Sunday, December 1, 2019

မတမ်းတတော့ပါ ....ဒီဇင်္ဘာ

ငယ်စဉ်တည်းက
ရင်ခုန်ခဲ့ရတဲ့
ဒီဇင်္ဘာ...........

အား......မနက်ဆို
ခြံထဲဆင်းကြည့်ယင်
သစ်ပင်က
ပိုမျှင်အိမ်တွေမှာ
ကပ်ငြိနေတဲ့နှင်းတွေ
စိုစိုစွတ်
အေးမြတဲ့အငွေ့အသက်
အပြည့်အဝရဲ့အစ
လဒီဇင်္ဘာ...........
တခါက....ဒီဇင်္ဘာ
တမ်းတ.........

တက္ကသိုလ်တွေ
စဖွင့်တယ်လား
ဒီဇင်္ဘာငါးရက်
မနက်ခင်း
အပျော်တွေနဲ့
စောစီးကျောင်းအသွား
အေးမြတဲ့အထိတွေ့
ညံသက်သက်မှာ
တစ်ကယ်ဆိုတော့
ဘဝတစ်ခုပါ
ဒီဇင်္ဘာရေ.......

အေးမြခြင်းကိုကြိုက်လို့
နှင်းတွေကြားထဲမှာ
ဦးထုပ်မဆောင်းပဲ
ဆိုင်ကယ်ခနခနစီးဖြစ်
နှင်းရည်စိုလူးတဲ့
ခေါင်းထက်ဆံစတွေ
ကိုင်ကြည့်ယင်း
သဘောကျခဲ့ဖူးတဲ့
နေ့ရက်များစွာ
ပျော်ရွှင်ကြည်နူး
နေခဲ့ဖူးပါရဲ့
တမ်းတရတဲ့
ဒီဇင်္ဘာ..........

တခါက
တစ်ဘဝဖြစ်
စီးခဲ့နင်းခဲ့ကြ
စက်ဘီးကိုယ်ဆီ
နှင်းတွေကြားမှာ
ကံကောငအးချင်တော့
ညဦးက
ယုဇနပန်းတွေ
ပွင့်ခဲ့ဖူးတဲ့
မှတ်မှတ်ရရ
ဒီဇင်္ဘာ.........

နှင်းတွေကြားမှာ
စတင်တွေ့ဖူး
အချစ်ဦးဟု
ဆိုသာမည်လား
မသဲကွဲပါ
ဖြစ်ခဲ့ဖူးသည်
အမုန်းဆုံးလား
မတမ်းတတော့ပါ
နှင်းထဲမှာဆုံ
ဆောင်းရောက်မှာခွဲ
မလွမ်းပဲနေတတ်ရဲတဲ့အခါ
ဪ.....ဒီဇင်္ဘာ

ဒီတစ်ခါ
မင်းလာတာ
နှင်းမပါ
မာယာမပါ
တမ်းတတာမပါ
လွမ်းရတာမပါ
နွမ်းလျလျသာ
မနှစ်ကနာကျင်တာ
ဒီနှစ်မှာမေ့ထားမယ်
မနာကျည်းချင်ပါ
ဒီဇင်္ဘာရေ
ဘယ်လိုဖြစ်ဖြစ်
ကောင်းခြင်းတွေသာ
ယုဆောင်လာပါ
ဒီဇင်္ဘာ.............


Wednesday, October 16, 2019

သီတင်းကျွတ်လပြည့်ည အမှတ်တရကဗျာ ၂၀၁၉






တော်ပါပြီလေ
ရင်ထဲအပြည့်ပေမယ့်
နှလုံးသားကခံစား
ရှာမရတဲ့စာသား
ကဗျာများလည်း
ထွက်မလာ........

တော်ပါပြီလေ
ရင်ထဲရှိတာ
တိတ်တခိုးခံစား
ချစ်နေ့ရက်များ
ပျော်ပါစေကွာ
ဝင်းဝင်းဝါဝါ
သာသာရွှေလ
လပြည့်ညမှာ.........

တော်ပါပြီလေ
ဘာတွေတွေးပြီး
ရေးနေမှာလည်း
တလို့သာတဲ့
လပြည့်ညမှ
မဟုတ်ပဲလေ
ရင်ထဲချမ်းမြေ့
ကြည်နူးကျေနပ်
နေတတ်ချင်သည်
မင်းရင်ခွင်ဆီ...........

