Monday, April 29, 2013

အလွမ်း





ဒီတစ်ညတော့
လွမ်းခွင့်ပြုပါ
ရင်ကချစ်တဲ့
မောင့်သခင်ရေ.....

ခင်ရေ...သက်ထား
အဝေးကို
ခဏသွားတော့
မောင် နေမရ....

တစ်ကယ်ဆို
စက္ကန့်လေး
ဝေးရယင်တောင်
အချိန်တွေ
ကြာညောင်းတတ်လို့....

စက္ကန့် တစ်ခုသော်မှ
မဝေးချင်
အတွေးမှာလည်း
မလွမ်းချင်ပါ
ကျွမ်း မိသူစိတ်ထဲ
အစဉ်...စွဲငြိနေပြီပဲ......။      ။

Monday, April 22, 2013

တင်ကြိုလွမ်းခြင်းမျိုးလား






တစ်နေ့တစ်ရက်
တစ်မနက်မျှ
ခွဲခွာရလျှင်
ဝေသည့်အလွမ်း
တမ်းတမကုန်......

ချစ်သည်ချစ်သူ
ခဏတာမျှ
ခွဲခွာရလျှင်
ရေမြေလည်းခြား
တပါးအရပ်
တခြားအရပ်ကို
သူသွားမည်ဆို
ရင်မှာကြေကွဲ
ချစ်ခဲ့ကြတဲ့
နေ့ရက်တွေ
နှစ်ယောက်တည်း
တည်ခဲ့တဲ့ကမ္ဘာ
အလွမ်းတွေဟာ
ကုန်နိုင်ဖွယ်ပါကွယ်......

တွေးမိယုံနဲ့
နှစ်ဦးသား
ပျော်ခဲ့ဖူးကြတဲ့
နေ့ရက်တွေ
အတူသွားခဲ့ဖူးတဲ့
နေရာတွေ
လွမ်းတဲ့အခါမှာ
တမ်းတစွာ
သွားထိုင်ဖြစ်တော့မှာပဲ
ပျော်ရွှင်ကြည်နူးနေခဲ့ဖူးတဲ့
အရပ်တွေဆီကို
မောင်တမ်းတယင်း
မျှော်ငေးသည်.........

ချစ်သည်ချစ်သူ
ကိန္နရာချောင်းခြားတဲ့
ထင်ပါတယ်လေ
တညခွဲလို့
ငိုရရက်ခုနစ်ရာ
အလွမ်းဇတ်ကို
ဖတ်မှတ်ဖူးမယ်
မောင့်အတွက်တော့
ဘယ်လောက်ကြာမယ်
ရင်မှာ မသိ
မချိတင်ကဲ
မခွဲခင်တည်းက
လွမ်းနှင့်ပြီ......။     ။


Monday, April 15, 2013

နှစ်ဦးမေတ္တာစာ






ပိတောက်ပန်းမဝေ
လျှင်လည်းလေ
မေတ္တာရေစင်
သွန်းပက်ကာလျှင်
အတာကူး၍
“နှစ်ဦး”ကိုလည်း
ကြိုခဲ့သည်......

နွေလည်ခေါင်
ပူလောင်နေလည်း
မေတ္တာရေသွန်း
ပူလောင်ညွှန်းကင်းစေ
မောင်နှမတွေ
ကင်းစေသောက
ပျော်ကြရအောင်
နှစ်ဦးမှသည်
နောက်နှစ်ဆီသို့......

ဆုမွန်ခြွေတောင်း
ဘလော့ဂါအပေါင်း
ရွှင်လန်းချမ်းမြေ့
မေတ္တာပြည့်ကာ
စိတ်လည်းချမ်းသာ
ကိုယ်ကျန်းမာ
မေတ္တာချွေကာ
ဆုတောင်းပါသည်
ချစ်သူမောင်၏
မေတ္တာစာ......။     ။


Friday, April 12, 2013

ထာဝရတည်ဖြစ်မည့်ချစ်ခြင်းဆီ






ဘယ်လိုဖြစ်ဖြစ်
မောင့်အချစ်ရေ
နှစ်ယောက်တစ်ကမ္ဘာ
တည်ခဲ့ကြတဲ့
နေ့ရက်တွေကို
တသလွမ်းတယ်
ညညတွေဆို
တွေဝေငေးမော
အလွမ်းဆိုတဲ့တောမှာ
မောင်ဟာဘုရင်ပေါ့ကွယ်.......

