Friday, June 10, 2016

လွမ်းလာတဲ့အခါ



တရှိုက်မက်မက်
နမ်းခဲ့ဖူးတဲ့ပါးပြင်
ဖွဖွ နမ်းမိတဲ့နဖူး
မြတ်နိုးစွာနှောင်တွယ်ရစ်တဲ့
ချစ်ခြင်းတွေ
ရင်ခွင်မှာတငွေ့ငွေ့
လောင်မြိုက်ကြွမ်းဝေဒနာ
သူအဝေးသွားယင်
နေမထိထိုင်မသာ
နေမိနေရာတွေ........

တရံတဆစ်
တူတူသွားခဲ့ဖူးတဲ့လမ်း
လျှောက်လည်ဖူးတဲ့နေရာ
အမှတ်တရများစွာ
ပျော်တယ်ထင်လား
မောင့်သခင်...သက်ထား
အလွမ်းကြားနစ်
ဆူးများရစ်ပေါ့.........

ခဏတာဝေး
တမ်းတတေးတွေ
စကြဝဠာဟိုအဝေး
ဖြန့်ကြက်တွေးယင်း
ကြယ်တွေပါလွမ်းစေ
နဂါးငွေ့တန်း
ဟိုး...အလှမ်းကွာ
ကိန္နရာအလွမ်း
တိုင်တည်သစ္စာ
အချစ်ဟာ..လေ
တွေဝေမိန်းမော......

တစ်ညဝေးလို့
ရက်ခုနစ်ရာ
ငိုတဲ့အလွမ်းဆို
တဘဝစာ
မငိုချင်ပါလေ
ရုပ်ဝတ္ထုဆန်တယ်ထား
ရင်ခွင်မှာလေ
ငုံ့ကြည့်လိုက်ယင်
သခင်ရှိမှ
ပြည့်စုံတယ်.......

လွမ်းလာတဲ့အခါ
ဟိုးအဝေးက
ကြယ်တွေဖမ်းဆုပ်
အနမ်းရဲ့သရုပ်တွေ
ပြီပြင်စေပေါ့.......

စကြဝဠာတံတိုင်း
ဟိုးအစပ်နားလေးက
ကြယ်တွေကောက်လို့ကြိုးနဲ့သီ
ညဟာကဗျာဖြစ်
အလွမ်းဟာပန်းကုံးဖြစ်
တမ်းတခြင်းတွေက
ရင်မှာစူးနစ်
အရူးမူးဖြစ်တယ်
သခင်ရယ်........

No comments: