Thursday, March 22, 2018

မုန်းချင်ရက်မုန်းချက်ကယ်နာ

ဘဝဆိုတာ
ဒီလိုပါပဲ
နေပျော်မယ်ထင်
ချစ်ရင်ခွင်ကို
ဟိုဒီနိုးနား
ထားသွားရက်လျင်
ပူစရာတွေ့
အကုန်မေ့လည်း
မမေ့ရင်က
တသသသည်
လောင်မြိုက်ကျွမ်းစေ
သောကဝေ၍
ပူစေသတည်း........
ပစ်ရက်ပြီလား
မုန်းမေ့ရန်မဆိုထားနဲ့
စိတ်ကူးဖြင့်ပင်
ခဏဝေးကြည့်
နေမထိထိုင်မသာ
အတွေးမှာချာလည်
မတွေးချင်လည်းမရ
ပူလောင်သည်ကော
လောကဓံရယ်
ပြောပြန်လျှင်.....သခင်
မသိချင်ယောင်ဆောင်
လှောင်ရယ်တော့မလား
ချစ်စိတ်ကိုအတင်းသိမ်းပြီး
ဇွတ်မှိတ်ပစ်မေ့မယ်ထား
အတွေးမှားတွေလားကွယ်
ဝေးနေယင်နေမတတ်လို့
အနီးပါလာချင်ပါသော်လည်း
ကိစ္စများမြောင်
လူတို့ဘောင်ကို
တွေးရလျှင်လည်း
မေ့ရမည်ပင်...........
မေ့ချင်လို့..
မုန်းပင်စိုက်
မုန်းပစ်လိုက်ချင်
ရင်မှာနာလွန်းတယ်တအား
မေ့ရန်ကြံရွယ်စိတ်ကူးပေမယ့်
တွယ်တာလှသံယောဇဉ်
နှစ်ပေါင်းနှစ်ဆယ်ကြာမို့
ဘယ်လိုပင်ဆွဲကာဖြတ်လည်း
ဖြတ်လို့ပြတ်ဘူး.........
အချစ်ဦးမဟုတ်ပါကွယ်
အချစ်ထူးခံသခင်မရယ်မို့
တစ်ဘဝမှာဒီတစ်ယောက်တည်းကိုပ
အသည်းမည်းအရူးမူးချစ်ပြီမို့
တစ်သက်လုံးချစ်ပါရစေကွယ်
မုန်းချင်လို့ကြံဆောင်လျင်မှ
ရင်ကိုခွဲအသည်းကိုထုတ်ကာပေါ့
ပစ်မှရမည်ထင်
နှလုံးသားတွင်
ထပ်ထပ်စွဲဝင်ဟန်တွေကြောင့်
နှလုံးသည်းခြေပျက်မှ
ခွဲလို့ရကြောင်း.........


Monday, February 5, 2018

အချစ်ဦး


တွေ့နေရယုံ
မြင်ရယုံမျှ
နေသာကြည်နူး
နေခဲ့ဖူးသည်.....

မရွယ်စူးပဲ
ဘဝတကွေ့
ပြန်ဆုံတွေ့လျှင်
ရင်ခုန်ကြည်နူး
နေဖူးပြန်သည်.....

ဖေးမပြောကြား
စကားတွေမှာ
နှောင်တွယ်နွယ်ရစ်
အသစ်ဖြစ်တည်
တသရင်မှာ
လှိုက်မောသည်......

ပြောတဲ့စကား
နားမှာသကာဖြစ်
ပျားရည်နှစ်သို့
ချိုမြကြည်အေး
ရင်ကိုနွေးစေ.......

