Friday, April 5, 2013

ခဏမဟုတ်တဲ့ တဘဝစာ သံယောဇဉ်





ဖြူစင်သန့်ရှင်း
ရင်ကချစ်ခြင်းတွေ
သူသိပြီလား
ပျော်လိုက်တာကွယ်
နှောင်တွယ်ရစ်ပတ်
ကြည်နူးနေပျော်
လက်တွဲဖော်ဖြစ်
နှောင်ဖွဲ့ကြင်နာ
နေပျော်နေသား
ကြားလေသွေးယင်
ဝေးတယ်ဆိုတဲ့ဘဝ
ခုမှနားလည်
ပိုတယ်ထင်ယင်ထင်ကြမယ်~~~~~

ဘာကိုမှမမျှော်လင့်ခဲ့တဲ့
မောင့်အချစ်ဟာ
ကြီးကျယ်ခမ်းနား
လွန်းနေသလား
သခင့်အပါးမှာ
ခဏတာခစား
ရောက်နေယုံမျှ
ရောင့်ရဲတင်းတိမ်
ကျေနပ်နေတတ်
နေပျော်သူဟာတစ်ကယ်
ကိုယ်ပါကွယ်~~~~~

သခင်ကိုယ်တိုင်
အသိမှတ်ပြုကာ
အကြင်နာနှောင်ဖွဲ့တော့
ဘာပြောကောင်းမလဲ
“ချစ်တယ်”ဆိုတဲ့
စကားတစ်ခွန်းသာ
မမောမပန်း
ထပ်ထပ်ပြောဖြစ်
တွယ်နှောင်ရစ်လို့
တိုးတိုးပြီးချစ်~~~~

ခဏလေးခွဲလို့
အလုပ်ထဲမှာ
အလွမ်းဆိုလည်း
ပျော်ပါတယ်ကွယ်
သခင်ချစ်ခွင့်
ရမှတော့လေ
ပျော်ရွှင်ကြည်နူး
မော်ဖူးချစ်ခွင့်
ပေးအပ်ခြင်းတွက်
အကြင်နာဆတိုး
နုညက်ပါးပြင်
ငုံ့မွှေးနမ်းစဉ်
သင်းပျံ့ထုံအကြင်နာရယ်
ရင်ထဲမှာအစဉ်သာစွဲ
တိုးလို့ချစ်တယ်~~~~~

ဘဝစာပါကွယ်
ခဏတာမဟုတ်တဲ့
ချစ်ခြင်းထက်ပိုတဲ့
သံယောဇဉ်အတွက်
သခင့်ကိုလေးစား
ရင်ကမြတ်နိုး
တန်ဖိုးဖြတ်စရာ
မရှိပါလေ
လွမ်းတိုင်းသာလျှင်
ပန်းပွင့်ဝေလျှင်
သခင့်အတွက်
တည်ပေးမယ့်အရာ
ပန်းကမ္ဘာသာဖြစ်
မောင့်အချစ်တွေပေါ့~~~~~~~။     ။

Tuesday, March 26, 2013

အလွမ်းသစ်ပင်





အို...အချစ်ရယ်
တနေ့တည
စက္ကန့်မျှပင်
မတွေ့ရလျှင်
ရင်သည်ပိုကဲ
သည်းသည်းကျင်ကျင်
လွမ်းချင်ချင်ပါ
မြင်လျှင်တွေ့လျှင်
မတို့ထိရက်
အနားမှာရှိ
မြင်သိယုံမျှ
ကျေနပ်နေတတ်
နေသူပါ.......

မြင်တွေ့ ထိတွေ့
အသံကြားယုံ
ဖုန်းဆက်ယုံပင်
ရင်မှာနေခက်
နေ့ရက်တွေ
ကာလရှည်လျှား
နှစ်များကြာသော်
စိုင်ခဲဖွဲ့ခွေ
ငိုင်မြဲရက်တွေမှာ
တမြည့်မြည့်........

နှောင်းတမြည့်
လမ်းတကွေ့မှာ
တွေ့ဆုံကြုံကွဲ
သံသရာထဲမှာ
အလွမ်းတွေဆိုတာ
တည်မှီရာဖြစ်
ချစ်နေယုံနဲ့
နေတတ်ခဲ့သည်
ကာလတွေလည်း
ရှည်ခဲ့ပြီ.........