တမ်းတနေ့ည
လွမ်းအိပ်မွေ့ချ
သီတင်းကျွတ်ရဲ့
လပြည့်ည...........

Monday, April 22, 2019

လွမ်းလို့တမ်းတ

ခွဲခွာပြီး
ခနဝေးကြရတဲ့
နွေချိန်ခါဆို
အလွမ်းတွေချည်း
ရွာသတ်သတ်တည်
နေနေဖြစ်ခဲ့
တမ်းတရတဲ့
နေ့ညများထဲ
နေလေခက်လေ
သောကပွေတယ်
နွေလည်နေ့ခင်း
တမ်းတယင်းနဲ့
အချစ်များစွာ
ရင်မှာတည်ဖြစ်........

တမ်းတခြင်းမြစ်
အဖြစ်နဲ့
ရင်ထဲမှာစီးဆင်း
ပူလောင်ခြင်းတွေက
နွေအပူနဲ့ရောယှက်
ပြောမထွက်တဲ့အခါ
တမ်းတနေတာလေးက
ကျွမ်းလောင်မြိုက်
အလွမ်းအမှောင်တိုက်ထဲ
နွမ်းအောင်ရင်ခိုက်...........

လွမ်းတယ်
ဘယ်လိုစာသားရေးရေး
အလွမ်းဆိုတာတည်ဖြစ်
ကျွမ်းလောင်မြိုက်လည်း
ချစ်လို့မဝ
တမ်းတမိဆဲ
အလွမ်းနဲ့အတူတူ
နွေရက်များထဲမှာ
အချစ်ဆုံးရင်ကို
တမ်းတတယ်.........


Sixth anni remembrance

ပျော်စရာတွေး
ရင်ထဲအေးတဲ့
နှစ်ကူသင်္ကြန်
နှစ်အမှန်လေ
နှစ်ထောင့်ဆယ့်ကိုး
အချစ်တွေတိုး
အလွမ်းတွေပျောက်
နစ်သစ်ရောက်စေ
တမ်းတစေတဲ့
ငုဝါသင်္ကြန်
နှစ်အမှန်ပေါ့
ဘယ်လိုဖြစ်ဖြစ်
ပျော်ရွှင်တယ်........

တမ်းတခြင်းတွေနဲ့
ဖြတ်သန်းလာခဲ့တဲ့
မိုင်ပေါင်းများစွာ
မောင်တို့ကိုဆုံစေ
ရန်ကုန်မြေလေ
နွေပူဖြစ်ဖြစ်
မြတ်နိုးမိ..........

မိုင်ပေါင်းလေးရာ
ဖြတ်သန်းလာတဲ့
မောင့်အချစ်ရယ်
မောင့်ကိုလွမ်းတယ်
ဆိုတဲ့အသိတခုနဲ့
ဖြတ်သန်းခဲ့တာ
မောင်သိနားလည်
သိပ်ချစ်တယ်ကွယ်.........

ပျော်ပါတယ်
ရင်ထဲမှာနွေ ရဲ့
နေ့တွေ
ညတွေအတူ
ဖြတ်သန်းလွန်မြောက်
ခြောက်နှစ်တိုင်မှာ
ဆထက်ထမ်းပိုး
တိုးတိုးပြီးချစ်
တွယ်ငြိမြတ်နိုး
စဉ်မြဲကို
တမ်းတပို.............

ချစ်သည်သခင်
တစ်ဘဝလုံး
အချစ်ဆုံးမို့
ဘယ်လိုတွေ
မတွေမဝေ
ချစ်ခြင်းတရား
ရင်မှာအမြဲ
မြတ်နိုးမှုတွေ
ဆပိုကဲ.........

သောကရာသီ-၂

လွမ်းလာပြီဆို
ဝေးနေရတာ
ကြာတယ်အသိ
ဆိုမိစကားမှာ
အပြစ်တွေရှာ
မနာလိုဖြစ်
သိပ်ချစ်တယ်လား
ချစ်ခြင်းများစွာ
ရင်မှာတွယ်ငြိ
တပ်မက်မိသော.......

ဝေးနေအသိ
တမ်းတမိခြင်း
ရင်ခွင်တွင်းမှာ
သခင်ပိုင်စား
အလွမ်းများစွာ
ဝေဒနာလေ
ဘယ်သူမမြင်
ဘယ်သူမသိ
အကြင်သူသာ
မြတ်နိုး၏...........