ကြည့်တဲ့မျက်ဝန်း
ရင်ကိုဖောက်ဝင်
စူးစူးနင်နင်
လှိုက်ဖိုမောလျ
ချိန်တိုင်းတမ်းတ
လွမ်းပိုသည်......။     ။



Sunday, February 4, 2018

ဝန်တိုမှုနဲ့ယှဉ်တဲ့အလွမ်း

ချစ်ရေ မင်းနဲ့
ခနတာလေး
ဝေးရတဲ့အခိုက်
ရင်မှာဆယ်နွေ
ပူပြင်းစေလို့
သတ်မှတ်ကျိန်စာ
ထားခဲ့လားလေ
ဘဝတွေဆက်ဆက်
ဘယ်လိုဖြေ
ပြေပါ့မလဲ.......

ရင်ကသည်းပန်း
ရွှင်လန်းဖြာမှ
ပျော်ရပါစေ
မောင်နေခဲ့ဖူး
ကြည်နူးကျေနပ်
နေဖူးတတ်ချင်
ပါလျှင်လည်းလေ
မောင့်အဝေးမှာ
သူငယ်ချင်းများနဲ့
ပျော်နေရင်တောင်
ရင်မှမချိပူလောင်၏သို့
နေတတ်ကျေနပ်လိုသော်လည်း.......

မနေတတ်ပါ
ခင်အနားမှာ
မရှိပါလျှင်
သောကဝင်သည်
ဟိုသည်အတွေး
စိတ်မှာတေးဝင်
ပူရပင်ရ
သောကတွေများ
မခက်လားလေ
တွေးယင်းရင်မှာ
မချိပါသည်
အတွေးရေလျဉ်
စိတ်အစဉ်ထဲ
သည်အတွေးပဲ
အထပ်ထပ်လည်
ဝန်တိုတယ်ဆိုရမလား
အလွမ်းတွေကူးစက်
အနေရခက်ပြီ
ဝန်တိုခြင်းနှင့်ယှဉ်သောအလွမ်း.......။ ။

ချစ် သူ မောင်

Wednesday, January 31, 2018

ဆုတောင်း



တစ်ဦးတစ်ယောက်ကိုရည်စူး
စိတ်ကူးဖြင့်ပင်လျှင်
ယုတ်မာခြင်းကို
မကြံဆောင်ခဲ့မိဖူးပါ.......

တစ်ဦးတစ်ယောက်ကိုရည်စူး
စိတ်ကူးဖြင့်ပင်လျှင်
ပျက်စီးရာပျက်စီးကြောင်း
မကြံဆောင်ခဲ့မိဖူးပါ.........

တစ်ဦးတစ်ယောက်ကိုရည်စူး
စိတ်ကူးဖြင့်ပင်လျှင်
အချင်းချင်းတိုက်ခိုက်ရန်
မကြံဆောင်ခဲ့မိဖူးပါ.........

အကျွန့်စိတ်တွင်
စိုးစိမျှသစ္စာမဲ့ယုတ်မာညှိုးနွမ်း
အသင်းပင်းခွဲလိုစိတ်
မရှိခဲ့မိပါ.........

သို့သော်.....
ဝဋ်ကြွေး သို့မဟုတ် ရေစက် အစုံကြောင့်
ထိုထိုသူများ တွေ့ရဖန်များလတ်သော်
ထိုထိုဝဋ်ကြွေး သို့မဟုတ် ရေစက်
အမြန်စောလျှင် ကုန်ဆုံးလွန်မြောက်
ဖြစ်ရပါစေသား
အရှင်ဘုရား......

ချစ်သူမောင်


Thursday, January 25, 2018

အလွမ်း..........ပါအချစ်ရယ်

မပြောချင်ဘူး.... ချစ်ရယ်
အရမ်းလွမ်းတယ်....ဆိုတဲ့အကြောင်း
မောင်ပြောတာဆို....ပိုတယ်ထင်မယ်
ကြားရတဲ့သူတွေ........လှောင်ပြီးရယ်မယ်
တစ်ကယ်ဆို......အရူးတစ်ပိုင်းပါကွယ်.......

အတူတူရောက်နေကြ......အရပ်ဒေသပဲ
ပျော်ခဲ့ဖူးတယ်နော်.....ပျော်ခဲ့ကြတယ်နော်
ဆိုင်ကယ်တစ်စီးနဲ့......ဒုက္ခရောက်တာလည်း
အကြိမ်ကြိမ်ပါပဲလေ.........

အတူတူသွားလာဖူးတဲ့
ပင်လယ်နားကမြို့လေးအကြောင်း
တဖွဲ့တနွဲ့
ပြောပြယင်လည်း
အလွမ်းတွေသာတိုးမယ်
သွားတဲ့ခရီးလမ်းမှာ
တောင်တန်းတွေကိုဖြတ်သန်းစဉ်
ပါးစပ်ထဲရရာသီချင်းပေါင်း
သောင်းခြောက်ထောင်ဆိုခဲ့ဖူး........

ခုတော့.....ချစ်ရယ်
အလွမ်းတွေပိ
တွေတွေဝေဝေ
နေ့ညဖြတ်သန်း
အချစ်မရှိတဲ့လမ်းမတွေ
ခြောက်သွေ့တိတ်ဆိတ်
ဘာလုပ်လုပ်
Focusing မရတဲ့အဖြစ်
အလွမ်းတွေသာပိုင်စိုး
လွှမ်းမိုးထားတဲ့
နေ့နေ့ညည
မေ့မရပဲ
သတိတရ


လွမ်း

လွမ်းတယ်ချစ်ရယ်
ခုလိုချိန်
ဝေးနေပုံမျိုး
ဖုန်းဆက်တောင်မှ
လိုင်းမမိတဲ့အရပ်မှာ
သခင်သွားတော့
လွမ်းအားပိုကဲ
အချစ်ရယ်လေ
တွယ်တာနှောင်ရစ်
တမ်းတခြင်းတွေ
ရင်မှာတည်ဖြစ်
ည ည တွေဆို
မအိပ်နိုင်ပဲ
အလွမ်းကြားမှာ
တွေဝေငေးမော
ထိုင်နေဖြစ်.........

မကြာဘူး
ခဏပါဆိုပေမယ့်
တစ်နေ့တစ်ရက်
အတွေ့ခက်ယင်
ဝေတဲ့သောက
ပူတဲ့အလွမ်း
လောင်မြိုက်ကျွမ်းနေ
ရင်မှာလေပူ
ဆယ်နေဆူကဲ
မနေရဲပါ
ဝေးနေရာမှာ
လွမ်းသူ ကျွမ်းလောင်ပူ
ရင်ထဲမှာ
အစဉ်မြဲ
သခင်သာလျှင်
စိုးမိုး၏.........

တမ်းတမိသည်
အလွမ်းသည်
ဟိုမှာ သည်မှာ
မြင်မြင်ရာလေ
သခင့်ပုံရိပ်
လွှမ်းလို့ပိုင်စိုး
ရင်ခွင်မျိုးမှာ
မနေသာ
ဖြေစရာမဲ့လို့
ပင်လယ်ရယ်
အငိုတိတ်လေမှ
သီချင်းတွေဆိုယင်း
အတူတူဖြတ်သန်းခဲ့ဖူးတဲ့
တောင်တန်းတွေကို
တိုင်တည်တီးတိုး
ဆိုချင်သည်
အလွမ်းဟာ
ပျော်စရာမဟုတ်
ဆိုတဲ့အကြောင်း........

လွမ်းရလွန်းလို့ရူးချင်ချင်

လွမ်းလွန်းလို့
ရူးနေခဲ့တယ်
အချစ်ရယ်လေ
မင်းမျက်နှာလေး
ခါခါတွေးမြင်
စိတ်ဘဝင်မှာ
တွယ်ငြိလို့ရူး
နေမထိထိုင်မသာ
တသသနဲ့
လွမ်းရလို့ရူး
အရူးတစ်ပိုင်းပါကွယ်........

