ညီလေးမင်းဧရာတက်ဂလို့သာရေးရတယ်မျက်ခုံးတော့ခပ်လှုပ်လှုပ်ပဲ
ဘယ်လိုဖြစ်ဖြစ်
ဘလော့ဂါမဖြစ်ခင် (အင်တာနက်ဆိုတာတွင်တွင်ကျယ်ကျယ်မသုံးသေးတဲ့ကာလမှာ)
သီချင်းတွေအများကြီးနားထောင်
စာမေးပွဲတွေတဖုန်းဖုန်းကျအောင်
ဝတ္ထုစာပေကို(အများအားဖြင့်တော့သိုင်းဝတ္ထုတွေ)
အလေးထားမြတ်နိုး
ချစ်ခင်တန်ဖိုးထားကာ
ခုံမင်စွာယုံကြည်ကိုးစားခဲ့သူများ
ဖြစ်ကြမည် (ဘလော့ဂါတိုင်းကိုမဆိုလို)
အနည်းဆုံး
ဗဟုသုတလိုလားသူ
ကိုယ်သိသလို
အများသိအောင်
ဝေငှလိုသည့်စေတနာဆန္ဒရှိသူ
မိမိ၏ ပေးလိုသောမက်ဆေ့ချကို
ကဗျာလိုလို
စာလိုလို
ဆောင်းပါးလိုလို
ကွယ်လို့တမျိုး
ပေါ်တင်တဖုံ ရေးနိုင်သူများသည်လည်းဘလော့ဂါဖြစ်၏ ၊
နောက်တစ်ခုမဂ္ဂဇင်း ပုံနှိပ်ထုတ်ဝေခြင်းအမှုကိုစိတ်မရှည်စွာဖြင့်အလျှင်အမြန်
ကျော်ဖြတ်ကာ publish လုပ်နိုင်သူများဖြစ်လတ္တံ့ ၊(စာပေလုပ်သားကဒ်ရှိမှစာရေးဆရာမဟုတ်ဘူး
ဆိုတာလက်တွေ့ပြတာ)
စာပေကျမ်းဂန်နှံ့စပ်၍
ဝေငှလိုသူ လောကကိုဟာသအမြင်ဖြင့်မြင်သူ
မိမိ၏အမြင်အတွေ့အကြားကို
ဒိုင်ယာရီလိုလို ပါတ်ဝန်းကျင်ကိုပဲသရော်သလိုလို
ရေးတတ်ကုန်ကြသောဘလော့ဂါများလည်းရှိကြကုန်သည်ဖြစ်၏ ၊
ဘလော့ဂါဖြစ်ရန်
ကြိုးစားသောသူတစ်ယောက်သည်
အင်တာနက်ဆိုလျှင်ခုန်ပျံကျော်လွှား
သိုင်းသမားသို့နှယ်မြေလျှိုးမိုးပျံသလို
ကိုယ်ယောင်ဖျောက်ကာဖေါက်ထွင်းဝိဇ္ဇာအလား
အကျော်အခွပညာများကိုတစ်ဖက်ကမ်းခတ်
ကျွမ်းကျင်ကြသူများဖြစ်ကြကုန်သည်ဖြစ်၏ ၊
(နောက်ဆုံးကျော်ရန်မတတ်နိုင်တော့သည့်ကာလဝယ် ကိုယ်ပိုင်ဒိုမိန်းဝယ်ကာမေးလ်မှဘလော့ကုန်လတ္တံ့)
ဘလော့ဂါဟူ၍ မဖြစ်ခင်
ချတ်တင်လောကမှအစပြုလတ္တံ
MIRC,Person.com အစပြုသော .com များစွာတွင်အကောင့်များပိုင်ဆိုင်ခဲ့ဖူးလတ္တံ့ ၊
ထိုမှတဆင့် ဇော်ဂျီဖောင့်မပေါ်သေးစဉ်ကာလအတွင်းဘာလုပ်ရမည်ကို
မသိစဉ်ကာလချတ်တင်လောကတွင်Burglish ခေါ် Myaglish ကိုကောင်းမွန်စွာနိုင်နင်းသူများဖြစ်ခဲ့လတ္တံ့ ၊
ထို့နောက် ဖိုရမ်ဆိုသည့်အသံများကျယ်လောင်လာစဉ်
ပုဂံဖိုရမ်တွင် Win font များဖြင့်မြန်မာစာကိုတွင်ကျယ်စွာရေးဖူးလတ္တံ့၊
ဇော်ဂျီဖောင့်ပေါ်စတွင် လည်းတချို့တချို့သောဘလော့ဂါများသည်
ပလန်းနက်ဖိုရမ် နှင့်အိပ်မက် ဘလော့နှင့်ဖိုရမ်တွင်ဖိုရမ်မာများအဖြစ်စတင်ကာ တောင်တွေးမြောက်တွေး
