Tuesday, June 11, 2024

သိပ်ချစ်တယ်ကောင်မလေးရေ

 ပြန်တွေးယင်

အရမ်းချစ်တာပေါ့

ကောင်မလေးရဲ့

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်

မင်းမျက်နှာလေးကို

တသသ ကြည့်မြင်ရယင်

ပျော်နေတာပဲ

ညနက်သန်းခေါင်လည်း

စိတ်မပျက်ပဲ

စောင့်မျှော်ဆဲလေ

အလုပ်ကအပြန်

Ferry ကားအလာ

မင်းလာရာလမ်းဆီ......မျှော်ငေး

အတွေးတွေက

အပြစ်ဖြစ်မလား

မဆိုသာပေမယ့်

မင်းကိုချစ်တဲ့အကြောင်း

မဖွင့်ဟဖြစ်တာ

နေရတာလည်း

ပျော်ပါတယ်လို့

ပြောရမလား.........


ပြန်တွေးယင်

သိပ်လွမ်းတာပေါ့

ကောင်မလေးရဲ့

အတိတ်အရိပ်တွေ

ပြန်ပြီးတွေးယင်

ရီဝေဝိုးဝါး

အတူတူလက်ဆုံ

စားဖြစ်ခဲ့တဲ့ထမင်းဝိုင်းလေးများစွာ

သစ္စာစောင့်သိပြီး

မေတ္တာကြောင့်

အပြစ်ဖြစ်မယ်မထင်ခဲ့

အချစ်စစ်စစ်ရဲ့

အနှစ်လား..........


ပြန်တွေးယင်

သိပ်ချစ်ခဲ့တာပေါ့

ကောင်မလေးရဲ့

မင်းရဲ့ .........

အစ်ကိုလိုတစ်မျိုး

တိုးတိုးချွဲတဲ့

စကားသံတွေအောက်မှာ

သာယာစွာ

စီးမြောနစ်မြုပ်

ဘယ်ကိုသွားသွား

ဘာပဲလုပ်လုပ်

ညည်းလေးသဘောပါ

ဘဝမှာအတူတူ

သံယောဇဉ်အနှစ်များနဲ့

မျဉ်းပြိုင်နှစ်ကြောင်းလို

ဖြတ်သန်းခဲ့

ဘယ်လိုတွေးတွေး

ဘယ်လိုပဲမေးမေး

ပျော်ခဲ့တယ်.............


ပြန်တွေးယင်

သိပ်ချစ်တာပေါ့

ကောင်မလေးတစ်ဖြစ်လဲ

မောင့်အချစ်ရယ်

မျဉ်းပြိုင်နှစ်ကြောင်းဟာ

အင်ဖနတီမှာဆုံသတဲ့

သိပ်ချစ်ပြီးတွယ်တာ

မြတ်နိုးခြင်းများစွာ

ရင်မှာနှောင်တွယ်

သိပ်ချစ်တဲ့အကြောင်း

အတူတူဆုံဖြစ်ကြတဲ့အချိန်

နှစ်ကိုယ်တူအချစ်တွေနဲ့

အလိုတူချစ်ခဲ့

တမ်းတမိတယ်ချစ်ရယ်

အချိန်တိုင်း

အိမ်ရှေ့နဲ့နောက်ဖေးတောင်လွမ်းတယ်

အရမ်းချစ်တယ်

မောင့်ချစ်သူ

ကောင်မလေးရဲ့..........


ပြန်တွေးယင်

အရမ်းချစ်တာပေါ့

ကောင်မလေးရဲ့

ခုအသက်အရွယ်မှာ

အဖွားကြီးဖြစ်နေပြီဆို

ခနခန မပြောပါနဲ့

အချစ်ဆိုတာ

အသက်အရွယ်နဲ့

လားလားမှမဆိုင်လေ

ချစ်တဲ့အချစ်မှာ

ကောင်မလေးဆိုတာ

ဘယ်တော့မှအိုမင်းသွားမှာမဟုတ်လို့

အမြဲနုပျိုဆဲသဏ္ဍန်မြင်

သိပ်ချစ်ခဲ့တာဆို

ဘယ်လောက်ထိ

မြတ်နိုးခဲ့လဲဆို

အသွင်သဏ္ဍန်မပါပဲ

ညည်းဟာကိုယ့်အတွက်

ထာဝရအပျိုစင်အဖြစ်

နှလုံးသားတစ်ခုလုံး

စိုးမိုးကိုင်ဆုပ်

ထိန်းချုပ်နိုင်တာ

မသိလေရော့သလားကွယ်.........

No comments: