မေ့လို့မရသေးဘူး
ဟုတ်တယ်.....
ရဲရဲ ရင့်ရင့် ၀န်ခံရယင်
ဘယ်လိုမှမမေ့နိုင်သေးဘူး
ဥပေက္ခာပြုခြင်းခံရသလိုပဲ
အသိစိတ်ထဲက
ဘယ်လိုမှ ထုတ်ပစ်လို့မရခဲ့
ခံစားချက်တွေအတွက်
ခံစားမှုတွေအပြည့်နဲ့
ယုံကြည်မှုမရှိတဲ့
ရင်ခွင်က
ရုတ်တရက်မမေ့နိုင်ခဲ့.....
ဟိုး...တချိန်တည်းက
ဘယ်လောက်ချစ်ရလဲဆိုတာ
မပြောသာလို့
ဆိတ်ဆိတ်နေခဲ့
လော်လီဖောက်ပြား
စကားမှားတွေ
မဟုတ်ပါဘူးကွယ်
ညတိုင်ညတိုင်
သန်းခေါင်ကျော်အောင်
ထိုင်စောင့်နေခဲ့တဲ့
တချိန်က အဖြစ်ပျက်တွေ
အမှတ်တရအတွက်
ဝန်ခံခြင်းတွေ
ဖွင့်ဟခြင်းတွေရဲ့နောက်ကွယ်
တိုးတိတ်စွာနေခဲ့တယ်ဆိုတဲ့
အသိတရား
ခုတော့ခပ်ပါးပါ
မှုန်ဝါးစွာ
ပျောက်ပျက်ပြယ်....
ကိုယ့်ရင်မှာဘာတွေရှိ
ဘယ်သူမြင်ဘယ်သူသိမလဲ
ခပ်မဆိတ်နေခဲ့တဲ့အတိတ်....
ဘာဆို ဘာမှ
မလိုအပ်တဲ့ထိ
ပွင့်လင်းခဲ့ကြတဲ့
ပစ္စက္ခ ချစ်ခဲ့ကြသလား
မောလျစွာနှောင်တွယ်ရစ်
စွဲနစ်သွားစေခဲ့တဲ့အချစ်
အပြစ်ဖြစ်လေမလားကွယ်
ချစ်တယ်လို့ဆိုပြန်ယင်လဲ
ကိုယ်ပဲလွန်ကာကျမယ်
တစ်ရက်တည်း
ခဏပဲဆိုတဲ့
မေ့ကျန်ရစ်တော့မယ့်
အချစ်ရဲ့ဇတ်သိမ်းလား
ဝိုးတ၀ါးပါပဲ.......
ဘာဆင်ခြေမှမလိုပဲ
ချစ်နေချင်သေးတယ်
မမုန်းခိုင်းနဲ့...ကိုယ့်ကို
မမေ့ခိုင်းနဲ့....ကိုယ့်ကို
ဝင်သက်ထွက်သက်မှာ
ပင့်သက်ရှိုက်ယုံမျှ
ချစ်ခွင့်လေးတော့
ရယင်ကျေနပ်
နေတတ်ချင်သည်
ရင်ခွင်ဆီတွင်
ချစ်ရခွင့်ခဏမှာ
တရှိုက်မက်မက်
တမ်းယစ်မူးရီ
ကသီကရီဖြစ်တည်ခဲ့တဲ့
အနမ်းပွင့်သာ
တွယ်တာတမ်းတလွမ်းမိသည်.......