ကဗျာတွေရေး စာတွေရေး တစ်ယောက်နဲ့တစ်ယောက်ရန်ခဏခဏဖြစ်ကာ
ပြန်ပြန်ချစ်ချစ်ခဲ့ကြလတ္တံ့
တခေတ်တည်းမှာပင် Multiply, hi5,My space.com,en.netlog.com တို့တွင်Mp3 သီချင်းဖိုင်များ
ဗီဒီယိုဖိုင်များ ၊ E-bookများတင်ကာဝေငှခဲ့ဖူးလတ္တံ့ ၊
ရှယ်မယ် ဆိုပြီးသိအောင်တမျိုးမသိအောင်တဖုံယူပြီးခပ်တည်တည်ကိုယ့်ဆိုဒ်မှာတင်သူများလည်းရှိလတ္တံ့၊
အနည်းဆုံးတော့
နည်းပညာတစ်ခု (ဟင်းချက်တာလည်းနည်းပညာပဲဟာ)
အများဆုံးကွန်ပြူတာနိုင်နင်းမှု (EEE PC ၇ လက္မကို "မ" နိုင်ခြင်း)
ကိုယ်ပိုင်ဒစ်ဂျစ်တယ်ကင်မရာပိုင်ဆိုင်ခြင်း (ဖုန်းတစ်လုံးရှိယင်ဖြစ်တာပဲကိုနော့)
အင်တာနက်ဆိုင်မှကွန်ပြူတာကို
ကိုယ့်ကွန်ပြူတာလိုသဘောထားနိုင်ခြင်း (ဒီလိုနဲ့ဂျီမေးလ်အကောင့်တွေခဏခဏပျောက်ပေါ့)
ဘလော့ဂါယောက်ျားသည်ကွန်နက်ရှင်ကိုမယားကြီးအမှတ်မှတ်ပေါင်းသင်းတတ်ကာ
ဘလော့ဂါမိန်းမသည်ကွန်နက်ရှင်ကိုလင်ကြီးအမှတ်မှတ်ကာပေါင်းသင်းတတ်၏ခုပဲကြည့်လေပို့စ်တင်တဲ့အချိန်
ညတစ်နာရီတောင်ထိုးပြီးပါပကော..........
ကွန်နက်ရှင်နှင့်ပါတ်သက်လျှင်မိုးလင်းသည်မသိ မိုးချုပ် မသိ ထိုမျှစွဲလန်းခဲ့ဖူးကြပေမည် ၊
(ပြည်တွင်းမှဘလော့ဂါများကိုဆိုလိုပါသည်)(ရေးမိတာရိုင်းပျယင်လည်းခွင့်လွှတ်စေလိုပါသည်)
အနည်းဆုံးအနုပညာတစ်ခုခုဝါသနာပါသူဖြစ်ပါမည်
ဥပမာ-ကဗျာ၊ဝတ္ထု၊သုတစာပေ၊ရသစာပေ၊သီချင်းပေါင်းစုံ
(တောမြိုင်လယ် ယိုးဒယားမှအစ ရက်ပ ဟစ်ဟော့အဆုံး)
သန်ရာသန်ရာနည်းပညာဆိုင်ရာဘလော့ဂါတွေလည်းရှိသေးသည်
ကွန်ပြူတာနည်းပညာမှအစ ကျောက်မျက်ရတနာရောင်းဝယ်ရေးအဆုံး
ဤမျှလောက်သုတရသဗဟုသုတပေါင်းများစွာကို တွေးလည်းတွေးနိုင် ရေးလည်းရေးနိုင်(စု၊တု၊ပြု)
သူများအားလုံးကိုသိမ်းကြုံးကာ(ဘလော့ဂါ)ဟုအမည်သညာခေါ်ကာ ပညတ်ပြုလိုက်ရပါသည်။
တက်ဂပို့စ်အဖြစ်ရေးပေးလိုက်ပါတယ်ညီလေးရေ အချွန်နဲ့မတဲ့တက်ဂပို့စ်ပါကွာ အရိုက်ခံရတော့မယ်
နဲ့တူတယ် အင်တာနက်ငယ်ကျိုးငယ်နာတွေဖေါ်ရကောင်းလားဆိုပြီး...................
ချစ်ခင်လေးစားရပါသော
ဘလော့ဂါမောင်နှမများကို အစဉ်လေးစားချစ်ခင်စွာဖြင့်တမူထူးခြားငယ်နာများကိုဖေါ်ကာ
တက်ဂပို့စ်အဖြစ်ရေးသားလိုက်ပါသည်။ ။
အစဉ်လေးစားချစ်ခင်လျှက်
ချစ်သူမောင်