လွမ်းရလို့
နေ့စဉ်သုံးတဲ့
မျက်နှာစာအုပ်
ပေါ်မှာတောင်မှ
မရောက်ပဲလေ
မက်ဆင်ဂျာမှာ
သူမြင်မလား
မက်ဆေ့အတိုလေးတွေ
ပို့ကြည့်ရတာလည်း
အမောသားပေမို့ကွယ်......

သခင်ရယ်
အဝေးမသွားခင်
မတွေ့ရတဲ့အဖြစ်တောင်မှ
သည်လောက်လွမ်းရတယ်ဆို
တစ်ကယ်လို့များ
အဝေးသွားယင်
ရင်ခွင်မှဘယ်လိုထူး
ဘယ်လိုရူးရလိမ့်လို့တောင်
မတွေးရဲအောင်ပဲလေ
မမြင်မိတိုင်းတမ်းတ
လွမ်းတွေပိုလို့
ပန်းတွေတောင်ငိုမလားရယ်လို့
ကွယ်......
သည်လူရင်မှာ
မောရတယ်.......

လွမ်းနေတော့လည်း
မက်ဆင်ဂျာချတ်ဘောက်
ခနခနဖွင့်ကြည့်မိသည်
သူရှိမလား
မျှော်လင့်စောင့်စား
ရင်မှာမောလျ
စိတ္တဇဖြစ်
အလွမ်းသည်ရူးစေ
ဆိုသည်လား......

အင်းလျားဘေးမှာအစဉ်အမြဲ



စောစောအိပ်လို့
စောစောထလို့
စောစောလမ်းလျှောက်ကြပါစို့...
ငယ်ဘဝ
ဒီဇင်္ဘာ မနက်ခင်းများ
လူထုလမ်းလျှောက်ပွဲ
အတူနွှဲခဲ့ကြ
အင်းလျားဘေးက
လမ်းမပေါ်......

ပြည်ထောင်စုအလံ
ကြိုဆိုပွဲ.....
ဘယ်နိုင်ငံက
သမ္မတကြီး
ဝန်ကြီးချုပ်ကြီး
အလည်လာလာ
အင်းလျားဘေးက
လမ်းမထက်တွေမှာ
အတူတူပျော်
အလံလေးတွေဝှေ့ယမ်း
ဝမ်ဆွေ့အော်ခဲ့တာလည်း
အင်းလျားဘေးနော်.......

ချစ်သူနဲ့အတူ
လက်ချင်းဆုပ်ကိုင်
တူထိုင်ခဲ့ဖူး
ပုခုံးဦးမှာ
နဖူးစွန်းဖြင့်မှီသာယုံလေး
ညနေနေဝင်ချိန်များ
အိမ်အပြန်ခက်ခဲ့ဖူး
အင်းလျားဘေးမှာ
ဝေဒနာတွေများစွာနဲ့
တွေဝေစရာတွေလည်း
များခဲ့ဖူး........
ကန်ဘောင်ဦးမှာ

သူငယ်ချင်းတစ်သိုက်နဲ့
မိုးရွာတဲ့ခါ
ပြည်လမ်းမကြီးအတိုင်းလျှောက်
ထီးတွေလဲမပါခဲ့ပါပဲ
ထီးတွေပါလဲ
ဖွင့်မဆောင်းမိကြ
မိုးရေထဲအတူတူလျှောက်ခဲ့
ပျိုရွယ်စဉ်ဘဝများ
အင်းလျားဘေးမှာ
ရှိခဲ့ဖူး...........