အော် သည်းရယ်
ခွဲမယ်ကြံသလား
အလွမ်းနေ့စွဲများဟာ
တွဲဆက်လို့မကုန်
ခွဲရက်လို့တဖုံနှိပ်စက်
ရင်ကအပူတွေ
မမြင်သိစေချင်ပါ
ဝေဒနာလေ
လောင်မြိုက်ကျွမ်း.....

မတွေးချင်
မေ့လို့ပင်ထားခဲ့
နှစ်ကိုယ်ယှဉ်တွဲ
ရှိခဲ့ရက်တွေ
အချိန်တွေရယ်
ကုန်လွယ်လွန်း.......

မခွဲချင်ပါ
ဝေးမှာကိုလည်း
မလိုချင်ပါ
နွမ်းလျတဲ့
နေ့ရက်တွေ
တမ်းတရမယ့်
ညညတွေ
ဆယ်နွေလိုပူပြင်း
ရင်တွင်းမှာ
အလွမ်းသစ်ပင်....။      ။


Saturday, March 23, 2013

သိစေလို





သခင်ထံပါး
တစုံတခု
ရရန်ရွယ်စူး
မခူးချင်ပါ.....

ရင်ကသနစ်
ဖွင့်ဟလှစ်လျှက်
ကျွန့်ချစ်ခြင်းကို
သခင်မြင်ယုံ
ထင်သာယုံ.....။     ။



Thursday, March 21, 2013

အစီစဉ်မဲ့




















ဖောက်ပြန်နေတဲ့စိတ်ကိုထိန်းချုပ်
သိမ်းထုပ်လို့မနေသာ
ရင်ထဲမှာနင့်နေအောင်လည်း
သိပ်ချစ်တယ်ကွယ်~~~~

ပြောမှပြောသင့်ပါမလား
စဉ်းစားချိန်တွေး
စိတ်တွေမောလျ
ဒီတညတော့နှုတ်ဖျားလျမှာ
မခြွေသေးဘူး
စကားဦးကို
ရင်နှင့်အမျှ
ပွေ့ပိုက်ထားယင်း~~~~~

စကားသည်လို
မဆိုဖြစ်ပါ နှစ်များကြာပေါ့
ရင်မှာမွတ်သိပ်
တမ်းတစိတ်တွေ
ခုနေ..လျှင်လည်း
နှလုံးထဲမှာ
ချွေးသိပ်ဖြေလျော့
ပြေစေသောစိတ်တွေ
မတွေဝေချင်
မိုက်မဲမှုတွေအစဉ်ရင်က
ထိန်းချုပ်မရနိုင်တော့လို့~~~~

သိပ်ချစ်တယ်ကွယ်
“ဘာတွေခံစားနေလဲ”
ပြောရက်လေအား
သည်စကားကို
ဆိုခြင်းမှာပင်
ရင်တွင်းပူကျွမ်း
လောင်မြိုက်လွမ်းစေ့
လွမ်းလျက်မေ့လျော့မနေသာ~~~~

မဖြေသာသည်
ရင်ခွင်ဆီမှာ
ထွေးပိုက်ထားယင်း
လွမ်းစကားတွေ
ဆိုဖြစ်တော့မည်
ထင်ပါသည်~~~ ။     ။


Sunday, March 10, 2013

တွယ်မက်တိမ်းမူးတမ်းတ



အပါးမှာမခွဲ
အမြဲရှိနေချင်
တွေ့မြင်ရခွင့်
ခဏလေးတွေ
ကြာရှည်အောင်ပင်လေ
အနီးနားမှာ
အကြောင်းရှာကာ
နေမိတတ်ပြီ.....

မဝေးချင်ပါ
မျက်နှာမွန်ဦး
မော်၍ဖူးချင်
ရင်မှာရူးမတတ်
စူးနစ်ခတ်လည်း
တွယ်တာတပ်ငြိ
တမ်းတမော......

မတွေးချင်ပါ
လက်ရှိခြေနေ
“မိုက်မဲလေသည်”
ထို၍စကား
ကြားလျှင်လည်းလေ
ဥပေက္ခာပြု
ကိုယ်မမှုဘူး
ငယ်တုန်းကလို
လှိုက်မောသည်........

ရင်မှာတိုးတိုက်
နှလုံးသား၏
ရိုက်ခတ်သံများ....လှောင်ရယ်
မောလျတွေးနေ
တွေဝေခြင်းတွေ
ရှောင်ဖယ်ကာ
အချစ်သင့်ပြီလား......

သစ္စာကွယ်သည်
ဆိုစေထားဦး
မပြတ်တမ်းတ
သတိရမိသည်
တစ်ကယ်ပါဆို
လွမ်းရဦးမလား
နှုတ်မြွက်ခြွေ
တမ်းတညနေခင်း
တူတူယှဉ်ထိုင်
ကိုယ်တိုင်ပင်
မှိုင်နေမိခဲ့
ကိုယ်တိုင်သာသိတဲ့အချစ်
အပြစ်သင့်မလားကွယ်.......

အန ္တရာယ် ....ကြီးလား
မသိချင်ပါ
ဘာပဲပြောပြော
မရှောင်ချင်ပါ
ရင်ထဲမှာလျှင်
သခင်သာရှိ
မတွေမဝေပဲ
တိမ်းမူးတမ်းတ
တွယ်မက်၏ ။     ။



Friday, March 8, 2013

အပြစ်မကင်းတဲ့ချစ်ခြင်းတွေ





ဆိုစကားတင်း
ချစ်ခြင်းဖွဲ့တွေ
တွေဝေစွာပင်
ဝေးမှာစိုးကြောက်
လွမ်းလောက်ပါတဲ့
တွယ်ငြိတပ်မက်
ဝေဒနာ....

ရိုးသားစိတ်လေး
ကွယ်ပျောက်ပြေးမှာ
စိုးရွံ့ပါရဲ့
စိတ်မှာဖြစ်သော
ဒါဏ်ရာတွေလေ
အယင်ကထက်...ပိုများနေ

မပြောသာသည်
နှောင်တည်ရစ်ပတ်
သံယောဇဉ်စ
မြင်ခဲ့သည်လေ
သည်းရင်ပူစေ
ကျွမ်းမြေ့စေသား
အတွေးမှားတွေ
နှလုံးသားထိ
စွဲငြိဝင်.....

သည်းသည်းလှိုက်ခုန်
ရင်အစုံသည်
တွယ်ငြိခြင်း၏
မြစ်ဖျားခံရာ
သံသရာစက်ဝန်း
ခဏခြင်းသာ
ကြုံဖူးပါရဲ့
နုညံ့ဖက်ပွေ့
အတွေ့...၌ပင်
ပျော်မောခဲ့ဖူး
ရင်ခုန်ဖူး၏
ခွဲခဲ့ရလည်း
မလွမ်းသာ......

မလွမ်းသာသည်
ရင်မှာသည်းသည်း
အလွမ်းထဲနစ်မွန်း
ချစ်လွန်း၍သာ
အရာရာပင်
မတွယ်ငြိဟန်
ဟန်ဆောင်စကား
နှုတ်ဖျားတင်.......

“ရိုးရိုးသားသား”
စကားသည်လို
ဆိုခဲ့သည့်နှုတ်
မှားမိမှန်းပင်
စိတ်ဝယ်ထင်သည်
ချစ်မိရင်မှာ
မလွန့်သာ.....

“ချစ်သည်”သခင်
ရင်ခွင်ကသိ
ဖွင့်ဟလှစ်ကြား
စကားသည်လို
ဆိုချင်ပါသည်
တို့နှုတ်ဖျားမှ
မပြောသာသည်
ခွဲခက် မခွာဝံ့
မစွန့်သာသည်
ရင်ကဝေဒနာ
သခင်မြင်မလား.......


