Thursday, January 7, 2010

မိုးရေထဲမျှောမိတဲ့မျက်ရည်သမိုင်းရဲ့အပိုင်းအစ

ဘာပဲဖြစ်ဖြစ်
နှစ်တနှစ်ကုန်
ရင်မခုန်ပါ
လွမ်းစရာတွေ
တွေးသာကြည့်တော့
အမှတ်တရ
တိတ်တိတ်မြတ်နိုး
ဖြည်းဖြည်းကြိုချင်
နှစ်သစ်ရင်ခွင်
ကြိုကာပျော်မြူး
သည်ညဦးမှာ
မိုးတွေရွာခဲ့..........

မိုးတွေရွာလျှင်
အတိတ်ရင်ခွင်
ခိုလှုံချင်တဲ့
လွမ်းသည့်စိတ်က
ဖုံးမရချင်
အတူပျော်ဖူးတဲ့
ရေတမာလမ်း
ကံ့ကော်တန်းနဲ့
ခုံပြာတန်းတွေ
စီရရီမြင်ကြည့်
အလွမ်းပိစေ
နွမ်းရိခွေလျော့
မိုးစတွေထဲပေါ့
တူရွှင်ပျော်မြူး
နှစ်ကိုယ်ကြည်နူး
ပျော်ဖူးရခိုက်
ရင်ဖိုလှိုက်ခုန်
ပင့်သက်ရှိုက်ချိန်
မောလျချိန်တွေ
မတမ်းတချင်လည်း
အတိတ်ရိပ်ဝေ
လွမ်းစချွေ.............

တူပျော်ဖူးတာပဲ
မိုးသည်းထဲမှာ
လွမ်းယင်းတမ်းယင်း
အင်းလျားစောင်းမှာ
ထီးမဆောင်းပဲ
တူလျှောက်ဖြစ်တဲ့
နေ့တွေများစွာ
တိုးတိတ်ရင်ခုန်
နွမ်းလျယုံသာ
ပုံကာချစ်လို့
တစ်ခါတည်းသာ
ခိုးနမ်းဖူးတဲ့အနမ်း
လွမ်းစရာ့
ဘယ်ပါးပြင်လေး
လွမ်းမိနေသေးလား
ထင်မှတ်မှားဆဲ..............

တချိန်က
မိုးရေထဲမှာ
လက်ချင်းကိုင်ဆုပ်
နွမ်းလျရုပ်နဲ့
ကဲ..သည်မှာပဲ
ခွဲကြစို့လို့
တုန်ရီစွာနဲ့
ပြောဖြစ်ကြတဲ့
နေ့က.... မနေ့ကလား
ထင်မှတ်မှားဆဲ
အလွမ်းထဲမှာ
အလွမ်းသည်းစွာ
ဖြတ်သန်းပုံရိပ်
အတိတ်ဝေဒနာ
တွေဝေစွာနဲ့
မငိုယုံကျန်ရစ်...........

တစ်ကယ်ဆို
မိုးရေတွေနစ်
ငိုဖြစ်သလား
ကျွမ်းသက်ထားရေ
မယုံချင်ပါ
ကျန်ရစ်အတိတ်
အရိပ်ဖြစ်ပါ
စေတနာစကား
ငိုစေသလားကွယ်
မငိုချင်ပါ
ရင်နာလှပေါ့
ပြောဖြစ်ပေမယ့်
အလွမ်းသည်းကာ
လွမ်းထဲမှာပဲ
တ၀ဲလည်လည်ပါ
ရပ်ပါတော့ကွယ်
ခြောက်လှန့်နေတဲ့
မိုးပုံပြင်ရယ်.............

မပြောသာတော့
လွမ်းခဲ့တဲ့နှစ်တွေ
ကျွမ်းရစ်ရသူ
မောင့်ရင်ပူစေ
ကျိန်ဆိုခဲ့သလား
မောင့်သက်ထားရယ်
ချစ်တတ်သူက
ငိုရမြဲလား...........
သည်းသည်းလှုပ်ခတ်
ရင်နင့်စေတဲ့
ဇတ်မဟာမှာတောင်
ကိန္နရာချောင်းခြားလို့ငိုတာ
တစ်ကယ်တွက်ယင်
ရက်ခုနစ်ရာဆိုတာ
နှစ်နှစ်တည်းလေ...........
တစ်ကယ်တွက်စစ်ယင်
မောင်တို့ချစ်ခဲ့
ခုဆိုနှစ်နှစ်ဆယ်
ကိန္နရီ ကိန္နရာထက်မသာတောင်
မောင်ငိုနေတာ
ကြည့်ရက်သလား
ချစ်ဦးသူသက်ထား
အခက်များပင်ပွေချင်
မျက်ရည်ကိုပင်
မိုးရေနဲ့မျှောပစ်နေခဲ့
နှစ်ပေါင်းနှစ်ဆယ်ဆိုတဲ့
ကာလတစ်ကြောမှာ................

တည်ငြိမ်ချင်ပါပြီ
ချစ်ဦးသူသက်ထား
မောင့်ကိုထားခဲ့
အလွမ်းရက်များ
မိုးရေကြားမှာ
ပုံပြင်မဖြစ်တောင်မှ
ယုံချင်ချင်
ငိုချင်နေရက်
မိုးစက် လက်တို့လို့
မောင်ငိုဖြစ်သည်
နှစ်ဦးစရွာတဲ့
ခပ်ဖွဲဖွဲမိုးထဲဆီ
တမ်းတရုပ်မပီတပီ
နွမ်းလျရုပ်ကသီကရီနဲ့
မျက်ရည်များကို
မိုးဖွဲထဲမှာမျှောလိုက်ပြီ..........။     ။

2 comments:

~ဏီလင်းညို~ said...

ကိုမောင်ရေ...
ကိုမောင့်ကဗျာလေးတွေဖတ်ပြီးတိုင်း စိတ်ထဲမှာတစ်မျိုးလေးဖြစ်ဖြစ်သွားရတယ်ဗျာ...။ ပြီးတော့ အဖြစ်မှန်လေးတွေလို့လည်းထင်မိတတ်တယ်...။ အားပေးနေလျှက်ပါကိုမောင်...။
ခင်မင်တဲ့
ဏီလင်းညို

ချစ်သူမောင် said...

ကျေးဇူးပါ ကိုဏီရေ.........