ဟိုတစ်လောကပဲ
ငယ်ပေါင်းမဟုတ်ပေမယ့်
ကျောင်းထဲက.........
ရင်ဘတ်ချင်းပေါင်းမိတဲ့
သူငယ်ချင်းတစ်သိုက်နဲ့
အခိုက်တံ့ဆုံခဲ့ဖူး....
အင်းလျားဘေး...
စိမ်းလန်းစိုပြေမှာ
ကဗျာအဖွဲ့တွေနဲ့
ကဗျာတွေခါခါရွတ်လို့
အတူတူပျော်ဖူး
အမှတ်တရတွေချည်းပဲလေ.....

အင်းလျားကန်စပ်
အကြော်ဆိုင်မှာ
ငယ်ပေါင်းတွေနဲ့အခါခါ
ပျော်ရွှင်မြူးတူး
ရင်ခုန်ကြည်နူးတဲ့ခန
ရခဲ့ဖူး....

ဟိုတစ်ရက်က
မင်္ဂလာနှစ်ပတ်လည်
အစ်မတစ်ယောက်ဖိတ်လို့
ပွဲသွားတက်ခဲ့ရဖူးတဲ့
အင်းလျားဘေး
စဉ်းစားတွေးယင်းပျော်
ဆက်ဆက်လာပါသူငယ်ချင်းကို
ကြည်နူးရင်ခုန်စွာ
အတူဆိုခဲ့ကြ
အင်းလျားဘေး.....

.........
...............
...................
...........
အင်းလျားဘေး
မမေ့နိုင်အစဉ်....
....
.....

အမှတ်တရများ...



ခဏတာဝေးတဲ့အခိုက်

ရင်တွင်းကအပူ
သူမသိလေရော့သလား
ကျွမ်းရစ်အောင်ဖန်တယ်
လွမ်းကြွေလုသား..........

ရင်တွင်းကသောက
သူမမျှလေရော့သလား
အပူအသစ်နဲ့
စိုးထိတ်ပိုတယ်
နွမ်းကြွေပေါ့လား.......

ရင်တွင်းကဗျာပါဒ
သူဂရုမပြုရော့သလား
ရင်မှာလေဆယ်နွေထက်ကဲ
လောင်ကျွမ်းကာသောကဆူတယ်
ပူဆွေးတော့လား.........

ရန်ကုန်မနက်ခင်း....ခပ်ကျဉ်းကျဉ်း




ဝိုင်ဘီအက်စ တဲ့
တရုတ်မ
ဝုန်းဒိုင်းကျဲအောင်
မောင်းချသွားယင်း
အတင်းတိုးဝင်
ပွတ်သပ်ကျော်တက်
ဗြူးဗြဲဖြစ်အောင်
မောင်းချသွားယင်း
အတင်းကျော်အတင်းတိုး
ဝိုင်းကြီးချုပ်စံနစ်မှာ
အာ့လိုကျော်စရာလား
အတွေးတွေများ........
လစာနဲ့မောင်းရတာဆို
ယာဉ်အုံနာတွေ
မထိန်းသိမ်းတော့ဘူးလား
ကျောက်မချတော့ဘူးဆို
လွန်းတင်တာထက်တောင်ကြာပေါ့
လူမလုတော့ဘူးဆို
လမ်းဘေးခွေးထမင်းလုစားတာထက်ဆိုး....
သည်အခြေနေမျိုးမှာ
ကွီးဖြိုးလည်းမကယ်
အရီးမိုးလည်းမလွယ်လေ
သူကြီးသူခိုးလည်း
မိဖို့ခက်
မရီးအမျိုးလည်း
သူ့ဖို့အတွက်
လုယက်တဲ့ကြားက....
စီတီးတက္ကဆီများ
အလုအယက်လုကြတာများ
နောက်ကထောက်လိုထောက်
တစီးတားယင်
သုံးစီးလောက်ရပ်ကြ
အာ့လိုလုမှ
ထမင်းစားရမလားမှတ်တယ်
မဖြစ်မနေ
လုစားကြတဲ့ထမင်း
မြိုကျဖို့တောင်ခပ်ခက်ခက်
ညံ့တယ်လို့ဆိုချင်ဆို
လု တော့ဖြင့်မစားလို......
ရန်ကုန်မြို့ကြီး
ယာဉ်ကြောကြပ်ရတဲ့ကြား
အပြိုင်လုမောင်းကြတဲ့
ဘတ်(စ)ကားနဲ့
မဟားဒယားလုမောင်းတဲ့
စီတီး တက္ကစီကြား
ကိုယ်ပိုင်ကားမောင်းသူများ
ဘယ်လိုသွားကြသလဲ
YGN မှဆို သို့သော်
နယ်ကားနံပါတ်များ
ဥဒဟိုမောင်းကာသွားယင်း
ရန်ကုန်မနက်ခင်း
အသက်ရှူရတာကျဉ်းလာတယ်............
Chitthu Maung