Saturday, March 2, 2013

သိက္ခာကိုလွှင့်ပစ်ခြင်း






ခက်တာပဲကွယ်
သိက္ခာတွေ
ဘာလုပ်ရမလဲ
ဆွဲယူကိုင်ဆုပ်
လွှင့်ပစ်မယ်လေ

ချစ်တာပဲကွယ်
သိက္ခာကို
ဘာလို့ထိန်းမလဲ
ကိုယ့်အတွေးပဲ
လွန်တာလား
မေ့အရေးတွေး
ရင်ခွင်မှား

သိက္ခာနဲ့အရှက်လဲမှဖြစ်မယ်ဆိုယင်
ရှက်တတ်နေသေးသပေါ့ကွယ်
အဖတ်လည်းမဆယ်ချင်ပါ
အမြတ်လည်းမဖလှယ်ချင်ပါ
ဘာပဲဖြစ်ဖြစ်ချစ်တတ်တဲ့ရင်က
ချစ်တာပဲသိတယ်........

Sunday, February 24, 2013

တိတ်ဆိတ်တွယ်ငြိတပ်မက်ဝေဒနာ





သခင်ရင်မှာ
နင်အမြဲရှိတယ်
အတွေးထဲတွေဝေ
မှောက်မှားဖောက်ပြားတဲ့စိတ်နဲ့
ခြောက်ခြားခြင်းအရိပ်တွေ
ရင်မှာဝင်လို့နေရာယူ........

ရင်ထဲမှာ
အစဉ်အမြဲငြိတွယ်
အတွေးထဲမှာ
အစဉ်အမြဲရှိတယ်
တိတ်ဆိတ်စွာမနေသာခြင်းရဲ့
တဖက်နံရံမှာ
အနေနီးလို့
ရင်မှာမနေတတ်ခဲ့
အခြေကြီးလို့
နင်ဟာလေ
အဖြေမတတ်ခဲ့သလားကွယ်....

သံယောဇဉ်အပိုင်းစနဲ့
ပြန်မပြောချင်တဲ့
စကားအခွန်းခွန်းဟာ
အထင်သေးအမြင်သေးဖြစ်ခဲ့
ချစ်မိသူငါ့
ရင်မှာရတက်မအေးအောင်
လှိုက်ဖိုမောလျတဲ့
ရင်ဝေဒနာအစုံက
နင်ရယ်လို့ငြိတွယ်မြဲပါ......

သခင်ခြေရင်း
ဝပ်စင်းခစား
ချစ်ခြင်းများနဲ့
နင့်အပါးမှာ
အမြဲအစဉ်
နေရာယူနေချင်
တွယ်မက်တဲ့စိတ်
တမ်းတရစ်စေ
နှောင်မိတဲ့ကြိုး
တွယ်ကာပတ်ရစ်
သိပ်ချစ်သတဲ့........

အမှန်နဲ့အမှားလို
ခံစားတွေဝေ
ရင်မှာမနေတတ်
အနေကြပ်ခဲ့
မတတ်သာသည်
လှိုက်ဖိုမောလျ
ရင်ခွင်မှာ........။     ။

Saturday, February 23, 2013

HAPPY BIRTHDAY ပါးပါးရဲ့ သည်းပွတ်လေး



Happy Birthday ပါးပါးချစ်တဲ့သမီးလေးချိုသဒ္ဒါဇော် ကျရောက်တဲ့ဒီနေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာသမီးချစ်တဲ့ ပါပါးမာမား တို့နဲ့ ပျော်ရွှင်သာယာစွာနေထိုင်နိုင်ပြီး
လိုတိုင်းတတိုင်း ရပါစေလို့........

သည်းပွတ်လေးရဲ့ပါပါး
ချစ်သူမောင်

Monday, December 31, 2012

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ


















ရာသီနှစ်ဟောင်း
ပြောင်းခဲ့အလီလီ
ရွက်တွေကြွေသည်
ရွက်သစ်ဝေစီ
ခဏတာမေ့မောလို့
ငေးကြည့်တုန်း
နှစ်ထောင့်ဆယ့်သုံးဆီ
ရောက်ခဲပြီ.......။     ။

ချစ်ခင်ရသောဘလော့ဂါမောင်နှမအပေါင်း
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ

ပျော်ရွှင်ဖွယ်နှစ်ဦး
ပိုင်ဆိုင်ကြပါစေလို့
ခွန်းချွေဆုတောင်းယင်း
နှစ်ဟောင်းဟာမှေးမှိန်စွာကျန်......