အာသာငမ်းငမ်း
တွယ်မက်ခြင်းလမ်းမှာ
အကျွတ်တရားမရယင်လည်းလေ
စိတ်တွင်းဆန္ဒလိုသမျှကို
ဖြစ်ချင်တယ်ဆို
ဖွင့်ဟမြွက်ကြွား
ဆိုစကားမှန်သမျှ
လိုတရစေ
ဖြည့်စွမ်းနေမယ်
အမြဲပင် တွေးတော
ငေးမောနေချင်သော
သခင့်ရုပ်လွှာ
ရွှေမျက်နှာတော်ဦးသာလျှင်
အာရုံမှာပင်စွဲနစ်ထင်ကျန်
ရှင်သန်နေရစ်တော့မလား
တွေးယင်းချစ်ဆဲ
မျက်ဝန်းထဲမှာ
သခင့်အရိပ်သာ
တိတ်ဆိတ်စိုးမိုး
နေရာယူ............
တွယ်ငြိတပ်မက်ခြင်း
တမ်းတမက်မောခြင်း
ထို နွံ တွင်းမှ
ရုန်းမထွက်နိုင်
စိတ်မခိုင်ပဲ
စွဲလန်းစိတ်သာ
နေရာယူထား
အတွေးများစွာ
အကျွန့်ထံထားရစ်
သခင် မချစ်တော့
နေနှင့်ဦးပေါ့လို့လည်း
မဆိုသာသည်.......
သခင့် အသံ
နားဝင်ချိုမြ
ပိုတမ်းတအောင်
ဖျားယောင်းလေလား
တွေးထင်မှားဆဲ
ကာလရှည်ကြာ
ဝေဒနာလေ
သူသိပေမယ့်
လျစ်လျူ ပြုရက်တယ်
စိတ်မှာထင်
လှောင်ရယ်ချင်သလား
ရင်ခုန်စွာပြောစကားကို
ကြားပြီးပြီဆိုမှ
ရှောင်ဖယ်ခွာ
သခင်ပုန်းတယ်
မုန်းခက်လေအား.......
ရှုံးခက်ပွေစကားတွေ
နားဆင်ပါတော့
ပေါ့ပေါ့တွေးကာ မရယ်ချင်ပဲ
ကျော့ကျော့ငေးကာ ကွယ်ချင်လည်း
သခင့်ရင်တွင်းဖောက်ထွင်းမြင်သည်
မသင့်တော်ဘူးရယ်လို့ထင်နေသလား
ခက်သည်များကွယ်
ချစ်ခြင်းတွေစတေး
တမြေစီဝေးတဲ့အခါ
နွေးထွေးတဲ့ရင်ခွင်
မွှေးလှတဲ့ပါးပြင်
ချိုမြတဲ့အနမ်း
အရာအားလုံးကို
နားလည်စွာဖြင့်
တမ်းတနေခွင့်ပေးသနားပါ
ချစ်သခင်..............
မသင့်တော်လို့
အချစ်လျှော်ချင်တယ်ဆို
ဘယ်ပုံဘယ်နည်းနဲ့
လွမ်းချင်းတွေညည်းလို့
တမ်းတတေးသီကာ
ဘယ်လိုပင်
ချမ်းမြအေးကြည်သာပါစေ
ဆိုစေငြား
ပိုသလားလိုမလား
ထိုထိုစကားကို
ဖွင့်ဟခြွေခဲ့
အနေခက်အောင်
ရွယ်ရည်စိတ်ကူးလို့
ကိုယ်မရူးပါရစေနဲ့တော့.........
သဲသောင်ပြင်မှာ
ထင်တဲ့ခြေရာ
ဒီ လာယင်ပျက်ပေမယ့်
ကိုယ့်အသည်းကခြေရာ
ဘယ်လိုပင်ဖျက်လို့ကွယ်ပျက်ဘူး
စွဲနစ်ဝင်ဆဲ...................
3 comments:
ဥဥရေ..လွမ်းနေလား..
နိုးနိုးချင်းကဗျာလာဖတ်သွားတယ်
အင့်...ကဗျာထဲကအတိုင်းအမျိးသမီးတွေကတကယ်ချစ်တတ်ရဲ့လားဗျာ...
အင်းခံစားချင်သလိုသာခံစားသွားတော့ကိုဘခက်ရေ...........
Post a Comment