မောင့်ရင်ကသိ
ထပ်တူညီမျှ
ချစ်သူဘဝတွေမှာ
ရင်ချင်းထပ်လို့
အလွမ်းတွေတူပြိုင်
ယှဉ်နိုင်ခဲ့ကြ
သည်းသည်းလှုပ်ရင်က
အလွမ်းစာမျက်နှာမှာ
တမ်းတ တွယ်ငြိ
တပ်မက်မိခြင်း
ဝေဒနာဆင့်ကဲ
ရင်ခွင်ထဲမှာ
ဖြေမဆည်သာ........

စက္ကန့်လေးတစ်ခုတောင်
ခွဲမနေချင်လောက်အောင်
ချစ်မိသည့်ချစ်ခြင်းတွေနဲ့
ထပ်တူညီမျှခြင်းတွေ
တမ်းတခြင်းနဲ့ခံစား
လွမ်းသမျှချစ်ခြင်းနဲ့
အနမ်းရဲ့ညဖြစ်ခြင်းအတွက်
ပျော်ရွှင်ကြည်မြတဲ့ကမ္ဘာ
မောင်တို့နှစ်ယောက်အတွက်
ထာဝရဖြစ် တည်စေသား.......။     ။

Friday, April 5, 2013

ခဏမဟုတ်တဲ့ တဘဝစာ သံယောဇဉ်





ဖြူစင်သန့်ရှင်း
ရင်ကချစ်ခြင်းတွေ
သူသိပြီလား
ပျော်လိုက်တာကွယ်
နှောင်တွယ်ရစ်ပတ်
ကြည်နူးနေပျော်
လက်တွဲဖော်ဖြစ်
နှောင်ဖွဲ့ကြင်နာ
နေပျော်နေသား
ကြားလေသွေးယင်
ဝေးတယ်ဆိုတဲ့ဘဝ
ခုမှနားလည်
ပိုတယ်ထင်ယင်ထင်ကြမယ်~~~~~

ဘာကိုမှမမျှော်လင့်ခဲ့တဲ့
မောင့်အချစ်ဟာ
ကြီးကျယ်ခမ်းနား
လွန်းနေသလား
သခင့်အပါးမှာ
ခဏတာခစား
ရောက်နေယုံမျှ
ရောင့်ရဲတင်းတိမ်
ကျေနပ်နေတတ်
နေပျော်သူဟာတစ်ကယ်
ကိုယ်ပါကွယ်~~~~~

သခင်ကိုယ်တိုင်
အသိမှတ်ပြုကာ
အကြင်နာနှောင်ဖွဲ့တော့
ဘာပြောကောင်းမလဲ
“ချစ်တယ်”ဆိုတဲ့
စကားတစ်ခွန်းသာ
မမောမပန်း
ထပ်ထပ်ပြောဖြစ်
တွယ်နှောင်ရစ်လို့
တိုးတိုးပြီးချစ်~~~~

ခဏလေးခွဲလို့
အလုပ်ထဲမှာ
အလွမ်းဆိုလည်း
ပျော်ပါတယ်ကွယ်
သခင်ချစ်ခွင့်
ရမှတော့လေ
ပျော်ရွှင်ကြည်နူး
မော်ဖူးချစ်ခွင့်
ပေးအပ်ခြင်းတွက်
အကြင်နာဆတိုး
နုညက်ပါးပြင်
ငုံ့မွှေးနမ်းစဉ်
သင်းပျံ့ထုံအကြင်နာရယ်
ရင်ထဲမှာအစဉ်သာစွဲ
တိုးလို့ချစ်တယ်~~~~~

ဘဝစာပါကွယ်
ခဏတာမဟုတ်တဲ့
ချစ်ခြင်းထက်ပိုတဲ့
သံယောဇဉ်အတွက်
သခင့်ကိုလေးစား
ရင်ကမြတ်နိုး
တန်ဖိုးဖြတ်စရာ
မရှိပါလေ
လွမ်းတိုင်းသာလျှင်
ပန်းပွင့်ဝေလျှင်
သခင့်အတွက်
တည်ပေးမယ့်အရာ
ပန်းကမ္ဘာသာဖြစ်
မောင့်အချစ်တွေပေါ့~~~~~~~။     ။