Friday, December 21, 2012

နှောင်




ရင်မှာသတိရ
လွမ်းလှပါသည်
နှောင်ကြိုးချည်သို့
တတွဲတွဲလျှင်
မခွဲတူယှဉ်
နေချင်မိ.....

မကြင်ရက်တယ်
သခင်ဆိုမလား
ရင်မှာနင့်အောင်
ပူလောင်ကျွမ်းတယ်
ကိုယ်တိုင်ကလွဲ
ဘယ်သူသိဘယ်သူမြင်
ကြင်ချင်ပေမယ့်
အကြင်ခက်တယ်
နီးလျက်နဲ့ဝေး.........။     ။


Sunday, December 16, 2012

ရမက်ဇောမှာ မောလျခြင်း(၂)





အကယ်၍သာ
ခွဲခွာခြင်းတစ်စတလေသာ
ခွဲဖြစ်ခွာဖြစ်
ဝေးသွားဖြစ်လည်း
ရင်ထဲမှာလေ
ကြွေချင်လဲကြွေ
နေချင်နေပေါ့
တစ်သက်အနား
ဝေးမသွားအောင်
နေနိုင်တတ်ခဲ့.....

အပူရုပ်ကို
ဟန်လုပ်သိမ်းထုပ်
ခွဲခွာခြင်းသရုပ်မှန်
မပြီပြင်စေရန်အလို့ငှာ
ဝေးရမည်
ဝေးတော့မည်ကို
ကြိုတင်မြင်နိုင်ရန်
စွမ်းအားမရှိခဲ့......

နေရစ်တော့လေ
ကျန်ခဲ့ချစ်ဦး
အသည်းပလ္လင်နန်း
ကိုးကွယ်ခန်းလည်း
မရောက်ခဲ့ဘူးသက်ထား
လွမ်းသခင်
လွမ်းမိုးစွေ
နှင်းခိုးဝေတဲ့
ဒီနှစ်ဆောင်းမှာ
မလွမ်းသာသည်.......

အေးရိပ်မမြင်ခဲ့
ကာလရှည်လျား
နှစ်တွေကြာခဲ့
ဆောင်းရယ်မပီ
တွေးစိတ်ဆီမှာ
အလွမ်းတွေ
သိမ်းထားပါလျက်
စွတ်စွတ်စိုစို
မျက်ဝန်းခိုမှာ
သခင်မမြင်သာသည်
တည်ကြည်စွာနေခဲ့
တိုးတိတ်တိတ်ရက်များဟာ
စိုးတထိတ်ထိတ်ပါလေ.......

မွတ်သိပ်တမ်းမက်သော
နှုတ်ခမ်းအစုံ
ချိုမြိန်လှသော
အနမ်း အိပ်မက်
တစ်ခါမက်လည်း
ခဏခဏလေ
တရှိုက်မက်မက်
နမ်းချင်သည်.......

အလွမ်းလည်းမပီသ
ထီးတည်းကျန်အဖော်မဲ့
ရင်ကွဲနာကျတဲ့နေများ
တမ်းတသည်သခင်
ကိုယ်ပိုင်ရင်ခွင်ပျောက်လည်း
ဒီရင်မှာခိုလှည့်ကွယ်လို့
မပြောရက်ပါ
ပြောမထွက်သာသည်
ကွယ်ရာကပင်
လွမ်းချင်သည်......။     ။


Wednesday, December 5, 2012

ခွဲခွာချိန်





လွမ်းသည်တိတ်တိတ်
ညောင်ညိုရိပ်မှ
ခွဲခဲ့သောလမ်း
အလှမ်းမကျယ်
တွယ်တာတပ်မက်
သည်နေ့ရက်တို့
ရှည်လှသည်။     ။


Wednesday, November 21, 2012

ခွဲသွားတဲ့သူငယ်ချင်း


တစ်သက်စာ
တဘဝပေလို့
ငါတို့တွေထင်ခဲ့
တွေ့ဆုံပျော်မြူး
ထင်ခဲ့ဘူးလည်း
ကွေကွင်းနောက်ဆုံး

အတူလည်းပျော်ခဲ့ဖူးတယ်
အတူလည်းရင်ခုန်ခဲ့ဖူးတယ်
အတူတူလည်းအလွမ်းသည်းခဲ့ဖူးတယ်
တူတူခုံမင်
နေ့ရက်တွေလျှင်
ကွေကွင်းနောက်ဆုံး

