ငိုလို့ရဘူး
မောင့်ချစ်ဖူးရယ်
တွယ်တွယ်တာတာ
တမ်းတမ်းတတ
ညညရက်တွေ
မရှည်ချင်ပါ
မျှော်တော်ဇောနဲ့
မောလှပြီထင့်
တွေ့ချင်မြင်ချင်ဇော
ရင်မှာမောလျ
စိတ္တဇညလို
တမ်းတပိုတဲ့
ရှည်ကြာခဲ့
နေ့ရက်များပါ.....
မဖြေသာခဲ့
တွေ့အခက်ကြား
ဘယ်ဆီရှောင်ပုန်း
နေဦးပေါ့လေ
အချစ်တွေလေ
ရင်အပြည့်ပါ
မသိရော့လားထင်
ခင်ခင်မေ့မှာ
စိုးကြောက်ပါရဲ့
မိုးနှောင့်လို့
ညှာကြွေမျက်ရည်ပုလဲ
သီတွဲခဲ့သို့
လွမ်းလို့မော်ဖူး
မောင့်ချစ်ဖူးရယ်
မရွယ်ရာ
ကွယ်ရာကပဲတမ်းတတယ်.........
မျက်နှာမွန်ဦး
တွေ့ခွင့် ဖူးချင်
မျှော်လင့်ခြင်းအစဉ်
စိတ်ဘဝင်မှာ
တွယ်တာတမ်းတ
မြတ်နိုးရ၏
ချစ်သည်ခင်ရေ
တွယ်မက်တိမ်းမူး
ပျော်ခဲ့ဖူးတဲ့
ဘဝတွေကို
ပြန်လည်တမ်းတယင်း
ရင်ခွင်မှာတဆိတ်
စိုးထိတ်ပိုခဲ့
ဝင်ခဲ့သံသယ
ကြင်ခဲ့ခဏတာ
ဘဝဆိုတာ
ပိုင်ဆိုင်ခဲ့ကြဖူးပြီပဲ.......
ပျော်ခဲ့ဖူးတယ်
ခဏဆိုတဲ့
အဲဒီဘဝထဲမှာ
မောင်သာပြေးထွက်
မနေရဲခဲ့ခြင်းလို့
ခုမှတမ်းတ
နောင်တရလည်း
ကာရံစည်းခြား
တံတိုင်းဖျားက
မြင့်လွန်းသမို့
မခေါ်မပြောယင်လည်း
မနေပါနဲ့
အပေါ်ကြောဆိုယင်လည်း
မမင်ပါနဲ့ကွယ်
ရင်ခွင်ကနုသမို့
ငိုလို့ရဘူး
မောင့်ချစ်ဖူးရယ်.......။ ။
8 comments:
ကဗျာလေးလာခံစားသွားတယ်ဥဥ....
မျက်ရည်တွေက အလွမ်းရဲ့သက်သေတဲ့...
မွန်းကြပ်တဲ့ခံစားချက်ရဲ့ ထွက်ပေါက်တဲ့...
လွမ်းတတ်တဲ့ အစ်ကိုရဲ့ အလွမ်းကဗျာလေး လာဖတ်သွားတယ်.... ဆက်ပြီးလွမ်းနေလိုက်ပါဦး ..
ညီမ
ဝသုန်
အားကျသဗျာ...ကဗျာတွေ မပြတ်ရေးနိုင်တာကို...ကျွန်တော်တော့ ကဗျာအကြည်ဓာတ်ခမ်းချက်ကတော့ တစ်ပါဒမှတောင် ထွက်မလာဘူးဖြစ်နေတယ်...စောင့်ဖမ်းနေရတာ စိတ်မောလို့ လိုက်ရှာမယ်လုပ်ပြန်တော့လည်း သဘာဝမကျမှန်းသိလို့ အသာချုပ်ပြီး သူများကဗျာလေးတွေ သွားရည်လိုက်ကျနေရတာ ကြာပေါ့...
ချစ်တတ်သူတွေရေးတဲ့အလွမ်းကဗျာတွေအရမ်းကိုဖတ်ကောင်းပါတယ်
အလွမ်းရက်ရှည် ပြေပါစေ အကို...
နှလုံးသာ နလန်ထူဖို့ အလံဖြူကို ထောင်ပြ
တံတိုင်းရဲ့ ဟိုဖက်အစမှာ
သူ မြင်ရပါ့မလား အကို။
အင်းညီလေးမင်းဧရာ
သူမြင်မှာပါ
ကူကူး။ညီမဝသုန်။ဆရာဦးဟန်ကြည်နှင့် စံပယ်ချိုတို့ကိုအထူးကျေးဇူး
တင်ပါသည်ခင်ဗျား
ခင်မင်လေးစားလျှက်
ချစ်သူမောင်
ကဗျာတွေသဘောကျပေမယ့် စွမ်းရည်မရှိလေတော့ ပါရမီရှင်တွေကိုအားကျရင်း အားပေးသွားတယ် မောင်ချစ်သူမောင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တကယ်ခံစားရတဲ့ကဗျာလေးပါလား
Post a Comment