တမ်းတခြင်း
လွမ်းရခြင်း
နွမ်းလျခြင်း
အပြင်ဖက်
အလွမ်းများစွာ
ခနတာတွေ့
ချစ်သူ့မျက်နှာ
တိမ်ကင်းစင်စ
ဖူးသစ်လ သို့
ရွှန်းရွှန်းပပ
မြင်မြင်သမျှ
မြတ်နိုးမိ........


Friday, March 15, 2019

ဥပေက္ခာချစ်သို့****

ဥပေက္ခာမြစ်
တသွင်သွင်စီးလျက်
စိမ်းကားလေသူ
ကိုယ့်အပူသာ
ကိုယ့်ရင်မှာသိ
မချိတရိ
အလွမ်းတွေ
မသိတသိအနမ်းတွေ
ရင်ခွင်ကိုဖောက်စား
တမ်းတစေသလားလို့...........

ဥပေက္ခာဖြစ်
ချိန်တိုင်းတမ်းတ
သတိရနေ
အလွမ်းတွေလေ
သူမသိငြား
ဥပေက္ခာထားလည်း
အလွမ်းတောင်တန်း
ကံ့ကော်ပန်းတွေ
မြင်မှတ်တွေ့ရှိ
တမ်းတမိလည်း
ကြင်သူအဝေး
ဖော်ကွာဝေးငှက်
အမြင့်ပျံသန်း
လွမ်းတမ်းတလျက်
ငြူစူမငြူစူ
မြတ်နိုး၏............

ဥပေက္ခာဟု
အမည်တပ်ကာ
ခေါ်တွင်သော်ငြား
အလွမ်းများစွာ
တမ်းတစရာလေ
ချစ်သူသိစေ
မနက်ခင်းမိုးလင်း
နေ့လည်ညနေ
အယင်အတူတူ
သွားခဲ့ဖူးတဲ့
ဓလေ့အထွေထွေလေ
သူမသိငြား
မြင်စေသားပေါ့
အလွမ်းများစွာ
ရင်မှာတည်ဖြစ်
တမ်းတတွယ်ငြိ
တပ်မက်သော
ဥပေက္ခာတောအလယ်
အမောလွယ်
သက်မချကာ
ကျွမ်းမြိုက်လောင်ဆဲ...........

Thursday, February 21, 2019

အလွမ်းအဆက်ဆက်

ရင်မှာနာကျင်
တဆစ်ဆစ်ကိုက်ခဲ
ဝေဒနာညများ
ခံစားနေယင်း
အလွမ်းသည်
ရင်ကိုတိုးတိုက်
နှလုံးသားနံရံ၏
လှုပ်ခတ်မှု
တွန်းတိုက်သွားသော
နာကျင်သောဝေဒနာ
တဆစ်ဆစ်ကိုက်ခဲသော
ရောပြွမ်းသော
နာကျင်သော
လွမ်းနေသော
နှလုံးသား၏ဖြစ်အင်......

တမ်းတသည်
တွယ်တာလွန်း၍
နွမ်းလျသည်
ကြင်နာလွန်း၍
လွမ်းရသည်
မြင်နေရလျက်
မကြင်သာသည်မို့
ရင်သည်နာကျင်
ဝေဒနာသည်
အခံရခက်
တစ်ပြန်ကြွချက်
ကိုက်ခဲနာကျင်မှုကို
ပျက်ပျယ်စေသောဆေးဝါး
ဒါဏ်ရအနာတရကို
ပျောက်ကင်းစေခြင်းအလို့ငှါ
ဝင်ရသောခွဲစိတ်ခန်း
ပြန်ထွက်လာသည့်အခါ
ပြယ်လာသောထုံဆေးနှင့်အတူ
နာကျင်ခြင်း
တစ်သက်မေ့မရမယ့်
နာကျင်မှုနဲ့
ရောပြွမ်းနေတဲ့အလွမ်း..........

တမ်းတခြင်း
တွေ့မြင်နေလိုခြင်း
ဒီရေအလားတရိပ်ရိပ်တက်သော
အလွမ်း၏အဆိပ်
နာကျင်ခြင်းကိုက်ခဲခင်းတို့
ရောပြွမ်းနေသေ
တမ်းတခြင်းအဆိပ်
သိုသိုသိပ်သိပ်ပါ
ရင်မှာလောင်စား
အက်ဆစ်အလား
ရက်ဆက်အလွမ်းသည်
အလွမ်းအဆက်ဆက်
ဖြစိစေတော့သခင်............


Sunday, December 9, 2018

မနက်လွမ်းခြင်း

အစိမ်းခြွေချင်လို့
သူစိမ်းတွေလို့
ဆိုချင်တာလား....အချစ်ရယ်
ရင်ခွင်မှာ.....
တွယ်ငြိတပ်မက်
ရှင်သခင်သာ
ဖယ်မထိဖြတ်ခက်....

ရင်ခွင်သည်းဦး
ချစ်တိုင်းရူးချင်
သည်ရင်ခွင်သည်
သခင်သာလျှင်
ပိုင်စားစိုးမိုး
တွယ်ငြိတိုးတိုက်
လွမ်းရမည်ကို
စိုးထိတ်ခိုက်တံ့
ရှိခဲ့ဖူး........

မပျော်ပါကွယ်
ရင်ကသောက
ကြင်သမျှကို
ဖွင့်ဟလှစ်ဆို
တွယ်တာရက်များ
အဝေးမသွားပါကွယ်
ပျော်ချင်တယ်လေ
ချစ်သူရေ......

Thursday, December 6, 2018

ဂျင်းလေါကရဲ့...သံဝေဂ

ဖေ့ဘုတ်ပေါ်မှာ
ဝမရှိလည်း
ဝိလုပ်လို့ရတယ်
နဂိုမရှိလည်း
သုံးရာ့ခြောက်ဆယ်
ဘီ ခြောက်တစ်နှစ်နဲ့
နဂိုင်းထွက်လို့ရတယ်........

ဘာမှမရှိတဲ့လောက
မရှိတါကို
အရှိဖြစ်သယောင်
ထင်ယောင်ထင်မှား
အမြင်မှားအောင်
စွန်းလန်းလွန်းတယ်
ပန်းသတင်းလေညှင်းဆောင်
လူသတင်း
ဖေ့ဘုတ်ဆောင်ခေတ်မှာ
ဘယ်ဟာကများ
အမှန်တရားလဲ.........

အကြံသမားတွေ
လာထား မာယာများတာတွေ
အလကား အမြင်ရှိမှ
တင့်တယ် တမင်ကြည့်ကြလည်း
ဖြစ်ပါတယ်ဆိုတဲ့လောက
မမြင်သင့်တာပြဖို့လဲ
ဝန်မလေး
အထင်သေးတာဆိုတာ
ဘေးထား
အလေးမထားတော့
ရင်တွင်းဖြစ်တွေ
မချိုမြ
ပိုလှတဲ့ဖက်မှာ
အလိုမကျတဲ့အရာတွေများ
နဂိုကမှ
ဂြိုဟ် ကြွချင်သူတွေကတော့
အများသား.........

တခါက

တခါက
လပြည့်နေ့ဆို
တမင်တကာ
ရင်ခုန်ကြည်နူး
နေခဲ့ဖူးတယ်......

တခါက
တမ်းတမှုတွေမပါပဲ
အဖြူရောင်ခံစားချက်အပြည့်နဲ့
လပြည့်ည ဆိုပြီး
တခုတ်တရ
ရင်ခုန်ကြည်နူး
နေခဲ့ဖူးတယ်......

အချိန်အတိုင်းတာတခုနဲ့
အရွယ်လွန်တစ်စိတ်တစ်ပိုင်းမှာ
ရင်ခုန်ကြည်နူး
ဖြတ်သန်းဖူးပေါ့
လပြည့်ညများစွာ
တမ်းတခြင်းတွေမပါလည်း
သတိရခြင်းများစွာနဲ့
တမ်းတစရာ
လပြည့်ညတွေလည်း
တိတ်တဆိတ်ထိုင်
ငိုင်ကာနေဖူးဘဝမှာ
အထူးဆန်းမဟုတ်တော့တဲ့အခါ
ရူးနှမ်းနှမ်းစိတ်ဟာ
ထူးဆန်းစွာပျောက်ဆုံး
လစ်ဟာနေခဲ့တယ်......

တစ်ခါက
ဖြူစင်စွာကြည်နူး
နေခဲ့ဖူးတဲ့
လပြည့်ညမျိုးတွေ
ဘဝမှာ
တစ်ခနဖြစ်ဖြစ်
ပြန်ရချင်........။    ။

Thursday, November 15, 2018

လွမ်းအပြန်ပြန်ကျော့.....

လွမ်းတယ်သခင်
ရင်သည်ပူလျှင်
တိုးတိတ်တမ်းတ
နွမ်းလျလျလျှင်
ရင်မှာလှောင်ပိတ်
ပူစေသည့်စိတ်
အရိပ်အလား
ထင်မှတ်မှားစေ
နေ့ရက်တွေ......

တမ်းတသည်ခင်
ပူသည့်ရင်သည်
အပူလျော့နိုး
မျှော်လင့်ကိုးစား
သခင့်ပါး၌
ခြွေမိအနမ်း
အလွမ်းဖြစ်တည်
သောကဆီမှာ
ရင်သည်ပူစွာ
အမှတ်မှား
ပညတ်အမှားနဲ့
ပရမတ္တတရားပါကွဲ့........

နွမ်းမောလျလျ
စိတ္တဇတို့
တွယ်ငြိခိုဝင်
စိတ်အစဉ်သည်
အဝေးလွင့်ပါး
အနောက်ဖက်က
တောင်တန်းများဆီ
ပင်လယ်ဘယ်ဆီ
မျှော်သည်မှန်းဆ
တမ်းတလွမ်းသည်
သခင်ရှိရာ
အရပ်ဆီသို့
ရွက်လွှင့်ရောက်ငြား
ထင်ယောင်မှားလိမ့်
တွယ်ငြိတပ်မက်
လှိုက်ဖိုသည်..........

တမ်းတမ်းတတ
နေ့ညတာရှည်
လွမ်းသည်လေ
ကြာလေမြတ်နိုး
နှစ်လကြာရှည်
တွယ်တာမြတ်နိုး
တူညီကြည်နူး
ချစ်ဖူးကြသည်
ခနခွဲလျှင်
တမ်းတပိုသည်
သခင်ရင်မှာ
မြင်လှည့်လေ........

Monday, September 24, 2018

ထိချင်ရာထိ နဖူးထိပြီးဟက်တက်ကွဲလည်းကောင်းတာပဲဆို.......

ဒီရက်အတွင်းမှာ ချတ်ဘောက်ကနေပြောကြတဲ့စကားတွေကိုအာရုံစိုက်မိရာကဒီအကြောင်းရေးဖြစ်တာပါ
မပြောမပြီးမတီးမမြည်ဆိုတော့လည်းပြောသင့်တာပြောချင်တယ် တစ်ကယ်တော့ ချတ်ဘောက်ဆိုတာ google talk ကနေစပြီး အွန်လိုင်းမှာယဉ်ကျေးမှုတစ်ရပ်အနေနဲ့ရှိလာခဲ့တယဆယ်စုနှစ်တစ်ခုမကတော့ပါဘူး အနည်းဆုံးဆယ့်ငါးနှစ်နီးပါးထွန်းကားလာခဲ့တဲ့ချတ်ဘောက်ယဉ်ကျေးမှုပေါ့.....
တစ်ချိန်က google talk မပေါ်သေးခင်မှာအွန်လိုင်းမှာတစ်ယောက်နဲ့တစ်ယောက်တွေ့ကြဖို့ထက် နိုင်ငံခြားသားတွေကအများသားလေ ။ Person.com ကနေပဲစပြီးပြောရမှာပေါ့ အာ့ခေတ်က ဆိုရှယ်နက်ဝဒ်ဆိုတာ ခုလိုဖေ့ဘုတ်ကြီးမထွန်းကားခင်မှာ Person.com သုံးကြတယ် မြန်မာလူမျိုး(profile ဝင်ကြည့်လို့)လို့သိခဲ့ယင်ကိုယ်က သိချင်တယ်ခင်ချင်တယ်ဆိုယင် PM ကနေတစ်ဆင့် ဆက်သွယ်ရပါတယ် Hello ကစပြီး khin chin lo ... အာ့လိုစကားလုံးတွေနဲ့စပြီးသူငယ်ချင်အဖြစ်အသိမှတ်ပြုအောင်အပြန်အလှန်ပို့ကြရတယ် ။ တခါတရံဆိုယင် သုံးလေးငါးရက်ကြာတတ်ပါတယ် ၊ အာ့ခေတ်ကအခြေနေတခုကိုပြောပြတာပါ အဲဒီခေတ်က အင်တာနက်မှာ အင်မတန်ယဉ်ကျေးကြပါတယ် (mirc ဆဲနေတာ)လွဲလို့ပေါ့။
ထားပါ ခုပြောချင်တာတချိန်ကခက်ခက်ခဲခဲ message ပို့ခဲ့ကြပေမယ့်ယဉ်ကျေးကြတယ် ၊မောင်နဲ့နှမ စာနာကြတယ် ။
Google talk ခေတ်ရောက်တဲ့အထိလည်းဆက်လက်ပြီးယဉ်ကျေးခဲ့ကြတယ် အဲဒီအချိန်ကစပြီး ခင်မင်ခဲ့ကြတဲ့အွန်လိုင်းသူငယ်ချင်းတစ်ချို့လည်း ခုချိန်ထိရှိနေကြတုန်းခင်နေကြတုန်းပါ၊ အဲဒီအချိန်က တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လေးစားမှုအရှိဆုံးလို့ ထင်ပါတယ်။
ခုခေတ် ဖေ့ဘုတ်ဆိုတာ ဗိုင်ဘာဆိုတာ သတင်းအချက်အလက်ဖလှယ်မှုနှုန်းအင်မတန်မြန်ပါတယ်၊ ကျနော့အမြင်ကတော့လူတွေလည်းတစ်ဦးနဲ့တစ်ဦး လေးစားသမှုလျော့ကျလာတယ်လို့မြင်ပါတယ်။
ဥပမာကိုယ့်ထက်အသက်ကြီးပြီးဝါစဉ်အရ လည်းကြီးတဲ့သူအပေါ်တောင်မက်ဆေ့ပို့တဲ့ လေယူလေသိမ်း တွေကဆရာလုပ်နေသလိုလို။ တချို့ကြပြန်တော့လည်း ငယ်ငယ်ကသူငယ်ချင်း ရည်းစားမဖြစ်တဖြစ် ကွဲကွာသွားကြတာနှစ်သုံးဆယ် ကြာပြီးပြန်တွေ့ကြတော့သူငယ်ချင်းအဖြစ်ခင်မင်မှုကတော့မပြောင်းလဲပါဘူး သူလည်းအိမ်ထောင်ကျပြီး ကလေးတွေဘာတွေရနေတဲ့အပြင် တစ်ဖက် မိန်းကလေးကအိမ်ထောင်ကျ ကလေးတစ်ယောက်မွေးပြီး လင်ယောက်ကျားသေဆုံးသွားလို့ တစ်ယောက်တည်းမာန်တင်းပြီးရုန်းကန်လှုပ်ရှားနေရတာ အာ့တာကိုအခွင့်ကောင်းယူတာလားဘာလားတော့မသိ သူ့ဝေါပေါ်မှာတောင်မshare ထားတဲ့ သတင်းမျိုး(ဥပမာ-sex page link လိုမျိုး၊နောက်တမျိုး အမျိုးသားခါးအောက်ပိုင်းနဲ့ပါတ်သက်တဲ့ Video မျိုး)ကိုချတ်ဘောက်မဟုတ်ပဲ viber ကနေပို့တာ အာ့တာကတမင်သက်သက်ဘာသဘောဆိုတာ
မသိစရာမရှိဘူးထင်ပါတယ်။ ဒါပေမယ့်အမျိုးသမီးသူငယ်ချင်းကဘာမှမတုန့်ပြန်ခဲ့ပါဘူးဒါပေမယ့်ဒါမျိုးဟာရိုင်းတယ်ဆိုတာသူမသိသလား...........
ထိုနည်းတူစွာပေါ့  မိန်းကလေးတစ်ယောက်လှတပတတွေ့ယင်အကောင့်အတင်းလိုက် add
ပြီး မက်ဆင်ဂျာကနေ Hi Hi ......အစရှိသလိုမျိုး တစ်ဖက်ကပြောချင်တာ ဘာမှန်းမသိ အသက်အရွယ်ကိုမကြည့် (တချို့ကအသက်အမှန်မတင်တာလည်းပါသလို)ဖုန်းဘေလ် ငါးထောင်လောက်နဲ့ sexy chat နေကြတဲ့အမျိုးကောင်းသမီးလေးတွေကိုလည်းပြောချင်ပါသေးတယ် ၊ အမျိုးကောင်းသား မ.......များ လည်း မိန်းမအကောင့်မြင်တိုင်း sex chat တယ်ထင်မနေပါနဲ့လို့ အမျိုးကောင်းသမီးတွေအွန်လိုင်းမှာအများကြီးရှိနေသလို အမျိုးကောင်းသားတွေလည်း အွန်လိုင်းမှာအများကြီးရှိနေပါသေးတယ်ဆိုတဲ့အကြောင်းနဲ့
အွန်လိုင်းယဉ်ကျေးမှုဟာပျက်စီးယိုယွင်းလာခြင်းဖြစ်နေပြီဆိုတဲ့အကြောင်း............
အွန်လိုင်းယဉ်ကျေးမှုဟာအမျိုးသာယဉ်ကျေးမှုနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့အတွက် ကိုယ့်အနာဂါတ်ကိုကိုယ်တိုင်ဖန်တီးမယ့်အမျိုးကောင်းသား/သမီးတွေအားလုံးအချိန်မှီကိုယ့်စိတ်လေးတွေ ဆန္ဒကိုသိက္ခာနဲ့ထိန်းပြီးပြင်ဆင်သင့်ပါကြောင်းအကြံပေးလိုက်ပါရစေ။