သံသရာလမ်းမှာ
အဖန်ဖန်လှမ်းခဲ့ကြ
ဘယ်ဘဝရောက်လေမလဲ
အတွေးထဲမှာ

ကာရံနဘေတွေ
အတူတူစပ်
အလွမ်းထဲရွာလည်တော့လည်း
တူတူပဲသူငယ်ချင်း

အောင်မြင်ခြင်း
ကျော်ကြားခြင်းတွေ
မင်းအတွက်ရောက်လာမှ
ခွဲသွားသလား
အတွေးမှာထင်ထားခဲ့
အဝေးမှာမြင်မသွားခဲ့ပါကွာ

သေခြင်းတရား
ဘယ်အချိန်လာမလဲ
ဘယ်သူမြင်မိ
သိမလဲလေ
ခွဲသွားခဲ့
နှုတ်တောင်မဆက်ပဲနဲ့
ဒီတခေါက်တော့
တိတ်ဆိတ်စွာ
ငါတွေဝေနေခဲ့ရ
ယူကြုံးမရတဲ့အဖြစ်
ကြယ်တစ်ပွင့်
ကြွေလွင့်ခြင်းလား
အတောက်ပဆုံအချိန်မှာ
ခွဲခွာလို့လွင့်..........။     ။


Saturday, September 15, 2012

ရောင်စဉ်လေးညှို့ သို့ တမ်းခြင်း




















ရောင်စဉ်လေးညှို့ရယ်
ရှောင်ဖယ်မယ်ဆိုယင်လည်း
ရင်ကဒါဏ်ရာ
စာနာစွာဖေးမ
တွေးဆပေးခဲ့ပါဦးလေ.....

ရောင်စဉ်လေးညှို့ရယ်
မောနေတဲ့ကိုယ့်ရင်ခွင်
မင်းမမြင်သာအောင်
အလွမ်းတွေစုပြီး
တမ်းတခြင်းတွေထုတက်
အလွမ်းတွေရက်ဆက်
မရှည်စေလို
နွမ်းကြွေအမျက်ထွက်
မနေစေလို
ပန်းတွေထွက်သက်
ပြေစေလို
အနေမပိုလည်း
အဖြေလိုဆဲဝေဒနာ
နေ.....မငိုရဲပါ
ပိုသည်းရင်ကဝေဒနာ......

ရောင်စဉ်လေးညှို့ရယ်
အမုန်းမျှားအစင်းစင်း
ပစ်ခွင်းမယ်ဆိုယင်လည်း
နာကျင်စွာအပ်နှင်း
ကိုယ့်ဖြစ်ရပ်အရင်းနဲ့
နှလုံးသားကချစ်ခြင်း
ထုဆစ်ခြင်းတွေကို
ဆန်းစစ်ကာဆင်ခြင်
မှားနေယင်တောင်မှ
အပြစ်ရယ်လို့မယူစေချင်ပါ....

ရောင်စဉ်လေးညှို့သခင်
မှောင်နေတဲ့တစပြင်လို
မောင့်ရင်ကိုထွန်းလင်းလှည့်
ဘဝမှာတခဏတာ
တွယ်ငြိတပ်မက်နေချင်သေးတယ်
ပကာသနပဲဖြစ်ဖြစ်
မာန်မာနပဲဖြစဖြစ်
သဘောရှိပါကွယ်
ငယ်ဂုဏ်လေးနဲ့
စပယ်ရုံနဘေးမှာ
လွယ်ယုံလည်းမတွေးနဲ့ပေါ့ကွယ်....

ရောင်စဉ်လေးညှို့ ရယ်
ခဏတာဆိုတဲ့ဘဝမှာ
မကြာခဏအမှားမဖြစ်ပဲ
သဘာဝအဆင်းအဖြစ်
ချစ်နေယင်းနဲ့ပေါ့
ခဏတာသာတည်တံ့မယ့်
မင်းရဲ့အဖြစ်ကို
တွေးလို့ရင်လေး
မောင့်အတွေးစတွေ
ညတာရှည်..........။     ။