......
ခုထိဘာတံတားမှအကောင်ထည်ပေါ်သေး
မင်းစိတ်ဆိုးနေမလားကွယ်................

မင်းကိုချစ်လို့
ရိုးမကိုတုံး လိုခုန်ခဲ့သူပါလေ
အရည်းကြီးအကျင့်မဟုတ်ပါပဲ
ကားနဲ့လည်းခုန်တယ်
ဆိုင်ကယ်နဲ့လည်းခုန်
ဇောကပ်နေဆဲမို့ ရိုးမဟာ
ခုန်လို့ကောင်းပါတယ်..............

လွမ်းတယ်ကောင်မလေးရယ်
သတိရလို့ဖုန်းဆက်ချင်ယင်တောင်မှ
လိုင်းမမိတဲ့အရပ်မှာမို့
ပြောချင်တဲ့စကားတွေ
နှုတ်ဖျားမှာဆွံ့အ
ထွက်လာတဲ့စကားတွေမြိုချယင်း
မင်းကိုအရမ်းလေ.....လွမ်းနေတယ်

Thursday, March 22, 2018

ဘယ်လိုဖြစ်ဖြစ်

ရတုအဆက်ဆက်
မတိုင်ချင်ပါ
လက်ကျန်ဘဝလေးမှာ
အတူတူရှိနေယင်
ကျေနပ်တယ်
အဖိုးကြီးတွေ
အဖွားကြီးတွေ
ဖြစ်ကုန်တဲ့အထိ............

အိပ်မက်ထဲကမောင့်နန်းတော်


လာလေချစ်ရယ်
ညနေနေညို
နေကုန်လေတိုင်း
လက်ချင်းဆုပ်ကိုင်
ထိုင်နေရာက
ခနခန
ခွဲရတဲ့ဘဝတွေ
မုန်းလွန်းလာတယ်

လာလေလာပါ
မောင့်အချစ်ရယ်
ဆုံနိုင်ဖို့အရေးတွေး
ကမ္ဘာအသစ်
အိပ်မက်ဖြစ်တည်
အိပ်မက်ဆီမှာ
မောင်တို့ဆုံဖို့
ကမ္ဘာအသစ်
ရှာဖွေရစ်စို့
ညည အခါ
အိပ်သည့်ခါဝယ်
စိတ်သည်မောင့်ဆီ
လာလှည့်ပါ.........

မောင်ခေါ်သွားမည်
ကမ္ဘာအသစ်
အိပ်မက်စစ်မှာ
နန်းတော်သည်မှာ
ဟိုမှာဥယျာဉ်
ဟိုမှာရေကန်
ကြာဖြူနီပွင့်
ပနံတင့်လျက်
ရေကန်ရှေ့က
အပင်ရိပ်အောက်မှာ
မှီနားခိုနွဲ့
ခိုဝင်လှည့်လျှင်
ဘယ်ခါမှပင်
မနိုးချင်သည့်
ပျော်စရာကမ္ဘာသစ်
ရှာဖွေဖြစ်မည်
မောင့်စိတ်ထင်သည်
ခင်နှင့်မဝေးလိုသည်ကို.........

လာလေလာပါ
မောင့်အိပ်မက်ရွာ
စကြဝဠာ အဆုံးနား
တိမ်တိုက်ဖျားက
နေဝင်ချိန်ကို
စေါင့်ကြည့်ကာလျှင်
နေထွက်ချိန်ကို
မျှော်ကြမည်လေ.........

တစ်သက်မမေ့စကား
ညနေစောင်းဆီက
မောင်အိမ်ပြန်မည်
ဆိုခဲ့စဉ်က
သခင်ပြောကြား
စကားမှာလေ
"အိပ်မက်ထဲမှာ
မောင်နှင့်တွေ့လျှင်
ပြန်မလွှတ်လို"
"မောင်သည်ကလည်း
အိပ်မက်ထဲဆို
မပြန်လိုလေ"
သည်ဘဝရဲ့
ခနနိဗ္ဗာန်မှာ
မှီတွယ်ခိုဝင်
တပ်မက်ကာလျှင်
ငြိချင်ပါသည်
လာပါလှည့်လေ
အိပ်မက်ဆီက
မောင့်နန်းတော်သို့.............



လွမ်းလိုက်တာကွယ်



ခုအသက်ရွယ်မှ
ဆယ့်ရှစ်နှစ်သားလို
ချစ်နေရတာ
ပင်ပန်းလွန်းတယ်
စိတ်ဝယ်သိရှိ
မြင်သော်လည်း
ချစ်နေတဲ့စိတ်
တိတ်တဆိတ်နေမရ
ခက်သည်ကလေ
လွမ်းသည်ကို.......

ခုရွယ်ကျမှ
မေတ္တာဖြန်းပြီး
လန်းဆန်းရမှာ
အေးမြရမှာ
ပူလောင်နေတဲ့
ချစ်ခြင်းလည်း
မဖြစ်လိုပါ
ချစ်ခြင်းတွယ်တာ
မြတ်နိုးခြင်းတွေဟာ
အစဉ်တစိုက်
ရင်မှာလှိုက်ပြီး
ဖြစ်တည်ဖြစ်မြဲ
ဖြစ်မြဲဓမ္မတာလေ
မကွေကွင်းဘူး
ဆိုလျင်တောင်မှ
ခနတာ ခွဲခွာ
မတွေ့ကြရတဲ့အချိန်မှာ
သေလုအောင်လွမ်းတဲ့
အချစ်မျိုးဟာ
စန္ဒကိန္နရီဇတ်ထက်
မလျော့တာပဲ
သူသိစေချင်.........

ချစ်ခြင်းငယ်ပြိုင်
သံသာလေကမ်းတိုင်
တူယှဉ်ဖက်ကူး
တူကြင်လျက်မြူးချင်တာပေါ့
ခနတာဝေးလို့
ရက်ခုနစ်ရာ
မငိုချင်ပါလေ
ခုတော့ဒီသဘော
ကိန္နရီမောင်နှံကို
အပြစ်မဆိုသာ
အချစ်ရေ...
ဖော်လှစ်ကာပြချင်တဲ့
မောင့်အချစ်ကို
မောင့်ရင်ထဲကို
မောင့်နှလုံးသားကို
နှောင်တွယ်စွာချည်တုပ်
ဖြည်ထုတ်မရတဲ့ကြိုး
ဘဝမှာလေတိုးကြုံ
အထပ်ထပ်ဖွဲ့လို့ရစ်တွယ်
အချစ်ရယ်......
သြော်....
လွမ်းလိုက်တာကွယ်......


