ချစ်ခဲ့ကြဖူးတဲ့
ကောင်မလေးရေ.....
ကိုယ်ကပဲ
ယောင်ဆောင်တာကောင်းခဲ့တာလား
မင်းကပဲကိုယ့်အယောင်ဆောင်မှုမှာ
ပျော်ဝင်ခဲ့လေသလား
ခု သင်္ကြန်ဆို ကာလတွေလည်း
ရှည်လျားခဲ့ပေါ့
အပူချိန်ပြင်းခဲ့
အညာဒေသဖြစ်တဲ့
မုံရွာနဲ့မန္တလေးမြို့ရဲ့
နွေရက်များမှာလေ
နှစ်ကိုယ်တူမခွဲတမ်း
ခရီးကြမ်းကို
လျှောက်လှမ်းကြမယ်လို့
ဆန္ဒပြုလို့
တစ်ကယ့်ဘဝရဲ့အဝေး
တစ်ခဏတာလေး
အတူတူပြေးထွက်ဖူးခဲ့ကြတယ်.....
ဘယ်လိုဖြစ်ဖြစ်
ချစ်နေတော့လည်း
ဝေးကြရယင်.......
မခံစားနိုင်တဲ့
ရင်ခွင်မိုက်ကို
အလိုလိုက်ကြလို့ပေါ့......
ဘယ်လိုဖြစ်ဖြစ်
ဝေးခဲ့ကြပြီ
ကောင်မလေးရေ
လွမ်းနေတုန်းမဟုတ်လား
ကံတရားကိုရင်ဆိုင်
အံတုဖက်ပြိုင်ခဲ့ကြ
ယုံလို့မရတဲ့
ကံတရားက
အကြံသမားလို
ခွဲပစ်ဖို့ချောင်းနေခဲ့
ခွဲပစ်ဖို့စောင့်နေခဲ့
အလွမ်းတရားတွေကို
တသီကြီးစီလို့
သင်္ကြန်ဆို ရင်ကိုမွှေဖို့
ကဝေမရဲ့လက်အစုံနဲ့
နှလုံးသားကိုဆုပ်နယ်ခြေခြင်း
နှစ်စဉ် နှစ်စဉ်ပါပဲ
ခံစားနေလိုက်ရတာ..........
ဘယ်လိုဖြစ်ဖြစ်
ကံကြမ္မာကစေစားရာဖြစ်ခဲ့
တွဲလက်မဖြုတ်တမ်း
အဲဒီလိုယုံစားခဲ့ပေမယ့်
ရင်တွေလဲကွဲ
အလဲလဲအပြိုပြို
မခွဲချင်လည်း
ခွဲရပြီလေ.......
ဘာဆိုဘာမှ
မြဲတာမရှိတဲ့
သင်္ခါရလောကမှာ
ရင်ချင်းအပ်လို့
ဖက်ကာရှိုက်ငို
ထိုညနေကို
ဘဝတစ်ကွေ့ကွေ့လည်း
မမေ့တမ်းပါ
တစ်ကယ်သာဆို
ကိုယ်ပဲဟန်ဆောင်ကာ
မင်းဘဝထဲဝင် ရောခဲ့သလား
"လောကဓံတရား
ရှစ်ပါးပဲလို့"
အောင်ဇေယျတံတားပေါ်မှာ
ပြောဖြစ်ခဲ့တာ
ကိုယ့်ရဲ့မုသားတွေလား
ဝေခွဲမရတဲ့အတူတူ
ကိုယ့်ရင်ကအပူတွေ
သူမသိပါစေနဲ့ဆိုပြီး
ပင့်သက်မောလျ
ချခဲ့တာလဲအကြိမ်ကြိမ်
ခုတော့လည်းလေ
ပျော်ပျော်သာနေ
တစ်ကယ်ကြမ်းတဲ့ခရီးလမ်း
သတ္တိရှိစွာနဲ့
မလျှောက်လှမ်းရဲခဲ့တဲ့
ကိုယ့်အပြစ်သာ
ဖြစ်ပါစေတော့
ရင်ခွင်ကိုပိုင်စား
အနိုင်ရသွားသူရယ်
တစ်ကယ်ဆို
ကိုယ်က ဝင်ကစွပ် တစ်ကောင်ရယ်ပါ...။ ။
Monday, April 11, 2011
၀င်ကစွပ်
Subscribe to:
Posts (Atom)