Saturday, October 21, 2017

လန်းဆန်းပါစေ....ရန်ကုန်မြေ




ရန်ကုန်မြို့ကြီး
ဘယ်တော့များမှ
ငြိမ်းချမ်းလန်းဆန်းလေမလဲ....
မနက်အလင်းမှာ
အတင်းတိုးဝှေ့
တွန်းတိုက်မောင်းသွားကြ
YBS ကစလို့
လိုနေတဲ့စည်းကမ်း
ဘယ်နားမှာရမ်းသွား
အလကားပါ
ကားချင်းရှောင်တောင်မှ
ပွတ်မိကြရတဲ့အဖြစ်
မလွယ်ပါ
ရင်လေးဘိ.......
အမှိုက်ကောက်ကြတယ်လား
ပစ်တာတစ်ဖွဲ့
ကောက်တာတစ်ဖွဲ့ပါ
မယုံရင်
ရုပ်ရှင်ရုံထဲ
ရုပ်ရှင်အပြီးမှာ
သွားကြည့်...သူလိုလို ငါလိုလိုနဲ့
ပစ်သွားတဲ့အမှိုက်များ
စည်းကမ်းကမရှိသေး........
အလှမ်းဝေးနေသေးတယ်
စည်းကမ်းအကြောင်း
နည်းလမ်းကောင်းတွေ
ဘယ်တော့မှတွေ့မလဲ
ဒီမိုကရေစီဆိုတာ
စည်းကမ်းမဲ့
အမှိုက်ပစ်တာမဟုတ်....လို့
ရမ်းလည်းမတုတ်ချင်......
အများသူငါ
နောက်ဖေးလမ်းကြား
အမှိုက်မပစ်ဘူးလား
လိုနေသေးတယ်
မပစ်တာမလစ်လို့တဲ့
အမှိုက်ကိစ္စ
ခဏခဏပြောရတာ
အရမ်းကို
မောတယ်ဗျာ........
ရန်ကုန်မြို့ကြီး
ငြိမ်းချမ်းကာ
တည်တံ့စွာ
လန်းဆန်းနေပါစေ.........
Chitthu Maung



အလွမ်း....အစစ်

လွမ်းနေတယ်ဆို
ကြင်သူ့မျက်နှာ
မြင်ရလေနိုး
မျှော်ကိုးကာလျှင်
လာခဲ့ပါသည်
ချစ်သူ့အိမ်ရှေ့
အပင်နား......

ရင်မှာလွမ်းလို့
တမ်းတတာလွန်
အကျွန့်ရင်ကို
သခင်မြင်လေမလားကွယ်......

တွယ်တာတမ်းတ
အလွမ်းညတွေ
မရှည်စေချင်
မောင့်ရင်ခွင်သည်
ပူလောင်မီးစ
လောင်မြိုက်ညီး.......

မြင်ယုံတွေ့ယုံ
မျှော်လင့်ယုံပါ
စောင့်မျှော်ကိုးစား
တွေ့ခွင့်ငြားလည်း
မတွေ့မမြင်
စိမ်းကားလျှင်လေ
ရင်သည်ပူလျက်
အနေခက်သည်
သခင်သိယုံ
ကြားမိယုံ........