မုန်းချင်ရက်မုန်းချက်ကယ်နာ

ဘဝဆိုတာ
ဒီလိုပါပဲ
နေပျော်မယ်ထင်
ချစ်ရင်ခွင်ကို
ဟိုဒီနိုးနား
ထားသွားရက်လျင်
ပူစရာတွေ့
အကုန်မေ့လည်း
မမေ့ရင်က
တသသသည်
လောင်မြိုက်ကျွမ်းစေ
သောကဝေ၍
ပူစေသတည်း........
ပစ်ရက်ပြီလား
မုန်းမေ့ရန်မဆိုထားနဲ့
စိတ်ကူးဖြင့်ပင်
ခဏဝေးကြည့်
နေမထိထိုင်မသာ
အတွေးမှာချာလည်
မတွေးချင်လည်းမရ
ပူလောင်သည်ကော
လောကဓံရယ်
ပြောပြန်လျှင်.....သခင်
မသိချင်ယောင်ဆောင်
လှောင်ရယ်တော့မလား
ချစ်စိတ်ကိုအတင်းသိမ်းပြီး
ဇွတ်မှိတ်ပစ်မေ့မယ်ထား
အတွေးမှားတွေလားကွယ်
ဝေးနေယင်နေမတတ်လို့
အနီးပါလာချင်ပါသော်လည်း
ကိစ္စများမြောင်
လူတို့ဘောင်ကို
တွေးရလျှင်လည်း
မေ့ရမည်ပင်...........
မေ့ချင်လို့..
မုန်းပင်စိုက်
မုန်းပစ်လိုက်ချင်
ရင်မှာနာလွန်းတယ်တအား
မေ့ရန်ကြံရွယ်စိတ်ကူးပေမယ့်
တွယ်တာလှသံယောဇဉ်
နှစ်ပေါင်းနှစ်ဆယ်ကြာမို့
ဘယ်လိုပင်ဆွဲကာဖြတ်လည်း
ဖြတ်လို့ပြတ်ဘူး.........
အချစ်ဦးမဟုတ်ပါကွယ်
အချစ်ထူးခံသခင်မရယ်မို့
တစ်ဘဝမှာဒီတစ်ယောက်တည်းကိုပ
အသည်းမည်းအရူးမူးချစ်ပြီမို့
တစ်သက်လုံးချစ်ပါရစေကွယ်
မုန်းချင်လို့ကြံဆောင်လျင်မှ
ရင်ကိုခွဲအသည်းကိုထုတ်ကာပေါ့
ပစ်မှရမည်ထင်
နှလုံးသားတွင်
ထပ်ထပ်စွဲဝင်ဟန်တွေကြောင့်
နှလုံးသည်းခြေပျက်မှ
ခွဲလို့ရကြောင်း.........


Monday, February 5, 2018

အချစ်ဦး


တွေ့နေရယုံ
မြင်ရယုံမျှ
နေသာကြည်နူး
နေခဲ့ဖူးသည်.....

မရွယ်စူးပဲ
ဘဝတကွေ့
ပြန်ဆုံတွေ့လျှင်
ရင်ခုန်ကြည်နူး
နေဖူးပြန်သည်.....

ဖေးမပြောကြား
စကားတွေမှာ
နှောင်တွယ်နွယ်ရစ်
အသစ်ဖြစ်တည်
တသရင်မှာ
လှိုက်မောသည်......

ပြောတဲ့စကား
နားမှာသကာဖြစ်
ပျားရည်နှစ်သို့
ချိုမြကြည်အေး
ရင်ကိုနွေးစေ.......

ကြည့်တဲ့မျက်ဝန်း
ရင်ကိုဖောက်ဝင်
စူးစူးနင်နင်
လှိုက်ဖိုမောလျ
ချိန်တိုင်းတမ်းတ
လွမ်းပိုသည်......။     ။



Sunday, February 4, 2018

ဝန်တိုမှုနဲ့ယှဉ်တဲ့အလွမ်း

ချစ်ရေ မင်းနဲ့
ခနတာလေး
ဝေးရတဲ့အခိုက်
ရင်မှာဆယ်နွေ
ပူပြင်းစေလို့
သတ်မှတ်ကျိန်စာ
ထားခဲ့လားလေ
ဘဝတွေဆက်ဆက်
ဘယ်လိုဖြေ
ပြေပါ့မလဲ.......

ရင်ကသည်းပန်း
ရွှင်လန်းဖြာမှ
ပျော်ရပါစေ
မောင်နေခဲ့ဖူး
ကြည်နူးကျေနပ်
နေဖူးတတ်ချင်
ပါလျှင်လည်းလေ
မောင့်အဝေးမှာ
သူငယ်ချင်းများနဲ့
ပျော်နေရင်တောင်
ရင်မှမချိပူလောင်၏သို့
နေတတ်ကျေနပ်လိုသော်လည်း.......

မနေတတ်ပါ
ခင်အနားမှာ
မရှိပါလျှင်
သောကဝင်သည်
ဟိုသည်အတွေး
စိတ်မှာတေးဝင်
ပူရပင်ရ
သောကတွေများ
မခက်လားလေ
တွေးယင်းရင်မှာ
မချိပါသည်
အတွေးရေလျဉ်
စိတ်အစဉ်ထဲ
သည်အတွေးပဲ
အထပ်ထပ်လည်
ဝန်တိုတယ်ဆိုရမလား
အလွမ်းတွေကူးစက်
အနေရခက်ပြီ
ဝန်တိုခြင်းနှင့်ယှဉ်သောအလွမ်း.......။ ။

ချစ် သူ မောင်

Wednesday, January 31, 2018

ဆုတောင်း



တစ်ဦးတစ်ယောက်ကိုရည်စူး
စိတ်ကူးဖြင့်ပင်လျှင်
ယုတ်မာခြင်းကို
မကြံဆောင်ခဲ့မိဖူးပါ.......