Tuesday, May 15, 2018

ရတနာ

လွမ်းပြီဆိုယင်
တိမ်ကင်းစင်စ
ကောင်းကင်လို
ကြည်ကြည်မြမြ
ချစ်သူ့မျက်နှာ
ဝင်းမွတ်မွတ်ကို
နမ်းရှိုက်ပြီးငြား
လွမ်းဆဲတဆဲ
ဝေဒနာတွေ
တမ်းတခြင်းတွေ
အဆဆပွား
အလွမ်းအသင်္ချေ
ချစ်သူရေ..........

တရှိုက်မက်မက်
တမ်းမက်စွာပင်
နမ်းတဲ့ပါးလေး
ချစ်သွေးဖြာယှက်
သည်မနက်မှာ
လွမ်းတမ်းလွန်းလို့
ရီဝေထုံမူး
အနမ်းဖူးတွေ
အခါခါချွေ
တမ်းတမ်းတတ
နမ်းခဲ့သည်.........

နမ်းခဲ့ပြီးမှ
တမ်းတမ်းတတ
အလွမ်းပိုစေ
ရင်ထဲမှာလေ
သခင်ပဲရှိ
မြင်မိပါစေ
ချစ်ရက်ရှည်ကြာ
နှစ်တွေနှစ်တွေ
လတွေလတွေ
ကုန်ကာဆုံးလည်း
ရင်ကအချစ်မေတ္တာစစ်လေ
ကြာလေကြာလေ
ပိုချစ်လေမို့
ရင်ကအချစ်များစွာ
ရတနာဖြစ်
ရင်ကအနှစ်မို့
တွေးမိယင်းကို
လွမ်းလှသည်...........

ချစ် သူ မောင်

ပူလောင်အေးမြခြင်း

တစ်ကယ်တော့
ချစ်ခြင်းဆိုတာ
ပူလောင်ခြင်းရဲ့
အပြစ်ဖြစ်ခြင်းကို
ခံစားခြင်းလား
သို့တည်းမဟုတ်
ချစ်ခြင်းမေတ္တာ
အေးချမ်းရာကို
ဆောင်ကြဉ်းအပ်နှင်းရာ
အေးမြသော
ပုံရိပ်စစ်တစ်ခုလား............

အတွေးများစွာ
ရင်မှာတည်ဖြစ်
ခံစားဖြစ်မှ
ပူလောင်သောက
ဗျာပါဒတို့
ရင်မှာဝေသည်
ထိုသည်အချစ်
ထိုအဖြစ်ကို
အကျွန်ကြောက်ရွံ့
နွံပူဗွက်ကဲ့သို့..........

ချစ်သူမျက်နှာ
တွေ့ပြီလားဆို
အေးချမ်းခြင်းက
တုနှိုင်းမမှီ
ဖြစ်တည်လာခဲ့
ဘဝရဲ့အချိုးကွေ့များမှာ.........