Saturday, December 31, 2016

ဆုတောင်း

Happy New Year ပါ Blogger အပေါင်းသူတော်ကောင်းတို့




Sunday, December 18, 2016

အသက်ငင်နေတဲ့အလွမ်းပါချစ်ရယ်




အသက်ငင်နေတဲ့
အလွမ်းပါချစ်ရယ်
သခင်သာ
တနယ်တကျေး
အဝေးသွားယင်
မောင့်ရင်လွမ်းလို့
အပူဝေ..........

အဝေးမှာဆို
အဆင်ပြေလား
အမျိုးမျိုးတွေးထင်
စိုးရိမ်စိတ်ဆို
ပိုကိုပို.......

လမ်းခရီးများ
အဆင်မပြေ
ဖြစ်လေမလား
စိုးထိတ်ရင်ပူ
သောကဆူတယ်
ချစ်သူအတွက်
စိတ်ပူမိ........



Friday, November 25, 2016

ရန်ကုန်မနက်ခင်းသရဲစီးခြင်း











ဒေဝူးဟွန်ဒိုင်း တရုတ်မ
ဝုန်းဒိုင်ကျဲအောင်မောင်းသွား
မှတ်တိုင်ရှေ့ကျ
တိကနဲထိုးရပ်
ကားရဲ့ဖင်က
လမ်းပေါ်ကျန်ခဲ့
အာ့မှာစပယ်ယာရဲ့
မင်းသားခေါင်းဆောင်းထားတဲ့
ဘီလူးးရုပ်ပေါ်လာ
အတင်းတွန်းတင်
အရမ်းတွန်းချ
ရန်ကုန်မြို့ရဲ့
ကမ်းနားလမ်းတစ်လျောက်ပေါ့
ဗဟိုစံပြငါးဈေး
သူ့ထက်ငါဦးအောင်တိုးဝင်
ခေါင်းချင်းဆိုင်
သူ့ငါဆဲငါ့သူဆဲ ဆဲယင်းနဲ့
ကွန်တိန်နာတင်တဲ့
နောက်တွဲယာဉ်တေ
ခပ်ကြမ်းကြမ်းမောင်းဝင်သွာယင်း
ဘီလူး သရဲ မောင်းတဲ့ကားတွေပေါ်
လူတွေတင်နေတာ
မြင်ရတာကျောစိမ့်
၂၂၆,၁၃၂,၃၃၃,၂၀၇
ပါရမီ အဓိပတိ
ဘာညာသရကာလိုင်းတွေ
ဆိုးဆိုးရွားရွား
ဖြတ်သန်းသွားတဲ့
လမ်းမပေါ်မှာ
လူမရလို့
လူရမလို
တအိအိမောင်းနေတဲ့
တက်စီသမား
ဘယ်သူ့ကိုမှဂရုမစိုက်ပဲ
မှတ်တိုင်မဟုတ်ပဲရပ်တဲ့
ဘတ်(စ)ကား
ဘယ်သူကဉာဏ်များလဲ
ဘယ်သူကကံတရားလဲ
အချင်းချင်းဆဲဆိုသံတွေ
ပူညံပွက်လောရိုက်
ပူလောင်လောင်မြို့ပြမနက်ခင်း
မင်္ဂလာပါ အစ်ကို
တစ်စီးလောက်........
တစ်စီးလောက်.........
ဟာ...ငါxxးမသားကွာ
နောက်ကားကျော်မယ်
အကျော်မခံနဲ့.....ဆွဲဆရာရေ
.......
.............
ဝေသာလီပြည်ဘီလူးစီး
.....ဇတ်တော်ထဲမှတ်ရ
.....မျက်စေ့ထဲပြေးမြင်...
ရန်ကုန်မနက်ခင်း......
ဘီလူးသရဲစီးကုန်ပြီ......