တစ်ဦးတစ်ယောက်ကိုရည်စူး
စိတ်ကူးဖြင့်ပင်လျှင်
ပျက်စီးရာပျက်စီးကြောင်း
မကြံဆောင်ခဲ့မိဖူးပါ.........

တစ်ဦးတစ်ယောက်ကိုရည်စူး
စိတ်ကူးဖြင့်ပင်လျှင်
အချင်းချင်းတိုက်ခိုက်ရန်
မကြံဆောင်ခဲ့မိဖူးပါ.........

အကျွန့်စိတ်တွင်
စိုးစိမျှသစ္စာမဲ့ယုတ်မာညှိုးနွမ်း
အသင်းပင်းခွဲလိုစိတ်
မရှိခဲ့မိပါ.........

သို့သော်.....
ဝဋ်ကြွေး သို့မဟုတ် ရေစက် အစုံကြောင့်
ထိုထိုသူများ တွေ့ရဖန်များလတ်သော်
ထိုထိုဝဋ်ကြွေး သို့မဟုတ် ရေစက်
အမြန်စောလျှင် ကုန်ဆုံးလွန်မြောက်
ဖြစ်ရပါစေသား
အရှင်ဘုရား......

ချစ်သူမောင်


Thursday, January 25, 2018

အလွမ်း..........ပါအချစ်ရယ်

မပြောချင်ဘူး.... ချစ်ရယ်
အရမ်းလွမ်းတယ်....ဆိုတဲ့အကြောင်း
မောင်ပြောတာဆို....ပိုတယ်ထင်မယ်
ကြားရတဲ့သူတွေ........လှောင်ပြီးရယ်မယ်
တစ်ကယ်ဆို......အရူးတစ်ပိုင်းပါကွယ်.......

အတူတူရောက်နေကြ......အရပ်ဒေသပဲ
ပျော်ခဲ့ဖူးတယ်နော်.....ပျော်ခဲ့ကြတယ်နော်
ဆိုင်ကယ်တစ်စီးနဲ့......ဒုက္ခရောက်တာလည်း
အကြိမ်ကြိမ်ပါပဲလေ.........

အတူတူသွားလာဖူးတဲ့
ပင်လယ်နားကမြို့လေးအကြောင်း
တဖွဲ့တနွဲ့
ပြောပြယင်လည်း
အလွမ်းတွေသာတိုးမယ်
သွားတဲ့ခရီးလမ်းမှာ
တောင်တန်းတွေကိုဖြတ်သန်းစဉ်
ပါးစပ်ထဲရရာသီချင်းပေါင်း
သောင်းခြောက်ထောင်ဆိုခဲ့ဖူး........

ခုတော့.....ချစ်ရယ်
အလွမ်းတွေပိ
တွေတွေဝေဝေ
နေ့ညဖြတ်သန်း
အချစ်မရှိတဲ့လမ်းမတွေ
ခြောက်သွေ့တိတ်ဆိတ်
ဘာလုပ်လုပ်
Focusing မရတဲ့အဖြစ်
အလွမ်းတွေသာပိုင်စိုး
လွှမ်းမိုးထားတဲ့
နေ့နေ့ညည
မေ့မရပဲ
သတိတရ


လွမ်း

လွမ်းတယ်ချစ်ရယ်
ခုလိုချိန်
ဝေးနေပုံမျိုး
ဖုန်းဆက်တောင်မှ
လိုင်းမမိတဲ့အရပ်မှာ
သခင်သွားတော့
လွမ်းအားပိုကဲ
အချစ်ရယ်လေ
တွယ်တာနှောင်ရစ်
တမ်းတခြင်းတွေ
ရင်မှာတည်ဖြစ်
ည ည တွေဆို
မအိပ်နိုင်ပဲ
အလွမ်းကြားမှာ
တွေဝေငေးမော
ထိုင်နေဖြစ်.........

မကြာဘူး
ခဏပါဆိုပေမယ့်
တစ်နေ့တစ်ရက်
အတွေ့ခက်ယင်
ဝေတဲ့သောက
ပူတဲ့အလွမ်း
လောင်မြိုက်ကျွမ်းနေ
ရင်မှာလေပူ
ဆယ်နေဆူကဲ
မနေရဲပါ
ဝေးနေရာမှာ
လွမ်းသူ ကျွမ်းလောင်ပူ
ရင်ထဲမှာ
အစဉ်မြဲ
သခင်သာလျှင်
စိုးမိုး၏.........

တမ်းတမိသည်
အလွမ်းသည်
ဟိုမှာ သည်မှာ
မြင်မြင်ရာလေ
သခင့်ပုံရိပ်
လွှမ်းလို့ပိုင်စိုး
ရင်ခွင်မျိုးမှာ
မနေသာ
ဖြေစရာမဲ့လို့
ပင်လယ်ရယ်
အငိုတိတ်လေမှ
သီချင်းတွေဆိုယင်း
အတူတူဖြတ်သန်းခဲ့ဖူးတဲ့
တောင်တန်းတွေကို
တိုင်တည်တီးတိုး
ဆိုချင်သည်
အလွမ်းဟာ
ပျော်စရာမဟုတ်
ဆိုတဲ့အကြောင်း........

လွမ်းရလွန်းလို့ရူးချင်ချင်

လွမ်းလွန်းလို့
ရူးနေခဲ့တယ်
အချစ်ရယ်လေ
မင်းမျက်နှာလေး
ခါခါတွေးမြင်
စိတ်ဘဝင်မှာ
တွယ်ငြိလို့ရူး
နေမထိထိုင်မသာ
တသသနဲ့
လွမ်းရလို့ရူး
အရူးတစ်ပိုင်းပါကွယ်........

လွမ်းရလို့
နေ့စဉ်သုံးတဲ့
မျက်နှာစာအုပ်
ပေါ်မှာတောင်မှ
မရောက်ပဲလေ
မက်ဆင်ဂျာမှာ
သူမြင်မလား
မက်ဆေ့အတိုလေးတွေ
ပို့ကြည့်ရတာလည်း
အမောသားပေမို့ကွယ်......

သခင်ရယ်
အဝေးမသွားခင်
မတွေ့ရတဲ့အဖြစ်တောင်မှ
သည်လောက်လွမ်းရတယ်ဆို
တစ်ကယ်လို့များ
အဝေးသွားယင်
ရင်ခွင်မှဘယ်လိုထူး
ဘယ်လိုရူးရလိမ့်လို့တောင်
မတွေးရဲအောင်ပဲလေ
မမြင်မိတိုင်းတမ်းတ
လွမ်းတွေပိုလို့
ပန်းတွေတောင်ငိုမလားရယ်လို့
ကွယ်......
သည်လူရင်မှာ
မောရတယ်.......

လွမ်းနေတော့လည်း
မက်ဆင်ဂျာချတ်ဘောက်
ခနခနဖွင့်ကြည့်မိသည်
သူရှိမလား
မျှော်လင့်စောင့်စား
ရင်မှာမောလျ
စိတ္တဇဖြစ်
အလွမ်းသည်ရူးစေ
ဆိုသည်လား......

အင်းလျားဘေးမှာအစဉ်အမြဲ



စောစောအိပ်လို့
စောစောထလို့
စောစောလမ်းလျှောက်ကြပါစို့...
ငယ်ဘဝ
ဒီဇင်္ဘာ မနက်ခင်းများ
လူထုလမ်းလျှောက်ပွဲ
အတူနွှဲခဲ့ကြ
အင်းလျားဘေးက
လမ်းမပေါ်......