ချစ်ခြင်းအနှစ်
အစစ်မှန်တွေ့ချင်
ရွှေငွေဂုဏ်သည်း
မမက်ပဲနှင့်
တူစုံမက်ကာ
ပျော်ရွှင်ပါသည်
ထမင်းရည်ပူ
အတူတူလျက်ရလျှင်သော်မှ
ပူလောင်အလျဉ်းမရှိဘိသို့
အေးမြခြင်းသည်
အချစ်လေလား
ဝိုးတဝါးတွေး
ထင်ယောင်ငေးဆဲ...........

သစ္စာသည်သာ
တမ်းမက်ရာ
ငတ်မွတ်ရာ
ဂုဏ်သိက္ခာရှိစွာ
ပကာသနဂုဏ်မပါဖြစ်လေသော
အချစ်စစ်စစ်တစ်ခုအား
တွေ့မြင်လိုသည့်အခိုက်တန့်
ရင်သည်..အေးမြခြင်းကို
ဖြစ်စေသည်လား.........

ချစ် သူ မောင်

တွယ်တာနှောင်ဖွဲ့တွယ်ငြိတပ်မက်ရာ

လောလောဆယ်
စိတ်တွေ လေလွင့်နေတယ်
အပေတေစိတ်ကူး
မောင်သာပင်ရူးစေတော့ကွယ်
အလွမ်းထိန်းချုပ်ခံရတဲ့
ဘဝ ခနတာဟာ
ပူလောင်လွန်းလို့
စိတ်တွေထွေတယ်
ပလပ်ကျွတ်တယ်ဆို
သူသိစေသား
မရည်ရွယ်ပါ
သူကြားစေသား
မပြောသာပါ
အလွမ်းနှောင်ဖွဲ့ရစ်လို့
နစ်မြောရပြီစိတ်ထဲ
ချစ်သူကိုပဲတမ်းတမိ..........

အလွမ်းချည့်သာ
ဖြစ်သည့်ခါဝယ်
မြင်မြင်သမျှ
သူ့ကိုသာလွမ်း
အချစ်လမ်းမှာ
ပန်းပွင့်တွေဝေ
အလွမ်းတွေပေါ့
လွမ်းရတိုင်းသာ
ပန်းပွင့်ပါလျှင်
မြင်သမျှထူးဆန်း
ပတ်ဝန်းကျင်မှာ
ပန်းတွေချည့်သာ
ုဖြစ်နေမှာပေါ့
သခင်သိစေ
မရည်စူးပါ
ရင်မှာတိတ်တိတ်
ကြိတ်ကာလွမ်း...........

နွမ်းလျမောပန်း
အလွမ်းရဲ့ဒါဏ်
စူးစူးနစ်နစ်
ရင်မှာဖြစ်တည်
အသက်ရှူမှားလို့
တစ်ရက်တာကုန်သွား
နှစ်ရက်ဆိုတာကုန်သွား
အလွမ်းကြားထဲက
ရုန်းမထွက်နိုင်သည်
မည်သို့ချစ်သည်
ဆိုသည်ကိုပင်
သခင်သိငြား
သိထားပါလေ
အလွမ်းကျဲပက်လို့
ကမ္ဘာမြေတစ်ဝိုက်
အလွမ်းပင်စိုက်လေ
သည်လိုတွေးလည်း
ဖြေမဆည်သာ
စိတ်မှာမောလျ
မာန်မာနတို့
ခဝါချကာ
သခင့်ခြေရင်းဝပ်စင်းမာန်ကျ
စိတ္တဇညတွေ
ညတာရှည်လား
မတွေးရဲပါ
အလွမ်းဟာ
ပန်းကဗျာမဟုတ်
အနွမ်းသရုပ်ပီပြင်
ထိထိမိမိ
လွမ်းနေသည်............

သည်လိုဆိုခိုက်
ရင်မှ
ဖြစ်တည်သော
အချစ်တို့၏
ကိုးကွယ်ရာ
ဖြေဆည်ရာ
မာနာမဲ့ရာ
တွယ်တာနှောင်ဖွဲ့
တွယ်ငြိတပ်မက်ရာ
ချုပ်ရာငြိမ်းရာ
သခင့်ရင်ခွင်သာ
ဖြစ်ပါစေ..........

ချစ် သူ မောင်