ပြည်ထောင်စုအလံ
ကြိုဆိုပွဲ.....
ဘယ်နိုင်ငံက
သမ္မတကြီး
ဝန်ကြီးချုပ်ကြီး
အလည်လာလာ
အင်းလျားဘေးက
လမ်းမထက်တွေမှာ
အတူတူပျော်
အလံလေးတွေဝှေ့ယမ်း
ဝမ်ဆွေ့အော်ခဲ့တာလည်း
အင်းလျားဘေးနော်.......

ချစ်သူနဲ့အတူ
လက်ချင်းဆုပ်ကိုင်
တူထိုင်ခဲ့ဖူး
ပုခုံးဦးမှာ
နဖူးစွန်းဖြင့်မှီသာယုံလေး
ညနေနေဝင်ချိန်များ
အိမ်အပြန်ခက်ခဲ့ဖူး
အင်းလျားဘေးမှာ
ဝေဒနာတွေများစွာနဲ့
တွေဝေစရာတွေလည်း
များခဲ့ဖူး........
ကန်ဘောင်ဦးမှာ

သူငယ်ချင်းတစ်သိုက်နဲ့
မိုးရွာတဲ့ခါ
ပြည်လမ်းမကြီးအတိုင်းလျှောက်
ထီးတွေလဲမပါခဲ့ပါပဲ
ထီးတွေပါလဲ
ဖွင့်မဆောင်းမိကြ
မိုးရေထဲအတူတူလျှောက်ခဲ့
ပျိုရွယ်စဉ်ဘဝများ
အင်းလျားဘေးမှာ
ရှိခဲ့ဖူး...........

ဟိုတစ်လောကပဲ
ငယ်ပေါင်းမဟုတ်ပေမယ့်
ကျောင်းထဲက.........
ရင်ဘတ်ချင်းပေါင်းမိတဲ့
သူငယ်ချင်းတစ်သိုက်နဲ့
အခိုက်တံ့ဆုံခဲ့ဖူး....
အင်းလျားဘေး...
စိမ်းလန်းစိုပြေမှာ
ကဗျာအဖွဲ့တွေနဲ့
ကဗျာတွေခါခါရွတ်လို့
အတူတူပျော်ဖူး
အမှတ်တရတွေချည်းပဲလေ.....

အင်းလျားကန်စပ်
အကြော်ဆိုင်မှာ
ငယ်ပေါင်းတွေနဲ့အခါခါ
ပျော်ရွှင်မြူးတူး
ရင်ခုန်ကြည်နူးတဲ့ခန
ရခဲ့ဖူး....

ဟိုတစ်ရက်က
မင်္ဂလာနှစ်ပတ်လည်
အစ်မတစ်ယောက်ဖိတ်လို့
ပွဲသွားတက်ခဲ့ရဖူးတဲ့
အင်းလျားဘေး
စဉ်းစားတွေးယင်းပျော်
ဆက်ဆက်လာပါသူငယ်ချင်းကို
ကြည်နူးရင်ခုန်စွာ
အတူဆိုခဲ့ကြ
အင်းလျားဘေး.....

.........
...............
...................
...........
အင်းလျားဘေး
မမေ့နိုင်အစဉ်....
....
.....

အမှတ်တရများ...



ခဏတာဝေးတဲ့အခိုက်

ရင်တွင်းကအပူ
သူမသိလေရော့သလား
ကျွမ်းရစ်အောင်ဖန်တယ်
လွမ်းကြွေလုသား..........

ရင်တွင်းကသောက
သူမမျှလေရော့သလား
အပူအသစ်နဲ့
စိုးထိတ်ပိုတယ်
နွမ်းကြွေပေါ့လား.......

ရင်တွင်းကဗျာပါဒ
သူဂရုမပြုရော့သလား
ရင်မှာလေဆယ်နွေထက်ကဲ
လောင်ကျွမ်းကာသောကဆူတယ်
ပူဆွေးတော့လား.........